Wednesday, April 22, 2015

အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆေဖြူများလက်မှ ကယ်တင်ပေးပါ (အပိုင်း ၁)


နိုင်ငံတကာမှာ မိမိနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို နှစ်မျိုးနှစ်စား ခွဲခြားပါတယ်။ ၁။ သာမန်ရင်းနှီးမြှုပ်နှံမှုနှင့် ၂။ သဘာဝသံယံဇာတ အရင်းအနှီးတွေ တူးဖော်မှု ဆိုတဲ့နှစ်မျိုးပါ။ သာမာန် ရင်းနှီးမြှုပ်နှံမှုတွေမှာ ကုန်စည်ထုတ်လုပ်မှုတွေ၊ ဝန်ဆောင်မှုတွေ၊ ကုန်သွယ်ရောင်းဝယ်မှုတွေ ပါဝင်ပါတယ်။ အဲ့ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ အတွက် အခွန်အခတွေ၊အမြတ်ငွေတွေကို ပုံမှန်သတ်မှတ်ချက်တွေအတိုင်းပဲ ပေးဆောင်ရလေ့ရှိပါတယ်။ ဒုတိယမြောက် ဖြစ်တဲ့ မြေအောက်၊ ရေအောက်တွေကနေ သဘာဝအလျှောက် ဖြစ်တည်ရှိနေတဲ့ အရာတွေကို ထုတ်ယူရှာဖွေခြင်းတွေကိုတော့ သာမန် အခွန်အခတွေ အမြတ်တော်ခွန်တွေသာမကပဲ သီးသန့်ထပ်မံ ကန့်သတ် ပေးဆောင်ရမှုဆိုတာရှိပါတယ်။ အဲဒါကတော့ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီတွေဟာ သူတို့ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်ဆယ်ရာခိုင်နှုန်း သို့မဟုတ် နှစ်ဆယ်ရာခိုင်နှုန်းဝန်းကျင်ကို ဌာနေမူလ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ပြန်လည် သုံးစွဲပေးရခြင်းပဲ ဖြစ်ပါတယ်။
သံယံဇာတ ထုတ်ယူခံရတဲ့ နိုင်ငံဟာ သူ့နိုင်ငံရဲ့ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေ ဆီမှ ရာခိုင်နှုန်းဘယ်လောက်ပေးဆောင်ခိုင်းမလဲဆိုတာဟာ.......
၁။ ဒေသတွင်း အမျိုးအစားတူသံယံဇာတ ထွက်ရှိတဲ့ နိုင်ငံတွေရဲ့ ပေးဆောင်ခိုင်းမှု ဈေကွက်အနေအထားနှင့်
၂။ ထုတ်လုပ်မှုကနေ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီး ညစ်ညမ်းမှု(Polution)၊ဆိုတဲ့ အချက်နှစ်ချက်ပေါ် မူတည်ပြီး ရင်းနှီးမြုပ်နှံမှု ပမာဏရဲ့ ၁၀%လား၊၁၅%လား၊၂၀%လားဆိုတာကို ကောက်ခံရမှာ ဖြစ်ပါတယ်။
သံယံဇာတ ထုတ်ယူခံရတဲ့ နိုင်ငံဟာ သူ့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူသားစွမ်းအားစု ဖွံ့ဖြိုးရေးအတွက် ဘယ်လိုပြန်လည်သုံးစွဲမလဲ၊ ဘယ်လိုကြီးကြပ်ကွပ်ကဲမလဲ ဆိုတာကတော့ အဲ့ဒီနိုင်ငံက ခေါင်းဆောင်တွေနှင့် လုပ်ပိုင်ခွင့်အာဏာ လက်ကိုင်ရထားသူ တစ်စုရဲ့ မိမိနိုင်ငံနှင့် လူမျိုးအပေါ် ဘယ်လောက်ချစ်မြတ်နိုး တန်ဖိုးထားသလဲ ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။
