Saturday, August 16, 2014

တရုတ် - မြန်မာ စစ်ပွဲများ ( ၁ )


မြန်မာတို့က နယ်စပ် ဒေသများ ပေါ်တွင် ထိရောက်စွာ ပိုင်နိုင်ကြောင်းကို ပြလာသော အခါ တရုတ်တို့နှင့် အရေးအခင်း ပေါ်ပေါက်ရမည်ကား မလွဲမသွေ ဖြစ်တော့သည်။ မြန်မာနိုင်ငံတွင်းသို့ တရုတ်တို့ စစ်ချီတက် တိုက်ခိုက်ရသည့် အကြောင်းများ ဟူ၍ မြန်မာအများ သိကြသော အချက်ကြီး နှစ်ချက်မှာ စင်စစ်အားဖြင့် အရေးကြီးလှသည့် အချက်များ မဟုတ်ချေ။ ပထမ အချက်မှာ ကျိုင်းတုံနယ် အနီးတွင် တရုတ်နှင့် မြန်မာတို့ အချင်း ဖြစ်ပွားရာ၌ တရုတ် တဦး သေဆုံးရသည့် ကိစ္စ ဖြစ်၍၊ ဒုတိယ အချက်မှာ သာမန် ကူးသန်း ရောင်းဝယ်ရေး အတွက် တပိန် မြစ်ကို ဖြတ်၍ တံတားခင်းရန် ပြောဆိုကြရာမှ အစပြုကာ အချင်းပွားသည့် ကိစ္စ ဖြစ်လေသည်။ တရုတ် မြန်မာ စစ်ပွဲ ဖြစ်ရသည့် အကြောင်းရင်း မူမှန်ကား ကုန်းဘောင် အရာရှိများက သိန္နီ၊ ဗန်းမော်နှင့် ကျိုင်းတုံ စော်ဘွားတို့ကို ရာထူးမှ နှုတ်သိမ်းသော အခါ ထိုရှမ်း စော်ဘွား သုံးဦးသည် ယူနန်သို့ ပြေးဝင် ခိုလှုံ၍ ယူနန် ဘုရင်ခံကို တန်ဆိုး လက်ဆောင်များ ပေးကြသည်။ ယူနန် ဘုရင်ခံသည် စော်ဘွား သုံးဦးကို နယ်ပယ်များ ပြန်လည်ရအောင် တိုက်ပေးမည် ဟူ၍ ကတိ ပေးပြီးလျှင် တရုတ် ဧကရာဇ် ချင်းလုံမင်းထံ အထက်တွင် ဖော်ပြပြီးသော အချင်းပွားမှုတို့ကို အကြောင်းပြ၍ မြန်မာတို့သည် နယ်စပ်ရှိ တရုတ် ပိုင်နက် နယ်ပယ်များကို ကျူးလွန်နေကြောင်း လျှောက်တင်သည်။ တရုတ်တို့ မြန်မာ နိုင်ငံသို့ စစ်ချီ လာခြင်းမှာ တရုတ်တို့၏ ဝါဒအရ နယ်စပ်ဒေသများတွင် လှုပ်ရှားမှု ကင်း၍ လုံခြုံ အေးချမ်းမှု ရှိမှသာလျှင် တရုတ် ဧကရာဇ်သည် တရုတ်နိုင်ငံ အလုံးကို ကောင်းစွာ အုပ်ချုပ်နိုင်မည် ဖြစ်သဖြင့် နယ်စပ် ဒေသများကို များစွာ အရေးထား လိုခြင်းကြောင့် ဖြစ်လေသည်။ ထိုအချိန်က တရုတ် ဧကရာဇ်သည်လည်း တန်ခိုးအင်အား ပြည့်ဝလျက် ရှိကာ မိမိတို့ ဝါဒ အတိုင်း ဖြစ်စေရန် ဆောင်ရွက်နိုင်စွမ်း ရှိလေသည်။

