Thursday, August 27, 2015

မြန်မာနိုင်ငံ ဗုဒ္ဓသာသာနာသမိုင်း (၅) နိဂုံး


၅။ ပုဂံခေတ်ဗုဒ္ဓသာသနာသည် သရေခေတ္တရာမှ အမွေဆက်ခံ
ရရှိသလော? သထုံပြည်မှ အမွေဆက်ခံရရှိသလော?
သရေခေတ္တရာ ပျူမြန်မာတို့သည် သရေခေတ္တရာမှ ပုဂံသို့
ပြောင်းရွှေ့တည်ထောင် နေထိုင်သောအချိန်တွင် ထေရ၀ါဒ
ဗုဒ္ဓသာသနာကိုပါ သူတို့နှင့်အတူ ယူဆောင်သွားကြောင်း
အထောက်အထားများ ရှိနေပါသည်။
*ပုဂံပြည်ရှိ ဗူးဘုရားနှင့် အခြားပြောင်းတိုင်ပုံ စေတီများမှာ
သရေခေတ္တရာထေရ၀ါဒ ဘောဘောကြီးစေတီပုံ ဖြစ်သည်။*
*လှိုဏ်အထက်ပြောင်းတိုင်ပုံ စေတီဖောက်ထားသော
အရှေ့ဖက် လိပ်ဘုရား၊ အနောက်ဘက် လိပ်ဘုရားတို့မှာ
သရေခေတ္တရာ ထေရ၀ါဒ ဘဲဘဲဘုရားပုံဖြစ်သည်။*
*ပုဂံပေါက်ပင်ရာ အိုးလုံးပုံစေတီ၊ စိမ်းညက်ညီအစ်မဘုရား
အနီး လှိုဏ်အထက် အိုးလုံးပုံစေတီတို့မှာ သရေခေတ္တရာ
အုတ်ခွက်ဘုရား အချို့တွင်တွေ့ရလေ့ရှိသောထေရ၀ါဒ
စေတီပုံစံတစ်မျိုး ဖြစ်သည်။*
*ပုဂံခေါင်လောင်းပုံ စေတီများသည်လည်း သရေခေတ္တရာ
ခေါင်းလောင်းပုံစေတီတို့မှ ရရှိသော ပုံစံဖြစ်သည်။*
*ပုဂံမြို့ဟောင်းရှိ လှိုဏ်ဘုရားအခန်းဖွဲ့ တည်ဆောက်
ပုံများသည် သရေခေတ္တရာ အခန်းဖွဲ့တည်ဆောက်ပုံ
ဗိသုကာမှ ရရှိခြင်းဖြစ်ပါသည်။*
*ဒွါရာဝတီနှင့် သထုံမြို့ဟောင်းများတွင် ပုဂံစေတီ၊
လှိုဏ်ဘုရားတို့၏ရှေ့ပြေး ဗိသုကာပုံစံများ မရှိပဲ
ထေရ၀ါဒမင်းနေပြည် သရေခေတ္တရာမြို့ကြီးတွင်သာ
ပုဂံအား စေတီလှိုဏ်ဘုရား ဗိသုကာပုံစံ အမွေပေးရန်
ပုဂံရှေ့ပြေးသရေခေတ္တရာ ထေရ၀ါဒ ဗိသုကာများ
ရှိနေကြောင်း လေ့လာသူတိုင်း သိကြပါသည်။*
*ပုဂံထေရ၀ါဒ အုတ်ခွက်ဘုရားတို့၏ ရှေ့ပြေးပုံစံတစ်
ထပ်တည်းတူသော သရေခေတ္တရာ ထေရ၀ါဒ အုတ်ခွက်
ဘုရားများလည်း ရှိနေပါသည်။*
*သရေခေတ္တရာ ခင်ဘကုန်းဌာပနာတိုက်တွေ့ ပိဋိကတ်
တော်ကောက်နှုတ်ချက်များရေးထိုးထားသည့် ရွှေပေချပ်
(၂၀)မှ ပါဠိပိဋိကတ်ကောက်နှုတ်ချက်များနှင့် ကုန်းဘောင်
ခေတ် မင်းတုန်းမင်းကြီးလက်ထက် သုံးစွဲသော ပိဋိကတ်
တော်များ ကွာခြားခြင်းမရှိ ထပ်တူထပ်မျှတူညီပါသည်။*
*သရေခေတ္တရာပြည်ဟောင်းကို စွန့်ခွါပြီး ပုဂံမင်းနေပြည်
သစ်ကို ထူထောင်ခဲ့သော သရေခေတ္တရာသား ပျူမြန်မာ
တို့သည် ပုဂံပြည်၏ အမည်နာမကို “အရိမဒ္ဒနပူရ” ဟူ၍
ထေရ၀ါဒဂိုဏ်းက အလေးအမြတ်သုံးသော ပါဋိဘာသာ