မြန်မာနိုင်ငံမှာ ဒုတိယ အမျိုးအစားရင်းနှီးမြှုပ်နှံမှုတွေအတွက် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံသူတွေဆီကနေ ဒေသခံတွေဘဝ ဖွံဖြိုးတိုးတက်မှုတွေနှင့် အထုတ်လုပ်ခံ ဒေသအတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်မှုတွေ ၊ပြန်လည်ကုစားမှုတွေအတွက် အခွန်ကောက်ခံရရှိမှု ရှိမရှိ မသိရှိပါဘူး။ ရှိခဲ့ရင်ရော ဘယ်လောက်ပမာဏ ကောက်ခံသလဲဆိုတာ ကိုလည်း မသိပါဘူး။ မြန်မာနိုင်ငံအတွက် ပြည်ပနိုင်ငံတွေနှင့်တကွ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံအပူပိုင်းဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုးပေးခြင်းဟာ ကျေးဇူးတင်စရာ ကောင်းသလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ မြန်မာတွေအတွက် မိအေး ဆယ်ခါနာပြီး မကြာခင်မှာဘဝပျက်ဖို့သာ ရှိတော့တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လို့ ခေါင်းစဉ်တပ်ထားနိုင်ခြေရှိတဲ့ ငွေကြေးတွေကို စိမ်းလန်းစိုပြေရေး ခေါင်းစဉ်ခွဲအောက်ဆွဲထည့်ပြီး သစ်ပင်စိုက်ပစ်လိုက်တဲ့အခါမှာ - - - - - - - - စိုက်တဲ့သစ်ပင်ကလည်း မိုးရေချိန်နည်းတဲ့ဒေသတွေမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ တစ္ဆေဖြူပင် ခေါ် ယူကလစ်ပင်တွေ ဖြစ်နေပါတယ်။
၁။ ဒေသခံတွေနှင့် လူငယ်တွေရဲ့ ပညာရေး စီးပွားရေးနှင့်တကွ မြေလွတ်မြေရိုင်းတွေကို အသုံးပြုခွင့်တွေမှာ(နွားကျောင်းခြင်း ၊နွားအစာရိတ်ယူခြင်း၊ ကလေးငယ်များ ဆော့ကစားခြင်း၊ပွဲလမ်းသဘင်ကျင်းပရန် မြေနေရာရှားပါခြင်း...စသဖြင့် ) နစ်နာထိခိုက်ကုန်ပါတယ်။
၂။ စိုက်တဲ့သစ်ပင်တွေကလည်း အပူပိုင်းဒေသအတွက် သင့်တော်တဲ့ အပင်အမျိုးအစားတွေ မဟုတ်ဘဲ စက်မှုထွန်းကားတဲ့ နိုင်ငံကြီးတွေက စက်မှုလုပ်ငန်းကြီးတွေအတွက် အလွန်လိုအပ်ချက် မြင့်မားတဲ့ ယူကလစ်တွေ ဖြစ်နေပြန်ပါတယ်။ ယူကလစ် ပင်ဟာ သင်္ဘောဆေးထုတ်လုပ်မှုနဲ့ စက္ကူထုတ်လုပ်မှု အထပ်သားထုတ်လုပ်မှုတွေအပါအဝင် စက်မှုလုပ်ငန်း ထုတ်ကုန်တွေ အတွက် အလွန်အသုံးဝင်တဲ့ သစ်ပင်တွေ ဖြစ်နေပါတယ်။ဒီတော့ ဒီယူကလစ်တွေကို ဧကပေါင်းများစွာ စိုက်ပျိုးနေမှုဟာ မြန်မာ နိုင်ငံအလယ်ပိုင်းကို စိမ်းလန်းစိုပြည်စေဖို့ဆိုတဲ့ စေတနာကြောင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။