တရုတ် မြန်မာ ပဋိပက္ခမှုကို အလျှင်အမြန် ပေါ်ပေါက်စေသည့် ရာဇဝင် နောက်ကြောင်းပြန် အချက်ကား ကွေ့ရှမ်းများ ဖြစ်လေသည်။ အလောင်းဘုရား လက်ထက်တွင် ကွပ်မျက် သုတ်သင်ခြင်း ခံရသော ကွေ့ရှမ်း ဂုဏ္ဏအိမ်၏ သား မယား ဆွေမျိုးတို့သည် တရုတ် မြန်မာ နပ်စပ်တွင် မကြေမချမ်းသော စိတ်ဖြင့် ဆူပူ လှုပ်ရှားလျက် ရှိကြသည်။ နယ်စပ် ဒေသများ၌ ငြိမ်ဝပ် ပိပြားစေရန် တရုတ်တို့ အားထုတ်သော်လည်း အောင်မြင်မှု မရခဲ့ချေ။ ထို့ကြောင့် အင်အား ကြီးမားသော စစ်တပ်ကြီး ပို့၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဟု တရုတ် ဧကရာဇ်က အမိန့် ထုတ်ပြန်လိုက်သည်။ ယူနန် စစ်တပ်ကြီးသည် စစ်ရေး ပြင်ဆင်နေသည့် အချိန်၌ မြန်မာမင်း ဆင်ဖြူရှင် ၁၇၆၅ ခုနှစ်တွင် စစ်ကဲကြီး တိမ်ကြားမင်းခေါင်ကို ကျိုင်းတုံ မြောက်ဘက်ရှိ နယ်များမှ အခွန် ဘဏ္ဍများ ကောက်ခံရန် စေလွှတ်လိုက်သည်။ တိမ်ကြားမင်းခေါင်သည် အမှုတော်ကို ထမ်းရွက်ပြီး၍ အင်းဝသို့ ပြန်သောအခါ ကျိုင်းရုံးကြီးတွင် အရာရှိများကို ခန့်ထား ခဲ့လေသည်။ ထို အရာရှိများကို ထိုနယ်သားများက လုပ်ကြံ လိုက်ပြီးလျှင် တရုတ်ဘက်သို့ အကာအကွယ် ပေးရန် ပြေးဝင် ခိုလှုံလေသည်။ တရုတ်တို့ကလည်း ကျိုင်းတုံကို ၎င်းတို့၏ သြဇာ အာဏာ နာခံစေရန် လိုလား၍ ကျိုင်းတုံကို တိုက်ခိုက်ရန် စစ်ကြောင်း ချီတက်လေသည်။
တရုတ်တို့ကို တိုက်ခိုက် နှင်ထုတ်လိုက်ခြင်း
ကျိုင်းတုံသည် မြန်မာ့ လက်အောက်တွင် ရောက်နေပြီ ဖြစ်သည့် အတွက် အရေးကိစ္စများ ပေါ်ပေါက်လျှင် အဆင်သင့် ဖြစ်စေရန် စီမံထားသော ဆင်ဖြူရှင်သည် အင်အား တောင့်တင်းသော မြန်မာ စစ်တပ်ကို နေမျိုးစည်သူ ကွပ်ကဲ၍ ကျိုင်းတုံသို့ စေလွှတ်လိုက်သည်။ တရုတ်တို့ကို မြန်မာတို့က ကျိုင်းတုံနယ်မှ တိုက်ခိုက် နှင်ထုတ်နိုင်သည် သာမက တရုတ်တို့ နောက်သို့ ခြေရာထပ် လိုက်လံ တိုက်ခိုက်ရာ၊ ပထမ တလော မြစ်ကမ်းပါးသို့ ရောက်သည်။ ထိုနောက်၊ မဲခေါင်မြစ် အရောက်တွင် တရုတ် စစ်မှူး ကျဆုံးလေသည်။ တရုတ်တို့ အဆိုအရ ထိုအချိန်တွင် ယူနန် ဘုရင်ခံသည်။ စိတ်ဓာတ် ပျက်ပြား လာပြီးလျှင် တရုတ် ဧကရာဇ်ကို မည်သို့ တင်လျှောက် ရမည် မသိသောကြောင့် ကြောက်ရွံ့စိတ်ဖြင့် မိမိ အသက်ကို အဆုံး စီရင်လိုက်သည် ဟူ၏။
ဒုတိယ အကြိမ် တရုတ်တို့ ချီတက်ခြင်း
ဤတွင် တရုတ် ဧကရာဇ်သည် ယူနန် ဘုရင်ခံ အသစ် ခန့်အပ်လိုက်သည်။ ထို ယူနန် ဘုရင်ခံသစ်သည်လည်း မြန်မာတို့ကို စစ်ရှုံးခဲ့သဖြင့် တရုတ် သမိုင်းဆရာများက ၎င်းကို "စိတ်နေဘုံဖျားနှင့် အရည်အချင်း ပါမွှားရှိသူ" ဟု ရေးမှတ်ကြသည်။ ဘုရင်ခံသစ်သည် ပွဲဦးထွက်တွင် စစ်ပွဲငယ် ကလေးများ၌ မြန်မာတို့ကို နိုင်လိုက်သည့် အတွက် မြန်မာတို့ကို မန်ချူး လက်အောက်သို့ အပြီးတိုင် သိမ်းသွင်းရန် သဘောပေါက် လာလေသည်။ သို့မှသာလျှင် မြန်မာတို့သည် မန်ချူးတို့ကို နှောင့်ယှက်နိုင်မည် မဟုတ်တော့ဟု အထင်ရောက်လေသည်။ ဘုရင်ခံသစ်သည် တရုတ် ဧကရာဇ်ထံ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ရှမ်းများသည် တရုတ်တို့၏ သြဇာခံရန် လွန်စွာ လိုလားနေကြောင်း ထိုကြောင့် မိမိအား ကျယ်ပြန့်သော အစီအစဉ်များ ပြုရန် အမိန့် ချပေးပါမည့် အကြောင်း လျှောက်ထား လေသည်။ တရုတ် ဧကရာဇ် ချင်းလုံ မြန်မာနိုင်ငံကို အလွယ်တကူ အောင်နိုင်လိမ့်မည်ဟု ယူဆမိသည်။ သို့သော် ယူနန် ဘုရင်ခံကို သတိ ဝိရိယနှင့် စီမံ ဆောင်ရွက်ရန် သတိပေးပြီးလျှင် မြန်မာနိုင်ငံသို့ စစ်ချီတက်ရန် ခွင့်ပြုလိုက်သည်။ ဧကရာဇ် အမိန့် ပြန်တမ်းများတွင် မြန်မာနိုင်ငံကို သိမ်းသွင်းပြီးလျှင် မြန်မာ့ နန်း၌ မိမိတို့ အလိုရှိသည့် နန်းလျာကို တင်ရန် ရည်ရွယ်ချက် ရှိကြောင်း တွေ့မြင်ရလေသည်။

