Tuesday, September 29, 2015

“ အင်ဂျင်ဝိုင်အကြောင်း သိကောင်းစရာ ” အပိုင်း(၁)


အင်ဂျင်ဝိုင်ကိုရွေးချယ်ရာတွင် အင်ဂျင်ထုတ်လုပ်သူများမှသတ်မှတ်ထားသော engine performance requirement များ၊ အင်ဂျင်၏အသုံးပြုမည့် application များနှင့် ရရှိနိုင်သောအသုံးပြုမည့် ဆီ(ဒီဇယ်၊ ဓာတ်ဆီ)၏ အရည်အသွေး စသည်တို့ပေါ်တွင်မူတည်၍ ရွေးချယ်လေ့ရှိသည်။
Viscosity သည် အင်ဂျင်ဝိုင်၏ အရေးအကြီးဆုံး အရည်အသွေးတစ်ခုဖြစ်သည်။ မည်သည့်အပူချိန်တွင်မဆို ရွေ့လျားနေသော အစိတ်အပိုင်းများကြားတွင် လုံလောက်သောအင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းမှုရှိနေရန် မှန်ကန်သောစေးပျစ်မှု ရှိရန် အရေးကြီးသည်။ အင်ဂျင်ဝိုင်အရမ်းကျဲပါက လုံလောက်သော sealing effect မရရှိနိုင်ပေ။ အင်ဂျင်ဝိုင် အရမ်းပျစ်ပါကလည်း အေးသောအပူချိန်တွင် အင်ဂျင်ဝိုင်စီးဆင်းမှု နှေးကွေးစေပြီး လုံလောက်သော lubrication ကိုမရနိုင်ပေ။
Viscosity ၏ သဘောသဘာဝမှာ အပူချိန်မြင့်လာပါက ကျဲသွားပြီး၊ အပူချိန်ကျလာပါက စေးပျစ်သွားလေ့ရှိသည်။ အင်ဂျင်တစ်လုံး၏ မောင်းနှင်ရာတွင်ဖြစ်နိုင်ခြေရှိသော အနိမ့်ဆုံးအပူချိန်နှင့် အမြင့်ဆုံးအပူချိန်နှစ်မျိုးလုံးအတွက်ခံနိုင်သော viscosity ကိုရွေးချယ်ရန် လိုအပ်သည်။
SAE (Society of Automotive Engineers) အဖွဲ့အစည်းမှ SAE J300 oil classification system အရ viscosity အပေါ်မူတည်၍ အင်ဂျင်ဝိုင်၏ အတန်းအစားများကို ခွဲခြားထားသည်။ ဥပမာ SAE 10WS ၊ AE 30 ၊ SAE 15W40 Single non-winter grade oil များသတ်မှတ်ရာတွင် Kinematic viscosity ကို အပူချိန် ၁ဝဝ ဒီဂရီစင်တီဂရိတ် ၂၁၂ ဒီဂရီဖာရင်ဟိုက်တွင်တိုင်းတာ၍ သတ်မှတ်သည်။ Single non-winter grade oil များမှာ SAE 20 ၊ SAE 30 ၊ SAE 40 ၊ SAE 50 နှင့် SAE 60 တို့ဖြစ်သည်။
Single winter grade oil များသတ်မှတ်ရာတွင် Dynamic viscosity ကို အပူချိန် ၁၈ ဒီဂရီစင်တီဂရိတ် (သုညဒီဂရီဖာရင်ဟိုက်) တွင်တိုင်းတာပြီး winter oil အဖြစ်သတ်မှတ်၍ W ကိုထည့်သုံးသည်။ Winter oil များမှာ SAE 0W ၊ SAE 5W ၊ SAE 10W ၊ SAE 15W ၊ SAE 20W နှင့် SAE 25W တို့ဖြစ်သည်။ Multi-grade oil များကိုမူ အထက်ပါ Single non-winter grade oil နှင့် Single winter grade oil များသတ်မှတ်ရာတွင်သုံးသော