၃။ ယူကလစ်ပင်တွေဟာ ရေသောက်မြစ်တွေ အလွန်ရှည်လျားရှုပ်ထွေးပြီး မြေအောက်ရေစုပ်ယူမှုနှုန်းမှာလည်း အလွန်မြင့်မားပါတယ်။ လက်ဖျံလုံးလောက်ရှိတဲ့ ယူကလစ် အကိုင်းတစ်ခုကို ဖြတ်ယူလိုက်တဲ့အခါမှာ ထွက်ကျလာတဲ့ရေပမာဏဟာ တစ်လီတာရေသန့်ဘူးရဲ့ အရစ်တစ်ရစ်စာ တစ်လက်မနီးပါး ရရှိခဲ့ပါတယ်။ ရေဟာ အက်ဆစ်ဓါတ်မြင့်မားပြီး ချဉ်နေပါတယ်။ ယူကလစ်ပင်ဟာ အေးမြတဲ့ အရိပ်အာဝါသကို မပေးစွမ်းနိုင်တဲ့ အပြင် အပူငွေ့ကိုပါထုတ်လွှတ်ပါတယ်။ ဒါ့ကြောင့် အပူပိုင်း မိုးနည်းဒေသဟာ တဖြည်းဖြည်း အပူချိန်တွေတိုးလာပြီး မိုးနည်းရာကနေ မိုးခေါင်လာပါတယ်။ ဒီတော့ အညာဒေသလိုနေရာဝန်းကျင်က အခြားသော သစ်ပင်တွေနှင့်တကွ လူသားအပါအဝင် သက်ရှိသတ္တဝါတွေအတွက် ရေရရှိမှုဟာ ခက်ခဲပြတ်တောက်စေနိုင်ပြီး ရှင်သန်ဖို့ရာလည်း ခက်ခဲလာစေပါတယ်။ အမြစ်တိုတဲ့ မြက်ပင်နှင့်တကွ သစ်ပင်ငယ်လေးတွေဟာလည်း ယူကလစ်ပင်နား တဝိုက်တွေမှာ မိုးတွင်းခဏမိုးရွာတုန်းနှင့် မြေအစိုဓါတ်ရှိနေချိန်မှာတော့ ပေါက်နိုင်ပေမယ့် ရေရှည်ရပ်တည်ဖို့ မလွယ်ကူတော့ ပါဘူး။
၎။ ဒီရဲ့ အကျိုးဆက်ကတော့ အညာက ဒေသခံတွေမှာ နွားစာအတွက် မြက်ရှားပါးလာခြင်း ဖြစ်ပြီး တစ်မြို့တစ်ရွာထိ သွားရောက်ရှာဖွေမှုတွေ ပြုလာကြရပါတယ်။ နွားစာအတွက် ကုန်ကျစားရိတ်တွေ မြင့်မားလာပါတယ်။ တောင်သူမိသားစုတွေရဲ့ ဝင်ငွေကို လက်သည်မရှိတဲ့ ဓါးပြတိုက်ခံရတာနဲ့ အလားသဏ္ဍန် တူလာပါတယ်။(7days News ဂျာနယ်က မယ်ငွေဥရေးတဲ့ "ပုဂံ၊ညောင်ဦးနယ်က နွားအတွက် အစာ" ဆိုတဲ့ဆောင်းပါးကို ဖတ်ရှုဖို့ ထပ်မံညွှန်းဆိုချင်ပါတယ်။ )
၅။ ယူကလစ်ပင်ဟာ မြေဆီသြဇာတွေကို အလွန်အမင်းစုပ်ယူပါတယ်။ အက်ဆစ်ဓါတ်လည်း ထုတ်လွှတ်လို့ Acid Soil တွေ ဖြစ်လာစေပါတယ်။ ဒီအတွက် လယ်မြေယာမြေတွေဟာ တဖြည်းဖြည်းခြင်း မသိမသာရော သိသိသာသာပါ အထွက်နှုန်းကျ လာပါမယ်။ နှစ်ကြာလာတာနဲ့အမျှ လယ်ယာမြေတွေပျက်စီးကုန်ပြီး စိုက်ပျိုးစားသောက်လို့ မရတဲ့ အနေအထားတွေကို ရောက်လာတော့မှာပါ။ အညာတောင်သူတွေဟာ အထွက်နှုန်းကျတဲ့အကြောင်းတရားရော နွားစာအတွက်မြက်ရှားပါးတဲ့ အကြောင်းတရားတွေကိုရော မသိနားမလည်ဘဲ မြေသြဇာတွေပိုထည့် မထည့်နိုင် မစိုက်နိုင်တော့ရင် ရရာဈေးနှင့်ရောင်းပြေး ဆိုတာတွေ ဖြစ်လာတော့မှာပါ။