ရှေးယခင်က မြန်မာနှင့် တရုတ်နိုင်ငံ ကူးလူးဆက်ဆံကြရာ၌ ဗန်းမော်ကို ဖြတ်သန်းလေ့ ရှိကြသည်။ ဆင်ဖြူရှင်သည် တရုတ် တပ်ကြီး မရောက်မီလေးတွင် ဗလ မင်းထင် ကွပ်ကဲစေ၍ အင်အား တောင့်တင်းသော မြန်မာ စစ်တပ်ကြီး တတပ်ကို ဗန်းမော် တောင်ဘက်ရှိ မြန်မာ ခံတပ်ဖြစ်သော ကောင်းတုံသို့ စစ်ကူ လွှတ်လိုက်သည်။

ဗန်းမော်မြို့ကို မူကား မြန်မာတို့သည် တင်းကြပ်စွာ ထိန်းသိမ်းခြင်း မပြုသောကြောင့် တရုတ်တို့သည် လွယ်လင့်တကူ ဗန်းမော်ကို သိမ်းပိုက်နိုင်ကြသည်။ မြန်မာ ပြည်မတွင်းသို့ ဝင်ရောက် တိုက်ခိုက်နိုင်ရန်မူ တရုတ်တို့သည် ကောင်းတုံကို သိမ်းပိုက်ရ ပေလိမ့်မည်။ မြန်မာ ဘုရင်လည်း တရုတ်တို့ကို တွေ့ဆုံ တိုက်ခိုက်ရန် ဝန်ကြီး မဟာစည်သူ ကွပ်ကဲသည့် စစ်တပ်ကြီးကို ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှ ချီတက်စေ၍ အခြား စစ်တပ်ကြီး တတပ်ကို ဧရာဝတီ မြစ်ကြောင်းမှ လှေများဖြင့် နေမျိုး စည်သူကို ကွပ်ကဲ၍ ချီတက်စေသည်။ ကောင်းတုံတွင် မြန်မာ စစ်တပ်ကြီးသည် အကြိမ်ကြိမ် ထိုးစစ် ဆင်လာသော တရုတ်တို့ကို စစ်ကူများ ရောက်လာသည့် တိုင်အောင် ခုခံ တိုက်ခိုက်ကြလေသည်။ နေမျိုးစည်သူ၏ စစ်တပ်ကြီးသည် ဦးစွာ ဗန်းမော်ကို ပြန်လည် သိမ်းပိုက်လိုက်သည်။ ဗန်းမော်မြို့တွင် တရုတ်တို့အတွက် စားနပ်ရိက္ခာ အပြည့် သိုလှောင်ထားသော်လည်း နာမကျန်း ဖြစ်နေသော တရုတ် စစ်သည်များနှင့် ရှမ်းတို့သာလျှင် အစောင့်အကြပ် ထားခဲ့သောကြောင့် မြန်မာတို့သည် ဗန်းမော်ကို အလွယ်တကူ ပြန်လည် သိမ်းပိုက် နိုင်ကြလေသည်။

