ကျွန်တော်နှင့် ကျွန်တော့်ဆရာများ
ကျွန်တော်
ကိုရာဇာတို့ A.E ဘ၀ ချင်းပြည်နယ် လမ်းအထူး (၁၁) တွင်
တာဝန်ထမ်းဆောင်စဉ်ကပေါ့ဗျာ။ ပြည်နယ်အင်ဂျင်နီယာမှူးကြီးက
(ဦးစောစိန်ထွန်းအောင်) ပါ။ သူ့ရဲ့ရုံးကားလေးပေါ်မှာ ကျွန်တော်က
လိုက်ရပါတယ်။ သူနဲ့အတူ ကလေး-ဖလမ်း-ဟားခါး လမ်းတစ်လျှောက် လိုက်ရတာပေါ့ဗျာ။
လမ်းမှာတွေ့တဲ့ ကွေ့အတွင်းက သစ်ပင်တွေကို Pavement ထက် မမြင့်ဖို့ သူက
မှာပါတယ်။ Pavement ထက်မြင့်ရင် Horizontal Sight Distance
နည်းသွားတဲ့အတွက် မကောင်းကြောင်းရှင်းပြပါတယ်။ လမ်းကွေ့အတွင်းမှာ
မြေကာနံရံတွေ တည်ဆောက်ရင်လည်း မြေကာနံရံ Only မတည်ဆောက်ပဲ Culvert
များနှင့်တွဲ၍ တည်ဆောက်သင့်ကြောင်း သင်ကြားပါတယ်ဗျာ။ Side Drain
လေးတွေကိုတူးရင် တစ်ဆစ်ချိုးကွေ့တွေကို ရောက်တဲ့အခါ ကွေ့နဲ့အပြိုင်မယူပဲ
အနီးဆုံးချောက်ဖက်ကိုဖောက်ချဖို့လည်း
သင်ကြားပါတယ်ဗျာ။ Swamp Area တွေမှာရှိတဲ့ Side Drain တွေကို Pucca Drain
လေးတွေတည်ဆောက်ပြီး အနီးဆုံး Culvert တွေမှာထုတ်ဖို့ သင်ကြားပါတယ်ဗျာ။
ကျွန်တော် A.E ဘ၀က တကောင်း-ကသာလမ်းမှာ တာဝန်ထမ်းဆောင်စဉ်ကပေါ့ဗျာ။ အဲ့ဒီလမ်းရဲ့တာဝန်ခံအင်ဂျင်နီယာမှူးက
E.E (ဦးအေးနိုင်ထွန်း) ပေါ့ဗျာ။ သူကတော့ တစ်မျိုးဗျ။ ကျွန်တော့် Area
ထဲကိုဝင်လာတာနဲ့ စာရွက်ကလေးတစ်ရွက်ပေါ်မှာ ကိုရာဇာလို့ခေါင်းစဉ်တပ်ပြီး
မိုင်တိုင်ဘယ်လောက်မှာရှိတဲ့ Culvert ရဲ့ရေဖမ်းကျင်းပိတ်နေတယ် ၊
မိုင်တယ်ဘယ်လောက်မှာရှိတဲ့ လမ်းချိုင့်ကကြီးလာပြီ
လိုအပ်တဲ့ကျောက်ကိုတွက်ချက်ပြီး
A.E ဦးမင်းဇံတို့ထံကို လှမ်းတောင်းဖို့ ၊ မိုင်တိုင်ဘယ်လောက်မှာရှိတဲ့
လမ်းဘေးမှာရှိတဲ့ ကျွဲလူးအိုင်ကိုမြေဖို့ပါ စသည်ဖြင့်
ကျွန်တော့်ကိုမှာကြားစရာရှိတာလေးတွေကို စာရွက်ကလေးနဲ့ရေးပြီး ကျွန်တော်နဲ့တွေ့တဲ့အခါကျရင် ရှင်းပြတယ် ၊ သင်ပြတယ် ၊ မှာကြားတယ်ပေါ့ဗျာ။
ကျွန်တော် A.E ဘ၀က လမ်းအထူး (၁၃) မှာ တာဝန်ကျစဉ်ကပေါ့ဗျာ။ လမ်းအထူး (၁၃)