၆။ ဓါးမဦးချ စိုက်ပျိုးစားသောက်ရာကနေ စိုက်စားမရတော့လို့ ပေးတဲ့ဈေးနှုန်းတွေနဲ့ ရောင်းချပြီး တခြားသောလုပ်ငန်းခွင်တွေကို ပြောင်းရွှေ့လုပ်ကိုင်ကြရတော့မှာပါ။ ငွေရှင်ကြေးရှင်တွေဟာ ကိုယ့်မြေကိုယ့်ရေပေါ်က ဒီလယ်ယာမြေတွေကို အလကားနီးပါးဈေးတွေနဲ့ ဝယ်ယူသိမ်းဆည်းပြီး စက်ရုံအလုပ်ရုံကြီးတွေ၊ ဟိုတယ်ကြီးတွေ၊အပမ်းဖြေဥယျာဉ်ကြီးတွေအဖြစ် ပြောင်းလဲပစ်ကြတော့မှာပါ။ ကျေးဇူးရှင်တောင်သူ ဦးကြီးတွေရဲ့ဘဝဟာ လခစား နေ့စား အလုပ်သမားတွေ ဘဝကို အလုံးအရင်းကူးပြောင်းပြီး သားစဉ်မြေးဆက် ကျွန်ခံကြရတော့မှာပါ။ (ယခုလည်း ပုဂံက နိုင်ငံခြားသားပိုင် ဟိုတယ်တစ်ခုထဲ ရောက်ရှိနေတဲ့ ရှေးဟောင်းဘုရားကို ဗမာမလာရ ဆိုလို့ ပြဿ နာ တက်သံ ကြားလိုက်မိပါတယ်။ဘယ်လိုပြီးသွားလဲ မသိပါ။)
၇။ မြန်မာ့အညာဒေသက ကျေးလက်တွေ ရွာတွေ တောင်သူတွေ သူတို့နှင့်အတူတူတွဲပြီး တည်ရှိနေတဲ့ ရိုးသားမှု၊ဖော်ရွေမှု၊ ယဉ်ကျေးမှု၊ဒေသဆိုင်ရာ ရိုးရာထုံးတမ်းတွေ...အစရှိသဖြင့်တွေဟာ တဖြည်းဖြည်း လျောနည်းပျောက်ကွယ် လာကြတော့မှာပါ။
၈။ မြန်မာ့သံယံဇာတတွေကို ထုတ်ယူတဲ့ (ရေနံနှင့်သဘာဝဓါတ်ငွေ့၊ကျောက်မျက်အပါအဝင်...အစရှိသဖြင့်) ကုမ္ပဏီကြီးတွေကလှူဒါန်းခဲ့လျှင်လည်း လှူဒါန်းတဲ့ ငွေကြေးတွေကိုပါ ဒေသခံလူငယ်တွေရဲ့ ပညာရေးနှင့် နည်းပညာတွေ အဆောက်အဦး (infrestructure)တွေနှင့်တကွ သဘာဝပတ်ဝန်းကျင် ပျက်စီးထိခိုက်မှုတွေမှာ မြှုပ်နှံမပေးဘဲ သစ်ပင်စိုက်တဲ့ ထဲမှာ သုံးစွဲပြခံရတယ်ဆိုရင်လည်း ဒေသခံတွေနဲ့ လူငယ်တွေကို ပိုပြီးနစ်နာထိခိုက်စေပါတယ်။
၉။ မြန်မာတွေဘက်က အရှုံးကြီး ရှုံးရသလောက် အမြတ်ကြီး မြတ်သွားမှာက ရင်းနှီးမြှုပ်နှံသူတွေပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးခဲ့တဲ့ ကျေးဇူးရှင် စာရင်းမှာလည်း ပါဝင်မှာဖြစ်သလို နိုင်ငံတကာမှာလည်း ဒီလိုလှူဒါန်းကူညီခဲ့မှုတွေရဲ့ မှတ်တမ်းတွေကို ပြပြီး နာမည်ကောင်းနှင့်တကွ မြန်မာတို့အဆင့်နဲ့ မမြင်နိုင် မသိနိုင်တဲ့ အခွင့်အရေးတွေပါထပ်မံရယူနိုင်ပါသေးတယ်။ သူတို့နိုင်ငံရဲ့ ရေ၊မြေ၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက် မပျက်စီးစေဘဲ လိုအပ်တဲ့ စက်မှုကုန်ကြမ်းပင်တွေကိုလည်း စိုက်ပျိုးထုတ်လုပ် နိုင်တဲ့အတွက်လည်း ပိုပိုပြီး အမြတ်အစွန်း ကြီးမားစေပါတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့အချက်အခြာနေရာတွေကို ဈေးပေါပေါနဲ့ အမြောက်အများ ဝယ်ယူရရှိနိုင်ဖို့ ရည်ရွယ်တဲ့ နှစ်ရှည်စီမံကိန်း တစ်ခုလည်း ဖြစ်နိုင်ပါတယ်