တရုတ်တို့ကို တွန်းလှန်လိုက်ခြင်း
ဗန်းမော်မြို့ကို သိမ်းပိုက်ပြီးနောက် တရုတ် စစ်တပ်ကို နှစ်ဘက်ညှပ်၍ တိုက်ခိုက်ရန် ရက်သတ်မှတ်၍ ကောင်းတုံခံတပ်မှ မြန်မာတို့က ရှေ့မှ ထွက်တိုက်ကာ နေမျိုးစည်သူ တပ်က တရုတ်တို့ကို နောက်ကြောင်းမှ တိုက်ခိုက်ရန် အစီအစဉ် ပြုကြသည်။ တရုတ်တို့က ၎င်းတို့သည် မြန်မာတို့၏ ထောင်ချောက်တွင်းသို့ ကျရောက်၍ သွေးထွက်သံယို များစွာဖြင့် ကျဆုံးကြသည်ဟု မှတ်တမ်းများတွင် ဝန်ခံထားသည်။ တရုတ် စစ်မှူး ချိုဟန်ပိုင်သည့် ကင်းကျန်သော စားနပ် ရိက္ခာများကို ဖျက်ဆီးပြီးလျှင် တပ်ပြန်ဆုတ် လေသည်။ ထိုအချိန်တွင် ဧရာဝတီ အနောက်ဘက် ကမ်းခြေမှ ချီတက် လာသော မြန်မာ တပ်ကြီးသည် ဧရာဝတီမြစ်ကို ဝိုင်းမော်တွင် ဖြတ်ပြီးနောက် ဆီမာ မြောက်ဘက် ယောယင် တောင်တန်းများ အနီးတွင် စခန်းချ နေသော တရုတ် စစ်တပ်ကို အောင်နိုင် ကြလေသည်။ မြန်မာတို့သည် တရုတ် စစ်တပ်ကို ဖိနင်း တိုက်ခိုက်ရင်း နေမျိုးစည်သူ၏ တပ်နှင့် ပူးပေါင်းပြီးလျှင် ဆက်လက်၍ စန္ဒားတိုင်အောင် ချီတက်ကြသည်။ ထိုနေရာတွင် မဟာသီဟ သူရ၏ စစ်တပ်ကြီးနှင့် ပူးပေါင်း မိကြပြန်သည်။ နယ်စပ်ရှိ တရုတ်တို့၏ ခံတပ်များကို မြန်မာ စစ်တပ်ကြီးသည် သိမ်းပိုက်ပြီးလျှင် ရှမ်း တရုတ်နယ် ရှစ်နယ်ကိုလည်း ရရှိကြသည်။ ယန်ချန်နှင့် တိန်ရွှေ တိုင်အောင် လမ်းတလျှောက်မှ ရွာများကို ဖျက်ဆီးကြသည်။ တရုတ် မှတ်တမ်းတွင် ယူနန် ဘုရင်ခံသည် ထိုအချိန်၌ ကြောက်ရွံ့ တုန်လှုပ်ခြင်းကြောင့် နာမကျန်း ဖြစ်တော့သည်ဟု ဆိုသည်။ တရုတ် ဧကရာဇ် ချင်းလုံသည် သမားတော် တဦးကို စေလွှတ်၍ ဟန်ဆောင်ခြင်း ဟုတ် မဟုတ် နှင့် အခြေအနေ အရပ်ရပ် အားလုံးကို လျှို့ဝှက် အစီရင်ခံစာ တင်ရန် စေလွှတ်လိုက်သည်။ ယူနန် ဘုရင်ခံသည် ကြောက်ရွံ့ လှသောကြောင့် လိမ်လည် လှည့်ဖျား၍ ဧကရာဇ်ထံ အစီရင်ခံသည်။ ဗန်းမော်တွင် မြန်မာစစ်သည် တသောင်း ကျဆုံးသောကြောင့် နေမျိုးစည်သူ ကိုယ်တိုင် လာရောက်၍ အညံ့ခံပါမည်ဟု စကား ကမ်းလှမ်းလာကြောင်း ဗန်းမော် မြို့သူ မြို့သားတို့သည် တရုတ်တို့ ထုံးစံကို လိုက်၍ ကျစ်ဆံမြီးများပင် ထားကြပြီ ဖြစ်ကြောင်း၊ သို့သော် မြန်မာတို့နှင့် စစ်ပြေငြိမ်း၍ ဗန်းမော်ကို အပ်နှင်းပြီးလျှင် ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများကို အစီအစဉ် ပြုရန်သင့်ကြောင်း မဟုတ်မမှန် ရေးသား စီရင်ခံလိုက်သည်။ သို့ရာတွင် အစီရင် ခံစာကို ဖတ်ပြီးသည်နှင့် တပြိုင်နက်တည်း ဧကရာဇ်သည် အဖြစ်မှန်ကို သိမြင်လေသည်။ အကယ်၍ မြန်မာတို့သာ နေရာတကာတွင် စစ်ရေး ရှုံးနိမ့်သည် မှန်လျှင် တရုတ် မြန်မာ စစ်ပွဲသည် တရုတ် နိုင်ငံတွင်း၌ ပေါ်ပေါက်ရန် အကြောင်း မရှိသည်ကို သဘောပေါက် သဖြင့် ယူနန် ဘုရင်ခံကို ပီကင်းသို့ လာရန် ဆင့်ခေါ်လိုက်သည်။ ပီကင်းရောက်သော အခါ ယူနန် ဘုရင်ခံကို မိမိကိုယ် မိမိ အဆုံးစီရင် စေလေသည်။
တတိယအကြိမ် တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက် တိုက်ခိုက်ခြင်း
ယူနန် ဘုရင်ခံ ရာထူးကို ထူးချွန်သော မန်ချူး စစ်ဗိုလ်ကြီး တဦး ဟူ၍ အသိအမှတ် ပြုခံရသော၊ မင်းယွီအား ခန့်အပ်၍ စစ်သည် ၂၇,၀၀၀ ပါဝင်သော တရုတ် စစ်တပ်ကြီးကို အုပ်ချုပ်စေသည်။ စစ်တပ် တဝက်မှာ ဗန်းမော်နှင့် ကောင်းတုံသို့ ချီတက်ပြီးလျှင် အင်းဝတွင် မင်းယွီ၏ တပ်နှင့် ပူးပေါင်းရန် ဖြစ်သည်။ မင်းယွီ ကိုယ်တိုင်မူ အခြား စစ်တပ် တဝက်ကို အုပ်ချုပ်၍ နန်းခမ်း နယ်စပ် တဘက်ရှိ ဝမ်တန်မှ ရှစ်ရက် အတွင်း သိန္နီအရောက် ချီတက်လေသည်။