ရဲ့ တာဝန်ခံအင်ဂျင်နီယာက D.S.E ဦးဝင်းဖေပေါ့ဗျာ။ အခုတော့ သူက D.M.D (P)
ပေါ့ဗျာ။ ကျွန်တော်က ရုံးကားရဲ့အရှေ့မှာ ယာဉ်မောင်းနဲ့အတူထိုင်ရပါတယ်။ သူက
နောက်ခန်းကထိုင်တယ်။ ပြီးရင် လမ်းတစ်လျှောက်မှာရှိတဲ့ ယာယီရေကျော်မှာ
ကျောက်နည်းပြီးတော့ ရေဖြတ်နေပြီ ကျောက်ထပ်ဖြည့်ဖို့ ၊
ယာယီရေကျော်ရဲ့အကျယ်ကို ထပ်တိုးဖို့ သင်ကြားပါတယ်။ ချောင်းကြီးတွေထဲကို
တစ်ကြောင်းထိုးလမ်းက ရင်ခွဲဆင်းသွားတဲ့နေရာတွေမှာ Grade တွေထပ်ချဖို့
သင်ကြားပါတယ်။ ဒို့တွေရဲ့ကားတွေမတက်နိုင်ရင် လိုက်စစ်တဲ့လူကြီးရဲ့ကား
မတက်နိုင်ပဲဖြစ်မယ် ၊ အုပ်ချုပ်မှုယာဉ်တွေနဲ့
ဆီသယ်ယာဉ်တွေမတက်နိုင်ပဲဖြစ်မယ်
Grade တွေချဖို့ သင်ကြားပါတယ်ဗျာ။ တစ်ကြောင်းထိုးလမ်းဆိုတာ လူကြီးက
လိုက်စစ်ပြီး အတည်ပြုပြီးမှ လုပ်ငန်းပြီးဆုံးမှာဖြစ်လို့ တန်ဘိုးနည်းဝန်ပါ
ဆောင်ရွက်ဖို့သင်ကြားပါတယ်ဗျာ။ တခြား A.E တွေရဲ့လမ်းကိုသွားစစ်ရင် သူက
နှုတ်တိုက်ချပေးတယ် ၊ ကျွန်တော်က RT စက်နဲ့ ပေါက်(ပြော) ပေးရတာပေါ့ဗျာ။
ဘယ်နေရာတွေမှာ Guard Post တွေစိုက်ဖို့ ၊ ဘယ်နေရာတွေမှာ
ယာယီရေမြောင်းတူးဖို့ ၊ ဘယ်နေရာတွေမှာ ယာယီသစ်သားတံတားငယ်တွေထိုးဖို့ ၊
ဘယ်နေရာတွေမှာ Overlay တင်ဖို့ ၊ ဘယ်နေရာတွေမှာ Levelling & Seal
လောင်းဖို့ အနီးကပ် သင်ကြားပေးတယ်ဗျ။ တချို့နေရာတွေမှာဆိုရင်
ရာဇာမင်းသာဆိုရင် ဘယ်လိုညောင်(ညွှန်ကြား)မှာလဲ? ။ ငါကတော့ ဒီလို ညောင်မယ်။
စသည်ဖြင့် အသေးစိတ်သင်ကြားပေးတယ်ဗျ။
အခု ကိုရာဇာတို့ D.S.E ဖြစ်လာတဲ့ အချိန်မှာတော့ ပြည်ထောင်စုဝန်ကြီးလမ်းကြောင်းတစ်လျှောက်မှာ
ကိုယ်စီကိုယ်စီ RT စက်ငယ်လေးတွေ ကိုင်ထားရတာပေါ့ဗျာ။
လမ်းကြောင်းတစ်လျှောက်မှာကလည်း Telephone တွေက နေရာတိုင်းမမိနိုင်သေးဘူးလေ။
ဒါကြောင့် ပြည်ထောင်စုဝန်ကြီးဆရာဦးကျော်လွင်က
သူ့ဘေးမှာပါလာတဲ့ ဦးဝင်းဖေ D.M.D (P) ဖြစ်စေ ၊ ဦးဟန်စိုး D.M.D (W)