အပူချိန်နှင့်နည်းစနစ်အတိုင်းတိုင်းတာပြီး viscosity နှစ်မျိုးကြားတွင် W ကိုထည့်သွင်းအသုံးပြုသည်။ ဥပမာအားဖြင့် SAE 15W-40 ဆိုသည်မှာ SAE15 မှာ Single winter grade oil များသတ်မှတ်ရာတွင် သုံးသောအပူချိန်နှင့် နည်းစနစ်အတိုင်းတိုင်းတာရာမှရရှိသော grade ဖြစ်ပြီး 40 မှာ Single non-winter grade oil များသတ်မှတ်ရာတွင်သုံးသောအပူချိန်နှင့် နည်းစနစ်အတိုင်း တိုင်းတာရာမှရရှိသော grade ဖြစ်သည်။
API (American Petroleum Institute) မှ အင်ဂျင်ဝိုင်၏ service class သို့မဟုတ် service category ကို S နှင့် C ဟူ၍ နှစ်မျိုးထပ်မံခွဲခြားသည်။ S ကို Service Category ဟုခေါ်သော Spark Ignition engines (ဓာတ်ဆီအင် ဂျင်များ)အတွက်သုံးပြီး C ကို Commercial Category ဟုခေါ်သော Compression Ignition engines (ဒီဇယ်အင်ဂျင်များ) အတွက်သုံးသည်။
Gasoline engine များအတွက် service category များမှာ SA ၊ SB ၊ SC ၊ SD ၊ SE ၊ SF ၊ SG ၊ SH ၊ SJ ၊ SL ၊ SM ၊ SN တို့ဖြစ်ပြီး SJ ၊ SL ၊ SM ၊ SN လေးမျိုးသာ လက်ရှိထုတ်လုပ်နေပြီး အခြား category များမှာ ထုတ်လုပ်မှုရပ်တန့်သွားပြီ ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် နောက်ဆုံးထုတ် service category (ဥပမာအားဖြင့်) SN သည် အရင်ထုတ်လုပ်ထားသော category (ဥပမာအားဖြင့် SM ၊ SL ၊ SJ) များ၏ Performance properties များထက်ကျော်လွန်လေ့ရှိသည်။
Diesel engine များအတွက် category များမှာ CA ၊ CB ၊ CC ၊ CD ၊ CD-II (for two-stroke engines)၊ CE ၊ CF ၊ CF-2 (for two-stroke engines) ၊ CF-4 (for four-stroke engines) ၊ CG-4 ၊ CH-4 ၊ CI-4 ၊ CJ-4 တို့ဖြစ်ပြီး CF နှင့် နောက်ပိုင်း category များသာလက်ရှိထုတ်လုပ်နေပြီး အခြား category များမှာ ထုတ်လုပ်မှုရပ်တန့်သွားပြီဖြစ်သည်။
သင်ဝယ်ယူသော အင်ဂျင်ဝိုင်ပုံး သို့မဟုတ် ပီပါအဖုံးပေါ်တွင် API Certification Mark or "Starburst" နှင့် API Service Symbol or API Donut တို့ ပါရှိပါက ၎င်းအင်ဂျင်ဝိုင်သည် API ၊ International Vehicle and Engine Manufacturers နှင့် Lubricant Industry တို့မှ သတ်မှတ်ထားသော performance requirement များကိုပြည့်မီကြောင်း အထောက်အထားဖြစ်သည်။