သိန္နီရှိ မြန်မာ အရာရှိများ ထွက်ပြေး တိမ်းရှောင် ကြသောအခါ တရုတ်တို့ထံ၌ ခိုလှုံသော စော်ဘွား ငအောင်ထွန်းကို တရုတ်တို့က သိန္နီ စော်ဘွား ခန့်အပ်သည်။ ထိုနောက် ထိုးစစ်ဆင်ရန် ချီတက်သွားသော မင်းယွီ နှင့် စစ်သည် ၁၂,၀၀၀ အတွက် ရိက္ခာထောက် တပ်ကို စောင့်ရှောက် ကာကွယ်ရန် ထိပ်တန်း အရာရှိ တာဆင်ဂါးကို တရုတ် စစ်သည် ၅,၀၀၀ နှင့် ထားခဲ့လေသည်။ မင်းကြီး မဟာစည်သူ ကွပ်ကဲသော မြန်မာ တပ်ကြီးသည် တရုတ်တို့ စစ်ဦးကို ဆီးကြို တိုက်ခိုက်ရန် အင်းဝ နေပြည်တော်မှ ထွက်ခဲ့လေသည်။ မင်းကြီး မဟာ သီဟသူရ ကွပ်ကဲသော စစ်တပ်ကြီးသည် ရွှေစာရံမှ မြစ်ငယ်မြစ်ကို ဆန်တက်ပြီးလျှင် တရုတ်တပ်ကို သိန္နီနှင့် အဆက်ဖြတ်ရန် ကြိုးစားလေသည်။ သိန္နီမှ စေလွှတ်သော တရုတ် ရိက္ခာထောက် တပ်ကို ဖြတ်တောက်ပြီးလျှင် တရုတ်တို့ကို နောက်ကြောင်းမှ ဝင်၍ တိုက်ခိုက်ရန် စီစဉ်ထားသည်။ နေမျိုးစည်သူ ကွပ်ကဲသော တတိယ မြန်မာ့ စစ်ကြောင်းသည် တရုတ် စစ်မှူး အာတင်ဂျီး ကွပ်ကဲသော တပ်ကို ဆီး၍ တိုက်ခိုက်ရန် ချီတက်လေသည်။