ကိုဖြစ်စေ ၊ ဦးအုန်းလွင် D.E (လမ်း) ကိုဖြစ်စေ
နှုတ်ဖြင့်တိုက်ရိုက်ညွှန်ကြားပြီး
D.M.D တွေက RT စက်နဲ့ ကျွန်တော်တို့ကို လှမ်းပေါက်(ပြော) တာပေါ့ဗျာ။
ကိုရာဇာရေ Concrete Mixer တွေပြီးရင် သိမ်းတော့ ၊ ဘယ်ကွေ့အတွင်းက
ခြုံတွေခုတ်လိုက်ဦး ၊ ဘယ်နေရာတွေမှာ Pucca Drain တွေထည့်ဖို့ကျန်သေးတယ် ၊
မိုင်တိုင်ဘယ်လောက်မှာ လမ်းဘေးရေ၀ပ်တဲ့နေရာတွေကို Grader နဲ့
ချက်ခြင်းဖောက် စသည်ဖြင့် လမ်းတစ်လျှောက်မှာရှိတဲ့ လိုအပ်ချက်များကို
အချိန်နှင့်တပြေးညီ သင်ကြားပြသကြပါတယ်ဗျာ။ ကျွန်တော်တို့တစ်တွေကလည်း
ကိုယ့်ရဲ့ဆရာကြီးတွေ သင်ကြားပြသခဲ့တာတွေကို ချက်ခြင်းအကောင်အထည်ဖော်ကြပါတယ်ဗျာ။
နောက်ထပ် တွေ့လာတဲ့အခက်အခဲတွေကိုလည်း အမြန်ဆုံးဖြေရှင်းကြပါတယ်။
ကိုယ်မသိသေးတာတွေကိုလည်း လူအားဖြင့်ဖြစ်စေ ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ
ဆက်သွယ်မေးမြန်းတင်ပြပြီး အောက်ခြေမှာပြန်လည်ဆောင်ရွက်ကြတာပေါ့ဗျာ။ ဒီလိုနဲ့ အလုပ်အကြွေးတွေနည်းပါးအောင်ဆောင်ရွက်ရင်း ၊ လုပ်ငန်းခွင်မှာအမှားကင်းစင်အောင် ဆောင်ရွက်ရင်း ပိုမိုကောင်းမွန်တဲ့ လမ်း/တံတားများ ဖြစ်လာအောင် သင်ယူခဲ့ကြရပါတယ်ဗျာ။
တကယ်တော့ ကျွန်တော့်ဘ၀မှာ ကြားဆရာ ၊ သင်ဆရာ ၊ မြင်ဆရာ အားလုံးဟာ
ကျွန်တော့်ရဲ့ဆရာတွေပါပဲ။ ကျွန်တော့်ဘ၀မှာ ကြုံခဲ့ရတဲ့ ကျွန်တော့်ရဲ့
အထက်အရာရှိ ဆရာတွေဟာ များပြားလွန်းလှတဲ့အတွက် အသေးစိတ်မဖော်ပြဖြစ်ခဲ့ပေမဲ့
ဒီနေရာကနေပဲ ရိုသေဂါရ၀ပြုလိုက်ပါတယ်ဗျာ. . .။
Facebook Friend တို့အနေနဲ့လည်း ကျွန်တော်တို့သင်ယူခဲ့ရသမျှလေးတွေကို
သိရှိနိုင်ဖို့ရန် ၊ ကျွန်တော်တို့သင်ယူခဲ့ရတဲ့ နည်းလမ်းလေးတွေကို
သိရှိနိုင်စေရန် ကျွန်တော်နှင့် ကျွန်တော့်ဆရာများအကြောင်းကို
မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (18/8/2014)
Credit to > U Shwe Zin
No comments:
Post a Comment