API Donut တွင် အပိုင်းသုံးပိုင်းပါရှိသည်။ API Donut ၏အပေါ်ဘက် အခြမ်းတွင် အင်ဂျင်ဝိုင်၏ performance level ကိုဖော်ပြပြီး အလယ်တည့်တည့်တွင် အင်ဂျင်ဝိုင်၏ viscosity ကိုဖေါ်ပြ၍ အောက်ဘက်အခြမ်းတွင် ENERGY CONSERVING သို့မဟုတ် RESOURCE CONSERVING ကိုဖေါ်ပြသည်။
ဒီဇယ်အင်ဂျင်အတွက် ထုတ်လုပ်ထားသော အင်ဂျင်ဝိုင်သည် ဓါတ်ဆီအင်ဂျင်အတွက်လည်း သုံးနိုင်ပါက API Donut ၏အပေါ်ဘက်အခြမ်းတွင် Multiple Performance Level အဖြစ် C category ကိုရှေ့မှာထား၍ ဖေါ်ပြပြီး S category ကိုနောက်မှာထား၍ဖော်ပြသည်။ ထိုသို့သော အင်ဂျင်ဝိုင်အမျိုးအစားမှာ C category ဖြစ်သော ဒီဇယ်အင်ဂျင်အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်၍ S category ဖြစ်သော ဓာတ်ဆီအင်ဂျင်တွင်အသုံးပြုနိုင်သော်လည်း ဓာတ်ဆီအင်ဂျင် အတွက်လိုအပ်သော performance requirement များအလုံးစုံ အပြည့်အဝရရှိနိုင်ရန် မသေချာပေ။
အင်ဂျင်တစ်လုံးတွင်သုံးသော အင်ဂျင်ဝိုင်၏ အဓိကလုပ်ငန်းစဉ်များမှာ-
1. Lubrication
အင်ဂျင်အတွင်းပွတ်တိုက်သော အစိတ်အပိုင်းများကြားတွင် ပွတ်တိုက်မှုကြောင့် ဆုံးရှုံးနိုင်သော အင်ဂျင်၏ power ဆုံးရှုံးမှုနည်းပါးစေရန်အတွက် ချောဆီအဖြစ်အသုံးပြုခြင်း
2. Cooling
အင်ဂျင်အတွင်းပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အပူများကို အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာလမ်းတစ်လျှောက် conduction heat transfer နည်းဖြင့် အင်ဂျင်အစိတ်အပိုင်းများကို အေးစေခြင်း
3. Cleaning
အင်ဂျင်အတွင်းပွတ်တိုက်မှုကြောင့် ထွက်ပေါ်လာသော wear particles များကို အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာလမ်း တစ်လျှောက် သန့်စင်ဆေးကြောပေးခြင်း
4. Sealing
အင်ဂျင်ပေါက်ကွဲခန်း combustion chamber အတွင်း ပေါက်ကွဲမှု ကောင်းစေရန်အတွက် combustion chamber ကိုလုံအောင် အင်ဂျင်ဝိုင်အလွှာပါးဖြင့် seal လုပ်ပေးခြင်း
5. Protecting
အင်ဂျင်ဝိုင်ဖြတ်သန်းစီးဆင်းရာလမ်းတစ်လျှောက် သတ္တုမျက်နှာပြင်များပေါ်တွင် အင်ဂျင်ဝိုင်အလွှာပါးရှိနေစေခြင်းဖြင့် ပွတ်တိုက်မှုကို လျော့ကျစေသည့်အပြင် သတ္တုမျက်နှာပြင်များကို သံချေးတက်ခြင်းနှင့် corrosion ဖြစ်ခြင်းမှလည်း ကာကွယ် ပေးသည်။ အင်ဂျင်ဝိုင်တွင် Base oil ခေါ် base stock