Thursday, September 4, 2014

Plantar fasciitis ခြေဖနောင့်နာရောဂါ

Kop Lun: Saya please, can you give the information and health about Plantar Fasciitis? Could that be the reason of patient's weight or walking too long? How can we heal that pain and tiredness?

ယမုန်နာဆေးခန်းမှာ အလုပ်သင်လုပ်သွားပြီး တခြားနိုင်ငံမှာရောက်နေတဲ့ ဆရာမလေးကနေမေးတာပါ။

ခြေဖနောင့်နေရာနာတာကို အများဆုံးဖြစ်စေတာက Plantar fasciitis ခြေဖဝါးမှာရှိတဲ့အရွတ်ပြားရောင်လို့ဖြစ်တယ်။ ဒီအရွတ်ပြားဟာ ဖနောင့်နဲ့ခြေချောင်းတွေကို ဆက်ပေးထားတယ်။ ခြေဖဝါးကိုခုံးခုံးလေးဖြစ်နေစေတယ်။ အဲတာရောင်နေရင် အလွန်နာတယ်။

လူလတ်ပိုင်းမှာအဖြစ်များတယ်။ ခြေထောက်အသုံးများသူတွေ ဥပမာ စစ်သား၊ အားကစားသမားတွေမှာ အဖြစ်များတယ်။ တဖက်ရော နှစ်ဖက်လုံးပါဖြစ်နိုင်တယ်။ ကြာရင် အရွတ်ပြား စုတ်ပြဲတာဖြစ်လာနိုင်တယ်။

ခြေဖဝါးကို အတွင်းဘက်ကိုခွင်ရင်၊ ခွါမြင့်ဖိနပ်စီးရင်၊ ဖိနပ်မကောင်းတာစီးနေရရင်၊ အကြာကြီး ရပ်-သွား-ပြေးရရင်၊ လူကဝရင်၊ နင်းရတဲ့ မြေပြင်-ကြမ်းပြင် မာရင် ဖြစ်နိုင်တယ်။

အတော်များများ အိပ်ယာကနေထ ပဌမခြေလှမ်းမှာပိုသိသိသာသာနာတယ်။ အိပ်နေတုံးမှာ နာတာဆိုရင် အဆစ်နာရောဂါ ဖြစ်နိုင်တယ်။ tarsal tunnel syndrome အာရုံကြောရောဂါဖြစ်နိုင်တယ်။

1. ခြေထောက်အနားပေးပါ။ ဖိနပ်လိုရင်အသစ်လဲပါ။ ခွါမြင့်မစီးပါနဲ့။ ကြမ်းပြင်ညီတာပေါ်မှာသာ သွားလာလှုပ်ရှားပါ။
2. နာတဲ့ဖနောင့်နေရာမှာ ရေခဲတင်ပေးပါ။
3. ibuprofen, naproxen or aspirin အနာသက်သာဆေးတမျိုးမျိုးသောက်ပါ။
4. မရသေးရင် Splints အခုအခံကိုညအချိန်မှာသုံးပါ။
5. Steroid စတီရွိုက်ထိုးဆေးထိုးပါ။
6. လေ့ကျင့်ခန်းလုပ်ပါ။

၁။ Foot stretches လေ့ကျင့်ခန်း
နံရံကိုမျက်နှာပြုပြီးရပ်ပါ။ နောက်ခြေဆန့်ပြီး ခြေဖဝါးကို ကြမ်းပြင်မှာ ပြားလိုက်ထားပါ။ တင်ပါးကိုရှေ့ဖက်ဆီယူပါ။ ဆန့်ထားတဲ့ခြေထောက် ခြေသလုံးကြွက်သားတွေတင်းတဲ့အထိအဲလိုလုပ်ပါ။ တကြိမ်မှာ ၃ဝ စက္ကန့်ကြာ။ နောက်တဖက်ကို အဲလိုလုပ်ပါ။

၂။ (က) ထိုင်လုပ်နည်း
ပုံအသေးမှာပြထားသလို ခြေဖကိုကိုင်ပါ။ ကိုယ်ဖက်ဆီဆွဲယူပါ။ ခြေဖဝါးထဲတင်းလာတာကို ခံစားရတဲ့အထိ အဲလိုလုပ်ပါ။ နောက်တဖက်ကို အဲလိုလုပ်ပါ။

၂။ (ခ) နောက်တနည်း ခြေဖဝါးအောက်မှာ တဘက်ကိုခုထားပါ။ ခြေမနဲ့ တဘက်ကို ကိုယ့်ဖက်ဆီဆွဲယူပါ။ နောက်တဖက်ကို အဲလိုလုပ်ပါ။

  ဒေါက်တာတင့်ဆွေ
၃-၉-၂ဝ၁၄

“ဒီမိုးမှောင်တုန်း ဒင်ပုန်းပါရစေခင်”