ဂုတ်ထိပ် အရပ်တွင် မဟာစည်သူ၏ တပ်နှင့် မင်းယွီ၏ တပ်တို့ တွေ့ဆုံ၍ တိုက်ပွဲတွင် မြန်မာတို့ မရှုမလှ အရေး ရှုံးနိမ့်ကြသည်။ တိုက်ပွဲမှ တိမ်းရှောင် နိုင်သူတို့သည် ထူထပ်လှသော ကိုင်းတောကြီးများ အတွင်းသို့ ခိုလှုံကြပြီးလျှင် နေပြည်တော်သို့ သတင်း ပေးပို့ကြသည်။ ဤအဖြစ်ကို ဆင်ဖြူရှင်သည် တည်ငြိမ် ရင့်ကျက်စွာ ရင်ဆိုင်သည်ကို တွေ့ရသည်။ နိုင်ငံအလုံး၏ ကံကြမ္မာသည် ဆင်ဖြူရှင်၏ ပြုမူချက်ပေါ်တွင် တည်နေသည်။ ဘုရင်သည် ခေါင်ချုပ် ဖြစ်လေရာ တချက်တိမ်းလျှင် တနိုင်ငံလုံး တုန်လှုပ် ခြောက်ခြား၍ အစည်းပြေလျှက် တရုတ် လက်အောက်ခံ နိုင်ငံအဖြစ်သို့ လွယ်လင့်တကူ ကျရောက် သွားနိုင်ဖွယ် အကြောင်း ရှိသည်။ သို့သော် ဆင်ဖြူရှင်သည် ကြံ့ခိုင်သော စိတ်ဓာတ်ဖြင့် စစ်တပ်များကို ပြန်လည် စုစည်းခဲ့သည်။ မင်းယွီသည်လည်း အခက်အခဲများကို ရင်ဆိုင်နေရဆဲ ဖြစ်ကာ အခြား တရုတ် စစ်တပ်များထံမှ အထောက်အပံ့ မရခဲ့သဖြင့် မြန်မာနိုင်ငံသည် တရုတ်တို့ သိမ်းပိုက်ခံရသည့် ဘဝမှ လွတ်ကင်းခဲ့လေသည်။ မြန်မာနိုင်ငံတွင် ဘုရင် အုပ်ချုပ်ရေး စနစ်သည် ချို့ငဲ့ချက် များစွာ ရှိလေသည်။ သို့သော် စိတ်ထား ကြံ့ခိုင် ပြတ်သားသော ဘုရင်မျိုးသည် သေရေး ရှင်ရေးကို ဖန်တီးနိုင်သည့် အရေးတကြီး ကာလ၌ စိုးစံခြင်း ရှိလျှင် နိုင်ငံ၏ ကံကြမ္မာကို ကယ်တင်နိုင်လေသည်။ ဆင်ဖြူရှင်သည်လည်း ကြံ့ခိုင်သော နှလုံးရည်ဖြင့် တရုတ်တပ်ကြီး နီးကပ်လာခြင်းကို ကြောက်ရွံ့ တုန်လှုပ်သည့် အမူအရာ တစိုးတစိမျှ မပြခဲ့ချေ။ ဤအချက်သည်ပင် မင်းယွီ၏ တရုတ် စစ်တပ်ကြီး အင်းဝ နေပြည်တော် အနီးသို့ ချဉ်းကပ်ခြင်း မပြုနိုင်ရန် ဖန်တီးသကဲ့သို့ ဖြစ်လေသည်။ မြန်မာ စစ်တပ်များသည် ပြန်လည်၍ အင်အား ဖြည့်ပြီးလျှင် တရုတ်တို့ကို တိုက်ခိုက်ရန် ပြင်ဆင်ကြသည်။ မဟာသီဟ သူရနှင့် တိမ်ကြားမင်းခေါင်တို့ ကွပ်ကဲသော မြန်မာ တပ်ကြီးသည် တရုတ်စစ်တပ် အချင်းချင်း မဆက်မိအောင် အဆက်အသွယ် ဖြတ်ပြီးလျှင် ရိက္ခာထောက် တပ်များကိုလည်း ဟန့်တား ဖြတ်တောက်ထားကြသည်။