နှင့် additives ခေါ် ထပ်တိုးဒြပ်ပစ္စည်းများပါဝင်သည်။ Base stock တွင် mineral (petroleum base) နှင့် synthetic နှစ်မျိုးကို အများဆုံးသုံးလေ့ရှိသည်။ Base oil အနေဖြင့် အင်ဂျင်၏လိုအပ်သော အခြေခံ lubrication requirement ကို ဖြည့်ဆည်းပေးနိုင်သော်လည်း additives များ မပါ,ပါက အချို့သော operation condition များတွင် base oil ၏ အရည်အသွေးများ လျင်မြန်စွာလျော့ကျလေ့ရှိသည်။ အသုံးပြုသော base oil နှင့် additives များပေါ်တွင်မူတည်၍ အင်ဂျင်ဝိုင်၏အရည်အသွေး ကွာခြားလေ့ရှိသည်။
Base oil တွင် additives များထပ်မံပေါင်းထည့်ပေးခြင်းဖြင့် မူလအခြေခံဆီ၏ တချို့သောအရည်အသွေးများ ကိုပြုပြင်ပေးနိုင်ပြီး ပို၍အားကောင်းလာစေသည်။ Mineral (Petorleum) base stock ကို petroleum crude oil မှ သန့်စင်ချက်လုပ်ခြင်းဖြင့်ရရှိသည်။ Crude oil ရရှိသောရင်းမြစ်နှင့် သန့်စင်ချက်လုပ်ခြင်းနည်းစဉ်ပေါ်မူတည်၍ base stock characteristics များကွာခြားနိုင်သည်။
Synthetic base stock ကိုမူ လိုချင်သော အရည်အသွေးအတိုင်းရရှိစေရန် ဓာတုပစ္စည်းများကို လိုအပ်သလို အကြိမ်ကြိမ်ဓာတုဓာတ်ပြုစေခြင်းဖြင့် ထုတ်လုပ်ရရှိစေသည်။ Synthetic base stock တွင် Viscosity Index (VI) ပါဝင်မှုသည် mineral base stock တွင်ပါဝင်သော Viscosity Index (VI) ပါဝင်မှုထက်မြင့်မားသောကြောင့် မြင့်မားသောအပူချိန်တွင် အင်ဂျင်ဝိုင် အရမ်းကျဲသွားခြင်းနှင့် နိမ့်သောအပူချိန်တွင် အရမ်းပျစ်သွားခြင်းမှ ကာကွယ်ပေးသည်။ ထိုဝိသေသလက္ခဏာ ကြောင့် စက်နှိုးရခက်သော အေးလွန်းသောရာသီဥတုတွင် အသုံးပြုသောအင်ဂျင်များတွင် Synthetic oil ကို အသုံးများခြင်း ဖြစ်သည်။ Synthetic oil ၏ အဓိကအားနည်းချက်မှာဈေးအလွန်ကြီးခြင်းဖြစ်သည်။ Petroleum-based engine oil ထက် လေးဆမှ ငါးဆအထိ ဈေးကြီးသည်။
-၂၉ ဒီဂရီ စင်တီဂရိတ် အထိအအေးခံပြီး Synthetic Oil နှင့် Non-synthetic oil တို့၏ စေးပျစ်မှုပြောင်းလဲခြင်းကို စမ်းသပ်ခြင်း၊ အသုံးများသော Additives များမှာ detergents, oxidation inhibitors, dispersant, alkalinity agents, anti wear agents, pour-point depressants နှင့် viscosity index (VI) improver တို့ဖြစ်သည်။