(တစ်)
ဘယ်ရှေးဝဋ်ကြွေးတုန့်တင်လေသည်မသိ၊ဖူးခက်တည်းဟူသောမြို့ကြီးဆီသို့ ယောင်နနရောက်လာခဲ့သူ၊ ကမ်းတင်ဗေဒါ၊ သောင်ပြင်တွင် လွတ်သော ရွှေင်္ဟသာနှင့် ပမာပြု တင်စားအပ်လေသည့်ဆြာဒင့်ဘဝကားအိမ်ရှင့်မျက်နှာကို အမြဲတစေအကဲခတ်နေရသော ဧည့်သည် ဘဝနှင့်တူလှလေသည်။စားသတိ၊သွား သတိ၊အိပ်သတိနှင့် သတိမပြတ်အမြဲတစေသတိကပ်၍နေရသဖြင့် သီလ၊သမာဓိ၊ ပညာတည်း ဟူသော သိက္ခာ သုံးပါးနှင့်သာ ပြည့်စုံခဲ့ပါမူ၊ ဆြာဒင်တစ်ယောက်ယခုဘဝ၌ပင်တစ်မဂ်တစ်ဖိုလ်ဆိုက်လောက်ချေ၏။
ဖွားရာချက်မြှုပ်ဇာတိအရပ်မဟုတ်လေသည့် ရန်ဘက်ဟောင်း၏မြေဝယ် ဗမာအလုပ်သမားတို့ကား လက်ကိုင်တယ်လီဖုန်းများမှ တစ်ဆင့် ထိုင်းရဲ၊ထိုင်းဓားပြ၊ထိုင်းလမ်းသူရဲအုပ်စုတည်းဟူသော၊အန္တရာယ်အသွယ်သွယ်ကို ဂျက်ဆီဂျိမ်းနိုင်ရေးအတွက်၊ အချင်းချင်း ဆက်သွယ်သတင်းပေးကြလျက်အစ္စရေး ထောက်လှမ်းရေးအဖွဲ့ကြီးမော့ဆက်ပင်အရှုံးပေးရလောက်အောင် ကျင့်သားရကြကုန်၏။
“ဆြာ၊ကျောက်ဖားမီးပွိုင့်မှာ ဒန်း(ရဲဂိတ်)ချထားတယ်နော်”
“ပင်နာဆွန်ဆိုဒ်ထဲကို ပုလိပ်ဝင်ဖမ်းနေပြီဆြာရေ”
“ပါတောင်ကမ်းခြေမှာ ပုလိပ်တွေဝင်မွှေနေပြန်ပြီဆြာရေ့။ပတ်စပို့နဲ့ဝါ့ပါမစ်ရှိရင်လည်းဖမ်းတာပဲတဲ့ဆြာ”
“ထိုင်းနတ်ကလိမ်(ဓားပြ)တွေ ထလန်ရာဘာတောထဲက ဗမာအလုပ်သမားအိမ်ကိုဝင်တိုက်တာ၊ရွှေသုံးကျပ်သားယူသွားတဲ့ အပြင် အမျိုးသမီးကိုပါမုဒိန်းကျင့်သွားတယ်တဲ့ဆြာ”
“ဆြာဒင်လမ်းပေါ်ထွက်ရင်၊ဝိုင်လူးတွေ(ထိုင်းမြီးကောင်ပေါက်လမ်းသူရဲ)တွေကြည့်ရှောင်နော်။ဆိုင်ကယ်တွေအုပ်စုဖွဲ့ပြီးဘလာချီလိုက်
တိုက် တတ်တယ်ဆိုလား”
ထိုမျှမကနိုင်ငံတကာဧည့်သည်များဖြင့် စည်ပင်ဖွံ့ဖြိုးလှပါသည်ဆိုသော ဖူးခက်မြို့ကြီးဆီသို့ နယ်ခံထိုင်းပုလိပ်များထက် ပို၍တန်ခိုး ထွားလေသည့် ဘန်ကောက်နေပြည်တော်မှ၊အမည်နာမတစ်ဒါဇင်ကျော်ခန့်ရှိသော အထူးပုလိပ်အဖွဲ့တို့သည်လည်း အထူးစစ်ဆင်ရေး အဖြစ် ရံဖန်ရံခါ ကြွရောက်တော်မူကြလေ၏။
“ဘန်ကောက်ရဲတွေ ဖူးခက်ကိုဆင်းလာတယ်တဲ့ဗျို့၊လွတ်အောင်သာရှောင်ကြပေရော့”
“ဘန်ကောက်စစ်သားနှစ်ရာကျော်ဖူးခက်ကိုရောက်နေပြီတဲ့နော်”
သင်းတို့ရောက်လာကြသည်မှာမြို့ရွာအေးချမ်းသာယာရေးအလို့ငှာကား မဟုတ်။မြွေပူရာကင်းမှောင့် ထိုင်းပုလိပ်အချင်းချင်း၊ သူခိုး လက်မှ သူဝှက်လုဝေစုခွဲရန်သာဖြစ်လေရာ ကြားထဲကခါးနာရသူတို့မှာ ဗမာအလုပ်သမားငထွားတို့သာဖြစ်ချေသည်တစ်မုံ့။ ။