မင်းယွီ၏ စစ်တပ်ကြီးသည် ရှေ့သို့ တိုး၍သာ ချီတက်လျက် ရှိသဖြင့် ရိက္ခာများ အရေးတကြီး လို၍ နေလေသည်။ သို့ရာတွင် မင်းယွီ၏ တပ်ကို ရိက္ခာများ အရောက်ပို့ရန် အပြင်း ချီတက် ထိုးဖောက်လာသော တရုတ် ရိက္ခာထောက် တပ်များသည် မြန်မာတို့၏ ဖိနှိပ်မှုကို မခံရပ်နိုင်ဘဲ သီပေါသို့ ဆုတ်၍ ထိုမှ တဆင့် လားရှိုးသို့၊ ထိုမှ တဆင့် သိန္နီ တိုင်အောင် ဆုတ်ခွာ ကြလေသည်။ ထိုအချိန်တွင် အခြားစစ်မှူး၊ စစ်ကဲတို့က နေပြည်တော်သို့ ပြန်လည် ချီတက်ပြီးလျှင် အကာအကွယ် ပေးလိုကြသည်။ သို့သော် မင်းကြီး မဟာသီဟ သူရက နောက်ထပ် တရုတ် စစ်ကူနှင့် ရိက္ခာတပ် မရောက်ရန်သာလျှင် အဓိက အရေးထားရမည်ဟု မိန့်ဆို၍ နေပြည်တော်သို့ ပြန်လည် တပ်ခေါက်ရန် အစီအစဉ်ကို တားမြစ် လိုက်သည်။ မဟာ သီဟသူရ၏ ဆုံးဖြတ်ချက် အတိုင်း ဆောင်ရွက်ရန် နေမျိုးစည်သူသည် ကောင်းတုံ၌ အခြေအနေ အေးချမ်းပြီ ဖြစ်သဖြင့် မဟာသီဟ သူရ စစ်တပ်ကြီးနှင့် လာရောက် ပူးပေါင်းလေသည်။ မြန်မာတပ် နှစ်တပ် ပေါင်း၍ သိန္နီကို အပြင်းတိုက်သော အခါ တရုတ် စစ်မှူးကြီး တာဆင်ဂါးသည် စိုးရိမ် ထိတ်လန့်မှု ပြင်းပြသဖြင့် မိမိလည်မျိုကို ဓားဖြင့် လှီး၍ အဆုံး စီရင်လိုက်လေသည်။

ဤတွင် မြန်မာတို့အဖို့ တရန် အေးကာ မင်းယွီဘက်သို့ ဦးလှည့် နိုင်လေတော့သည်။ ထိုအချိန်၌ မင်းယွီသည် အင်းဝ နေပြည်တော်ကို မိမိ တဦးတည်းနှင့် တိုက်ခိုက်နိုင်မည် မဟုတ်ဟု ယူဆပြီးလျှင် အင်းဝမြို့တော်သို့ ချီတက်ခြင်း မပြုတော့ဘဲ စစ်တပ်ကြီးကို ဆုတ်ခွာ ခဲ့လေသည်။ မင်းယွီသည် မိမိ၏ ရိက္ခာထောက် တပ်များကို ဖြတ်တောက်ခဲ့သော မြန်မာ တပ်ကြီးသည် မိမိ စစ်နောက်ကြောင်းဘက်တွင် ရောက်နေကြောင်း သိသဖြင့် လာလမ်း အတိုင်း လှည့်၍ မပြန်ဘဲ မြောက်ဘက် တူရူသို့ ဆုတ်ခွာခဲ့သည်။ ဤ လမ်းကို ရွေးချယ်ခြင်းမှာ စားနပ်ရိက္ခာ ရလို ရငြား သဘောဖြင့် လည်းကောင်း၊ မြောက်ဘက်မှ ချီလာမည့် တရုတ် စစ်တပ်ကြီးနှင့် ဆက်မိစေရန် သဘောဖြင့် လည်းကောင်း၊ ရွေးချယ်ခြင်း ဖြစ်နိုင်လေသည်။ သို့ရာတွင် မင်းယွီသည် မြန်မာ စစ်တပ်ပေါင်း များစွာကို ရင်ဆိုင် တွေ့ရလေတော့သည်။ မဟာ စည်သူသည် မိမိ၏ စစ်တပ်ကြီးကို ပြန်လည် စုရုံးပြီးလျှင် မဟာသီဟသူရ တပ်များနှင့် ပေါင်းပြီးနောက် တောင်တန်းများကို ကျော်ဖြတ်ကာ မင်းယွီ၏ တပ်ကို အမှီ လိုက်လေသည်။ မင်းယွီ၏ တပ်ကြီးကို မောင်းလန်မှ မင်းယုသို့ အလှည့်တွင် ဝိုင်းမိလေသည်။