- Detergents သည် oxidation product များနှင့် ဓာတုဓာတ်ပြုစေခြင်းဖြင့် insoluble compounds များဖြစ်ပေါ်စေခြင်းနှင့် အနည်အနှစ်များကျခြင်း တို့ကိုရပ်တန့်စေပြီး အင်ဂျင်ကို သန့်ရှင်းစေသည်။
- Oxidation inhibitor များသည် viscosity တက်လာခြင်း၊ organic acid များတိုးပွားလာခြင်းနှင့် carbonaceous matter များဖြစ်ပေါ်လာစေခြင်း မှ ကာကွယ်ပေးသည်။
- Dispersant များသည် contaminant များကို မပေါင်းစည်းစေခြင်း နှင့် suspension ဖြစ်နေစေခြင်းဖြင့် sludge ဟုခေါ်သော ဆီအနည်အနှစ်များ မဖြစ်လာစေရန် ကာကွယ်ပေးသည်။
- Alkalinity agent သည် အက်စစ်များကိုချေဖျက်ရာတွင် အထောက်အကူပြုသည်။
- Anti-wear agent များသည် သတ္ထုမျက်နှာပြင်များပေါ်တွင်ပါးလွှာ သောဆီအလွှာများဖြစ်ပေါ်စေခြင်းဖြင့် ပွတ်တိုက်မှုကို လျော့ကျစေသည့်အပြင် သတ္ထုမျက်နှာပြင်များကို corrosion ဖြစ်ခြင်းမှလည်း ကာကွယ်ပေးသည်။
- Pour-point depressant များသည် အင်ဂျင်ဝိုင်ကို low temperature တွင် ဖယောင်းခဲပုံစံ အစိုင်အခဲ wax crystal များဖြစ်ပေါ်စေခြင်းမှ ကာကွယ်ပေးခြင်းဖြင့် နိမ့်သောအပူချိန်မှာပင် အရည်အခြေအနေအဖြစ် ဆက်လက်တည်ရှိနိုင်ရန် အထောက်အကူပြုသည်။
- Viscosity index (VI) improver သည် မြင့်မားသောအပူချိန်တွင် အင်ဂျင်ဝိုင်အရမ်းကျဲသွားခြင်းနှင့် နိမ့်သောအပူချိန်တွင် အရမ်းပျစ်သွားခြင်း မှ ကာကွယ်ပေးသည်။ တစ်နည်းအားဖြင့် VI improver များသည် အပူချိန် အပြောင်းအလဲတွင်ဖြစ်ပေါ်သော viscosity ပြောင်းလဲနှုန်းကို လျှော့ချပေး သည်။
အင်ဂျင်ဝိုင်အကြောင်းပြောရာတွင် TBN (Total Base Number) အကြောင်း မပါလျှင်မပြည့်စုံပေ။ လောင်စာဆီတွင် Sulfur ပါဝင်မှုပေါ်မူတည်၍ TBN ကိုရွေးချယ်သင့်သည်။ အင်ဂျင်ဝိုင်တွင် ပါဝင်သော alkaline compounds များဖြင့် sulfurous နှင့် sulfuric acid များကို ဓာတ်ပြယ်စေခြင်းဖြင့် အင်ဂျင်အစိတ်အပိုင်းများကို corrosion damage ဖြစ်စေခြင်းကို လျော့ကျစေသည်။ အင်ဂျင်ဝိုင်တွင် alkalinity ပါဝင်မှုကို TBN ဖြင့်တိုင်းတာသတ်မှတ်သည်။ Alkaline compounds ပါဝင်မှုများလေလေ (TBN မြင့်လေလေ) အက်ဆစ်ကို ဓာတ်ပြယ်စေနိုင်မှုများလေလေဖြစ်သည်။ အသုံးပြုသော ဆီတွင် ဆာလ်ဖာ ပါဝင်မှုနှုန်းများပါက TBN ပါဝင်မှုများသော အင်ဂျင်ဝိုင်ကိုရွေးချယ်သုံးစွဲရန် လမ်းညွှန်လေ့ရှိသည်။