၁၀။ ဓမ္မတာမျိုးဆက်သစ်တောများကို ခုတ်ထွင်ရောင်းချပြီး ယူကလစ်ပင်များကိုသာ စိုက်ပျိုးမှု(MonoCulture)သည် အပင်မှာကျရောက်မည့် အင်းဆက်ဒဏ်ကို ခံနိုင်ရည်မြင့်မားလာခြင်း(Resistant to disease) ဖြစ်လာပါလိမ့်မည်။ထို့ကြောင့် အရွက်စား အင်းဆက်ငယ်များ၏ ရှင်သန်နေထိုင်မှု ပျက်စီးကာ သေဆုံးမှုဖြစ်စေပါတယ်။အင်းဆက်ငယ်များကို စားသောက်ပြီး ရှင်သန်ရမည့် ကျေးငှက်အပါအဝင် သတ္တဝါအများအပြားပါ ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာပြီး သဘာဝဂေဟစနစ်ကြီးတစ်ခုလုံး ကိုပါ ထိခိုက်ပျက်စီးစေမှုမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။
ယခုဆိုလျှင် ပုဂံညောင်ဦးနှင့် ကျောက်ပန်းတောင်း ဒေသမှ ကျေးရွာတွေဟာ နွားစာအတွက်အခက်အခဲ ဖြစ်ရုံသာမကဘဲ သောက်သုံးရေတွေပါ ခမ်းခြောက်ပြီး အကူအညီပေးကြပါလို့ တောင်းဆိုကုန်ကြပါပြီ။ မြေအောက်ရေနှင့် မိုးရေမရရှိသည့်အတွက် ထန်းပင်တွေမှလည်း ထန်းရည်မထွက်တော့ပါ။ ထွက်သေးသည့် ထန်းပင်ကလည်း အထွက်နှုန်းများကျဆင်းလျှက် ရှိပါတယ်။ ထို့ကြောင့် ထန်းရည်မထွက်တော့သည့် အပင်များကို ရရာဈေးနှုန်းဖြင့် ခုတ်ယူရောင်းချနေကြပါတယ်။ ဒီဖြစ်စဉ်ဟာ အညာဒေသက ထန်းတောယဉ်ကျေးမှုတစ်ရပ်လုံးးး ပျက်သုန်းသွားစေမည့် ဧရာမခြိမ်းခြောက်မှုကြီး တစ်ခုလည်း ဖြစ်နေပါတယ်။ ကျောက်တောင်ကတုံးများ၊မြေကြမ်းများ၊စိုက်ပျိုးလို့မကောင်းသော မြေနေရာများနှင့် သဲကန္တာရနီးပါး ဖြစ်နေသော သဲမြေများတွင် ယူကလစ်ပင်များ စိုက်ပျိုးမှုကို ဝေဖန်စရာမရှိပေမယ့် ယခုကဲ့သို့ မိုးရေချိန်နည်းပါးသော အပူပိုင်းဒေသ စိုက်ပျိုးမြေများဘေးနှင့် ကပ်လျက်ဆက်စပ်ဝန်းကျင်များတွင် အမြောက်အများစိုက်ပျိုးခြင်းများ၊ ဓမ္မတာမျိုးဆက် သစ်တောများကို ခုတ်ထွင်ရှင်းလင်းရောင်းချစေပြီး ယူကလစ်စိုက်ခင်းကြီးများအဖြစ် ပြောင်းလဲပစ်ခြင်းများကို အမျိုးသားရေးအမြင်နှင့် အပြင်းအထန်ကန့်ကွက်ပေးသင့်ပါသည်။
အပိုင်း၂ကို ဆက်လက်ဖော်ပြပါမည်။
နေထက်ထက်အောင်
Myanmar Review Journal (April 1;2015)