[
တရုတ်တို့ အရေးနိမ့် ပြန်ခြင်း
မြန်မာတို့သည် တရုတ်တပ်ကြီးကို ထွက်ပေါက် မရှိအောင် ကြပ်တီးစွာ ပိတ်ဆို့ ဝန်းဝိုင်းထားကြရာ မြန်မာနိုင်ငံမှ တရုတ် စစ်တပ်ကြီးသည် ပြန်လည် ဆုတ်ခွာရန် တရုတ် ဧကရာဇ်၏ မိန့်ကြားချက်ကိုပင် မင်းယွီထံပေးရန် တရုတ် တမန်တို့သည် မစွမ်းနိုင် ဖြစ်ကြလေသည်။ မင်းယွီသည် ၎င်း၏ စစ်သည်များကို အစွမ်းကုန် ကြိုးစား၍ မြန်မာ တပ်အား ထိုးဖောက်ရန် အမိန့်ပေးပြီးလျှင် ၎င်းကိုယ်တိုင်မှ စိတ်ပျက် အားလျော့သဖြင့် ကျစ်ဆံမြီးကို ဖြတ်၍ ချင်းလုံမင်း၏ သစ္စာ ခိုင်မြဲကြောင်း အထိမ်းအမှတ် အဖြစ် ပေးပို့စေပြီးလျှင် ကြိုးဆွဲချ၍ အဆုံးစီရင် လိုက်လေသည်။ မြန်မာ့ တပ်မတော်လည်း တရုတ်တို့ ဆုတ်ခွာသည်ကို မြင်လေသော် အရှင့်တာဝန် ကျေ့ပန်ပြီဟု ဆိုကာ ဖမ်းဆီးရမိသော သုံ့ပန်းများ၊ လက်နက်များနှင့်အတူ နေပြည်တော်သို့ ပြန်လည် ချီတက်ကြရာ ၁၇၈၆ ခုနှစ်၊ မတ်လတွင် အင်းဝသို့ ဆိုက်ရောက်ကြသည်ဟု မြန်မာတို့၏ အမှတ်အသားတွင် တွေ့ရလေသည်။

တရုတ် ဧကရာဇ် ချင်းလုံသည် တရုတ်တို့ အရေးနိမ့်ရသည့် အဖြစ်ကို လွန်စွာ မျက်မာန် ရှတော်မူသည်။ မြောက်ကြောင်းချီ စစ်မှူး၏ လစ်ဟင်းမှုကြောင့် ဖြစ်သည်ဟု အပြစ်ပုံချ လေတော့သည်။ ကောင်းတုံကို သိမ်းပိုက်ခြင်း မပြုနိုင်သည့် အကြောင်းရင်းနှင့် တောင်ကြောင်းချီ စစ်တပ်ကြီးကို မကူ မထောက်နိုင်သည့် အကြောင်းရင်းတို့ကို ရှင်းလင်း လျှောက်တင် ကြသော်လည်း ယုတ္တိ မတန်ဟု ယူဆ၍ တရုတ် စစ်မှူးကို သံကြိုးဖြင့် တဲကာ ပီးကင်းသို့ ခေါ်ဆောင်လာစေသည်။ ပီကင်းတွင် တရုတ် စစ်မှူးနှင့်တကွ ၎င်း၏ မိသားစုကို ပြစ်ဒဏ် ကြီးစွာ ခတ်လေသည်။ မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရာတွင် ထိုးစစ်ဖြစ်သဖြင့် မြန်မာနှင့် တရုတ် အင်အားကို အခြေအနေ တမျိုး ပြောင်းလဲစေသည်ဟူသော ယူဆချက်ကို ချင်းလုံမင်းသည် လက်မခံဘဲ၊ နောက်တကြိမ် မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရန် ကြိုးစားပြန်သည်။
=================
အပိုင်း (၂ ) သို့ ဆက်ရန် .....

copy from sites google com
 
Credit to > APRIL MAUNGMAUNG

No comments:

Post a Comment