အင်ဂျင်ဝိုင်၏ viscosity တူသော်လည်း ထည့်သွင်းအသုံးပြုထား သော base oil အမျိုးအစား၊ additive အမျိုးအစားများ၊ အရေအတွက်နှင့် ပါဝင်မှုအချိုးအစားတို့ပေါ်တွင်မူတည်၍ ဈေးနှုန်းကွာခြားလေ့ရှိသည်။ ဥပမာအားဖြင့် viscosity တူသော်လည်း TBN ပါဝင်မှုများသော အင်ဂျင်ဝိုင်သည် အက်စစ်ကိုပို၍ ချေဖျက်နိုင်စေသဖြင့် TBN ပါဝင်မှုနည်းသော အင်ဂျင်ဝိုင်ထက် ပို၍ဈေးကြီးသည်။
အချုပ်အားဖြင့်ဆိုရသော် သင်၏ကားအင်ဂျင်အတွက် သင့်တော်မှန်ကန်သော အင်ဂျင်ဝိုင်အမျိုးအစားကို သိရှိစေရန်၊ အသုံးပြုမည့် အင်ဂျင်ဝိုင်မှ အကျိုးအပြည့်အဝရရှိစေရန်နှင့် အင်ဂျင်၏ စွမ်းဆောင်ရည်အပြည့် အဝရရှိစေရန် အောက်ပါတို့ကို လိုက်နာလုပ်ဆောင်သင့်သည်။
- အင်ဂျင်ထုတ်လုပ်သူ သို့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ ၂ဝဝ၅ နောက်ပိုင်းထုတ်သော Model မြင့်ကားတချို့ တွင် အင်ဂျင်ဝိုင်အမျိုးအစားကို ဖော်ပြခြင်းမရှိတော့ပါ။
- အင်ဂျင်ထုတ်လုပ်သူ သို့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော အင်ဂျင်ဝိုင်လဲလှယ်ရမည့် အချိန်အတိုင်း အင်ဂျင်ဝိုင်လဲလှယ်ပါ။ ယေဘုယျအားဖြင့် ကီလိုမီတာ ၅ဝဝဝ မှ ၁ဝဝဝဝ ကြား သို့မဟုတ် အချိန် ၆ လ မှ ၁နှစ်ကြားတွင် အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကို လဲလှယ်ခိုင်းလေ့ရှိသည်။ Commercial purpose အတွက်သုံးသော ရဲကားများ၊ ဆွဲကားများ၊ Taxi များ၊ တောင်ပေါ်ဒေသတွင် သုံးသောကားများ၊ ဖုန်ထူပြီးလမ်းကြမ်း သောဒေသတွင် သုံးသောကားများ၊ မြို့တွင်းတွင်သုံးသော်လည်း ယာဉ်ကြောပိတ်ဆို့မှုများ သောအခြေအနေတွင် သုံးသောကား များဖြစ်ပါက ကီလိုမီတာ ၅ဝဝဝ သို့မဟုတ် အချိန် ၆ လ (ကီလိုမီတာ ၅ဝဝဝ ပြည့်လျှင်သော်လည်းကောင်း၊ အချိန် ၆ လ ပြည့်လျှင်သော်လည်းကောင်း) တွင် အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကို လဲလှယ်ခိုင်းလေ့ရှိသည်။ အသုံးပြုသောဆီတွင် ဆာလ်ဖာ ပါဝင်မှုနှုန်းများပါက အင်ဂျင်ဝိုင်နှင့် အင်ဂျင်ဝိုင်ဆီစစ်ဘူးကိုအချိန်စော၍ လဲလှယ်ရန် လမ်းညွှန်လေ့ရှိသည်။ ၂ဝဝ၅ နောက်ပိုင်းထုတ်သော Model မြင့်ကားတချို့တွင် အင်ဂျင်ဝိုင်၏ ကျန်ရှိသောသက်တမ်းကို ဒရိုင်ဘာရှေ့ရှိ ဒိုင်ခွက်ထဲရှို Information Display တွင် ဖော်ယူကြည့်ရှုခြင်းဖြင့် သိရှိနိုင်သည်။ ကျန်ရှိသော အင်ဂျင်ဝိုင်သက်တမ်း ၁၅ ရာခိုင်နှုန်းအောက် ရောက်ရှိလာပါက ကားသော့ဖွင့်ချိန်တိုင်းတွင် ဒိုင်ခွက်ထဲရှိ Information Display တွင်ကျန်ရှိ သောသက်တမ်းကို ဖော်ပြ ပေးနေမည်ဖြစ်သည်။ (အမှန်တကယ်အားဖြင့် အင်ဂျင်ဝိုင် သို့မဟုတ် lubricating oil များ၏ သက်တမ်းသည် အင်ဂျင်၏ မီးလောင်ပေါက်ကွဲရာမှ ထွက်လာသောအပူချိန်၊ အအေးခံစနစ်၏ စွမ်းဆောင်ရည်၊ အသုံးပြုသောဆီတွင် ဆာလ်ဖာပါဝင်မှုနှုန်း၊ အင်ဂျင်၏ load factor အစရှိသော အချက်များစွာပေါ်တွင် မှီခိုသောကြောင့် အင်ဂျင်ဝိုင်၏ သက်တမ်းကို ခရီးအကွာအဝေး သို့မဟုတ် အချိန်ကာလပေါ်တွင်မူတည်၍ လဲလည်ခြင်းထက် အင်ဂျင်၏ running conditions နှင့် အင်ဂျင်၏ running hour တို့အပေါ်တွင်မူတည်၍ လဲလှယ်ခြင်းက ပို၍သဘာဝကျသည်။ စက်ရုံသုံးမီးစက်အင်ဂျင်ကြီးများ၊ တာဘိုင်ကြီးများ၏ lubricating oil များ၏ သက်တမ်းကို ဆုံးဖြတ်ရန်အတွက် အင်ဂျင်အတွင်းမှချောဆီနမူနာ ထုတ်ယူ၍ ဓာတ်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးပြီး အင်ဂျင်ဝိုင်လဲရန်အချိန်ကို ဆုံးဖြတ်လေ့ရှိသည်။)
- အင်ဂျင်ထုတ်လုပ်သူ သို့မဟုတ် ကားထုတ်လုပ်သူ၏ owner's manual တွင် ထောက်ခံချက်ပေးထားသော API service category နှင့် SAE viscosity grade ကိုရွေးချယ်ဝယ်ယူပါ။ အင်ဂျင်ဝိုင်၏ viscosity grade ကို အသုံးပြုမည့်နေရာဒေသ၏ အနိမ့်ဆုံးနှင့် အမြင့်ဆုံးအပူချိန်အပေါ် မူတည်၍ ရွေးချယ်နိုင်ရန်ဖော်ပြပေးထားလေ့ရှိသည်။ ၂ဝဝ၅ နောက်ပိုင်း ထုတ်သော Model မြင့်ကားတချို့ တွင် အရမ်းအေးနေချိန်တွင် စက်နှိုးရ လွယ်စေရန် နှင့် ဆီစားသက်သာစေရန် 5W-20 အင်ဂျင်ဝိုင်ကို ပထမဦးစားပေးအနေဖြင့် recommend လုပ်လေ့ရှိသည်။
သင်အသုံးပြုလိုက်သော အင်ဂျင်ဝိုင်သည် သင်၏ကားအင်ဂျင် အတွက် လိုအပ်သောအရည်အသွေးထက်နိမ့်ကျနေပါက အင်ဂျင်၏ စွမ်းဆောင်ရည်အပြည့်အဝမရရှိနိုင်သည့်အပြင် အင်ဂျင်အစိတ်အပိုင်းများ ပွန်းစားမှုနှုန်းလည်းများမည်ဖြစ်သည်။ တခြားတစ်ဘက်၌ သင်၏ကားအင်ဂျင်အတွက်လိုအပ်သော အရည်အသွေးထက် အရမ်းမြင့်သောအင်ဂျင်ဝိုင်ကို အသုံးပြုပါက အမှန်တကယ်မလိုအပ်ဘဲ အင်ဂျင်ဝိုင်အတွက် ကုန်ကျစရိတ်များစေမည်ဖြစ်သည်။
ဝိုင်ကေတီ(စက်မှု)
@AutoCar Buyers'Guide Journal (Every Thursday)
https://www.facebook.com/officialautocarjournal

No comments:

Post a Comment