ဤဆောင်းပါးဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးခဲ့ပါသော Dr.ငြိမ်းမြ၊Dr.ကလျာ၊ကိုခန့်ဇော်ထက် (စိုက်ပျိုးရေးအကြံပေးအဖွဲ့) တို့ကို ကျေးဇူးအထူး တင်ရှိပါတယ်။
Ref;
1.Effects Of Eucalyptus Plantations On Soil Arthropod Communities In A Brazilian Atantic Forest Conservation Unit.By Rodrigo CAMARA;Maria Elizabeth Fernandes CORREIA;Dora Maria VILLELA.
2.Impact Of Eucalyptus Globulus and Eucalyptus Camaldulensis Small Scale Plantations On Chemical And Physical Soil Properties And On Soil Hydrological Parameter In The Highland Of Ethiopia A Comparision With Other Land-Use System. BY Zerfu Hailu; Monika Sieghatdt;Helmuth Schume;Franz Ottner;GethardHlatzel;Biruktayet Assefa And Tenaw TedelaHailu
3. Impact Of Eucalyptus Globulus Plantations On Physiology And Population Densities Of Invetebrates Inhabitiong Iberian Atlantic Streams.
4. Impact Of Pine And Eucalyptus Forest Plantations On Soil Organic Matter Content In SwaZiLand-Case Of Shisel Weni Forests.
5.Water Use,Water Limitation And Water Use Efficiency In A Eucalyptus Plantation.
BY JOSE LUIZ STAPE;DAN BINKLEY; MICHAEL G. RYAN;ANTONIO DO NASCIMENTO GOMES
6.Short-Rotation Eucalypt Plantations In Brazil: Envirinmental Issue.
7.Effect Of Exotic Tree Plantationson Plant Diversity And Biological Soil Fertility In The Congo Savanna. With Special Reference To Eucalypts.
8.Forest Stewardship Series5.Tree Growth And Competition. University of California And Natural Resources. http://anrcatalog.ucdavis.edu.
9.ပြင်ဦးလွင်ကို ဒုက္ခပေးလာမည့် ယူကလစ်တော။ ဒေါက်တာကျော်ထွန်းသန်း (ဧရာဝတီ ဘလော့ဂ် July1;2014 )
10. ကြီးမြန်ယူကလစ်ကုန်ကြမ်း ဂရိတ်ဝေါ ဝယ်ယူမည်။(The Myanmar Times Oct25;2014 )
11.မြန်မာ့စိုက်ပျိုးရေးမှတ်တိုင်အဖြစ် သစ်ပင်များအား တစ်ရှူးမျိုးပွားခြင်း။ သံလျှက်(Dec16;2010)
Credit to > Nay Htet Htet Aung

No comments:

Post a Comment