အမည်ပေး မှည့်ခေါ်ခဲ့ကြပြီး ပုဂံမြို့ဟောင်းဒေသကြီးတွင်
သရေခေတ္တရာ ပျူမြန်မာတို့ တည်ထားသော ပျူစေတီ
(၂၀)မှာ အနည်းဆုံးတည်ရှိနေလျှက် ပုဂံပေါ်တော်မူ
ဘုရားတွင် ဗုဒ္ဓ-အသောကခေတ် ဗြဟ္မီအက္ခရာအုတ်ခဲ
စာများကို အထောက်အထားအဖြစ် တွေ့မြင်နေရပါသည်။*
ထို့ပြင် ပုဂံခေတ် ထေရ၀ါဒဗုဒ္ဓသာသနာတော်သာမက
ယနေ့တိုင်မြန်မာများ လက်ခံကျင့်သုံးလျှက်ရှိသော
ထေရ၀ါဒဗုဒ္ဓသာသနာတော်သည် ပျူမြန်မာခေတ်
(ဘီစီခေတ်)မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်ကြောင်း
ခိုင်မာသော သမိုင်းသုတေသနတွေ့ရှိချက်များအရ
ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်။
*ဗိဿနိုးမြို့ဟောင်းတူးဖော်ကုန်းအမှတ် KKG 2,3,4
တူးဖော်ရေးကုန်းများမှ ဆယ်ခန်းတွဲဘုန်းကြီးကျောင်းရာ၊
သိမ်၊ စေတီ၊ ရေကန် စသည့် ထေရ၀ါဒဗုဒ္ဓဘာသာ
အထောက်အထားများ တွေ့ရှိခဲ့ပါသည်။*
*၎င်းတူးဖော်ရေးကုန်း ဆယ်ခန်းတွဲဘုန်းကြီးကျောင်းပျက်
KKG2 မှ အေဒီ ၂ ရာစု ဗြဟ္မီပွားအက္ခရာများဟု ပညာရှင်တို့
အတည်ပြုလက်ခံထားသည့် “သံဃသီရိ” စာတန်းရေးထိုး
ပါရှိသည့် မြေမီးဖုတ်တံဆိပ်တုံးအား တူးဖော်ရရှိခဲ့ပါသည်။*
*ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တွင်သာ တွေ့ရှိရသည့်
ဘုန်းကြီးကျောင်းရာ၊ သိမ်၊ စေတီ၊ ရေကန် အစုအဝေး
တွေ့ရှိရပြီးနောက် ဗိဿနိုးမြို့ဟောင်းသည် ထေရ၀ါဒ
ဗုဒ္ဓဘာသာဝင်တို့၏ ရှေးမြို့ကြီးဖြစ်ပြီး ပျူမြန်မာခေတ်
ထေရ၀ါဒဗုဒ္ဓသာသနာအား ယနေ့မြန်မာတို့ ဆက်ခံ
ကျင့်သုံးလျှက်ရှိကြောင်း ခိုင်မာစွာထုတ်ပြန်ကြေညာ
ပေးခဲ့ပြီးဖြစ်ပါသည်။*
အနှစ်ချုပ်၍ ဆိုရပါမူ တကောင်းမြို့ဟောင်း၊ သရေ
ခေတ္တရာမြို့ဟောင်း၊ ဟန်လင်းမြို့ဟောင်း၊ ဗိဿနိုး
မြို့ဟောင်းကြီးများမှ များပြားစွာတွေ့ရှိရသည့် ထေရ
ဝါဒဗုဒ္ဓဘာသာအထောက်အထားများအရ မြန်မာနိုင်ငံ
တော်ကြီးသည် ဗုဒ္ဓ-အသောကခေတ် (ဘီစီ ၆-၃ ရာစု)
ထေရ၀ါဒဗုဒ္ဓဘာသာ ခေတ်ပြိုင်ရောက်ရှိ၍ ရှေးမြန်မာ
တို့သည် ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပြီး
မြန်မာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်ရုံမက
*ထေရ၀ါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ နိုင်ငံတည်
ဘာသာ* ဟု ဆိုအပ်ပါပေသည်။

Credit to> Thant Lwin Oo

No comments:

Post a Comment