Monday, July 29, 2013

" ဒီမိုကရေစီနိုင်ငံသား "





ကိုအဏ္ဏ၀ါတို့သင်္ဘော အမေရိကန်နိုင်ငံ အလာစကာပြည်နယ် ဒတ်ခ်ျဟာဘာမှာ ကုန်တင်နေသည်။ အဲဒီအရပ်ကား ဆိပ်ကမ်းအာဏာပိုင် အဖွဲ့ပင် သင်္ဘောစစ်ဆေးရန် လေယာဉ်ဖြင့် လာရသည့် လူသူမနီး သည့်အလွန်ခေါင်သည့် အရပ်ဖြစ်သည်။ ကုန်တင်ရင်း ကုန်ပြတ်၍ နားနေသည့်တစ်နေ့ အမေရိကန်လူလတ်ပိုင်း အရွယ်တစ်ယောက် ဆိပ်ခံဘောတံတားမှာ လာပြီးကဏန်းမျှားနေသည်။
ကဏန်းတစ်ကောင်မိလိုက် ဂျင်းဘောင်းဘီ နောက်အိတ်မှာ ထိုးထားသည့် ပေတံကို ဆွဲထုတ်ပြီးတိုင်းလိုက် တိုင်းပြီးလျှင်ရေထဲပစ်ချပြီး ပြန်လွှတ်လိုက် နှင့်အလုပ်ရှုပ်နေသည်။ ကဏန်းဆယ်ကောင်လောက် ဖမ်းမိရာမှာ တစ်ကောင်ခန့်သာ ပုံးထဲရောက်၍ ကိုးကောင်ခန့်မှာ ပြန်လွှတ်ပေးလိုက်သည်ကို တွေ့နေရသည်။
ကိုအဏ္ဏ၀ါလည်း ကြည့်ရင်း စိတ်ဝင်စားလာသဖြင့် သွားပြီးစပ်စုမိသည်။ ဘာကြောင့် ကဏန်းတွေကို အကုန်မယူပဲ ပြန်လွှတ်ပေးနေ ပါသလဲလို့ မေးမိတော့ .... သူ့အဖြေက အလွန်အံ့အားသင့်စရာပါ။ ( မှတ်ချက်။ ။ မြန်မာလူမျိုးတွေအတွက် ) " အဲဒီကောင်တွေက ခြောက်လက်မ မပြည့်လို့ ကံကောင်းသွားတာလေ " တဲ့...။
ဒီအရပ်ဒေသသည် လူသူမနီးသည့် အရပ်ဖြစ်ရုံသာမက ရဲစခန်းလည်းမရှိ၊ တရားရုံးလည်း မရှိသည့် အရပ်ဖြစ်သည်။ သူ့ကို အရေးယူမည့်သူ မဆိုထားနှင့် စိတ်ဝင်စားသူတောင် ကိုအဏ္ဏ၀ါ တစ်ယောက်သာ ရှိသည်။ အမေရိကန်လူမျိုး တောသားတစ်ယောက် ဥပဒေကို လိုက်နာတာဟာ ရဲကိုကြောက်လို့မဟုတ်၊ တရားရုံးကိုကြောက်လို့လည်း မဟုတ်၊ မွေးရာပါ ဥပဒေကို လိုက်နာတတ်သည့် အကျင့်စရိုက် ခေါက်ရိုးကျိုးနေတာဖြစ်သည်။
( အဏ္ဏ၀ါစိုးမိုး " အိုပယ်ကြီး၏ နောက်ဆုံးနေ့များ " စာ ၆၁၇-၆၁၉ ကို အကျဉ်းချုပ်ဖော်ပြပါသည်။ ကျေးဇူးပါ- ကိုအဏ္ဏ၀ါ )

ဤစာစုတွင် အတုယူစရာ ဒီမိုကရေစီ နိုင်ငံသား စိတ်ဓာတ်ကို တွေ့ရှိရသည်။ ကျွန်တော်တို့ နိုင်ငံသားတွေ ဆင်းရဲလို့ ပိုက်ဆံရှာရခက်လို့ စီးပွားရှာရာမှာ သူတို့လို စိတ်ဓာတ်မျိုး မထားနှိုင်ပါဟု အကြောင်းပြသည့်တိုင် အခြားနေရာတွင်တော့ သူတို့လို ဒီမိုကရေစီနိုင်ငံသား စိတ်ဓာတ်ထားရှိကြောင်း ပြသနှိုင်ပါသည်။ ဥပမာ- ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်း မေးသိုင်းကြိုးလေးတပ်၍ စီးခြင်း၊ မိမိအသက် အန္တရာယ်မဖြစ်အောင် ယာဉ်ထိန်းတွေကပင် ဖမ်းဆီးပြီးပညာ ပေးရသည်အထိ တရားဥပဒေကို မျက်ကွယ်ပြုနေလျှင်ကား အခြားနေရာတို့တွင်မူ ဆိုဖွယ်ရှိမည်မဟုတ်ချေ။
ဒေါ်အောင်ဆန်းစုကြည်မှ ဆိုင်ကယ်စီးရာတွင် ဦးထုပ်ဆောင်းကြရန် တိုက်တွန်းခြင်းသည် အခြားအကြောင်းတွေထက် ဥပဒေကိုလေးစားလိုက်နာသော ဒီမိုကရေစီနှင့် ထိုက်တန်သော နိုင်ငံသားတွေ ဖြစ်ကြောင်း ပြသစေလို၍ ဖြစ်ပါသည်။ " လိုချင်လျှင် အရင်ပေးရပေလိမ့်မည် " စည်းကမ်းမဲ့ ကွမ်းသွေးထွေးတာတွေ အမှိုက်ပစ်တာတွေ လ္ဘက်ရည်ဖိုးပေးရတာတွေ အသာထား၍ မိမိကိုယ်တိုင်အတွက် အကျိုးမဲ့မဖြစ်သော အန္တရာယ်မှ ကာကွယ်ပြီးသားဖြစ်သော ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ ဒီမိုကရေစီနှင့် ထိုက်တန်သော ဥပဒေကို လေးစားလိုက်နာသော ဒီမိုကရေစီနိုင်ငံသား ဖြစ်ကြောင်းပြသရင်း စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ပေါ်ပေါက်လာရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့....။

No comments:

Post a Comment