(နှစ်)
ဖူးခက်ဟူသောထိုင်းတောင်ပိုင်းမြို့ကြီးတွင် နေကြရလင့်ကစား ပြည်ထဲအရေးပေါက်နှင့်ကျေးဆိုဘိသကဲ့သို့ ယိုးဒယားပြည်စစ်တပ် ကြီး၏ ပြောင်မြောက်လှသောအာဏာသိမ်းမော်ကွန်းနှင့်အစိုးရအပြောင်းအလဲသတင်းတို့သည်လည်း လွန်ခဲ့သော(၂၀၀၆)ခုနှစ်များဆီမှ စတင်၍ တစ်ရံမလပ်၊ခပ်စိပ်စိပ်ကြားနေခဲ့ရချေသည်။
“ဆြာဒင်၊နိုင်ယုတ်(ဝန်ကြီးချုပ်)သက်ဆင်ထွက်ပြေးသွားပြီတဲ့နော်၊စစ်တပ်ကအာဏာသိမ်းလိုက်ပြီ”
“အခုအသစ်တက်လာတဲ့ဝန်ကြီးချုပ်က သက်ဆင့်တပည့်ဗျဆြာဒင်ရ”
“ဟင်းချက်တဲ့ပုဒ်မနဲ့ဝန်ကြီးချုပ်ကို ရာထူးကဖြုတ်ချလိုက်ပြန်ပြီဆြာဒင်၊အခုအသစ်တက်လာတဲ့ဝန်ကြီးချုပ်က သက်ဆင့်ယောက်ဖ တဲ့ခင်ဗျ”
“ပြုတ်သွားပြန်ပြီဆရာဒင်ရေ၊အဝါဘက်တော်သား အဘီဆစ်တက်လာပြန်ပြီဗျ”
“အဘီဆစ်လည်းပြုတ်ပြန်ပြီဆြာဒင်၊သက်ဆင့်ညီမတက်လာပြန်ပြီတဲ့”
ထိုင်းစစ်တပ်သည်အာဏာသိမ်းရာတွင် ကမ္ဘာ့စံချိန်ကျိုးလေရာ ထိုသို့သိမ်းလေတိုင်းတွင် ဆြာဒင်အပါအဝင် ဗမာရွေ့ပြောင်းအလုပ် သမားတို့ခမျာ၊ကမ္ဘာပျက်ခါနီးယောင်တီးယောင်အ၊လူလာဖြစ်ရဘိသကဲ့သို့ ကျီးလန့်စာစား ကျီးကန်းတောင်းမှောက်ဖြစ်ရသည်ချည်းဖြစ် လေ၏။သို့သော်ငြား ရာဇဝင်ထဲတွင် တန်ခိုးရှိန်စော်အာနုဘော်ထွန်းပြောင်လေသည့် သာကီဝင်အမျိုးကောင်းသားပီပီ ဆြာဒင်သည် တပည့်ကျော်တို့ကို အားငယ်တွေဝေစိတ်မဖြစ်ပေါ်စေရန်အလို့ငှာ မကြောက်တရားကို ဟောခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ဖြစ်လေ၏။
“သိပ်လည်း အကြောက်မလွန်ကြလေနဲ့ကွယ်တို့။ဒီမိုကရေစီစနစ်မှာ စစ်တပ်က အချိန်အကြာကြီးဝင်ပြီးစွက်ဖက်လို့မရဘူးလကွဲ့။ မောင်တို့လည်း ကြုံနေကြားနေရသားပဲဥစ္စာ၊ ရွေးကောက်ပွဲအသစ်မကျင်းပခင် နှစ်လတန်သည်သုံးလတန်သည်သည်းခံကြပါအုံးလဟ”
“အင်း၊ ဆြာဒင်ပြောတာ ဟုတ်တော့ဟုတ်သလိုလိုပဲ။မဟုတ်တော့လည်း ဘာမှတတ်နိုင်တာမှ မဟုတ်တာ။ဆြာဒင်ပြောဖူးသလို သတိ လေးကပ်ပြီးတော့သာ ခရီးဆက်ကြပါစို့ရဲ့ဆြာ”
“ဟုတ်ပါတယ်ဆြာ၊ဒီပြဿနာဟာ ထိုင်းလူမျိုးအချင်းချင်းအဝါအနီကွဲပြီး ရန်စောင်နေကြတဲ့ကိစ္စပါလေ။ဒီမိုကရေစီစနစ်ကြီးကျင့်သုံးနေ တာမို့ စိုးရိမ်စရာမရှိလောက်ဘူးထင်ပါရဲ့”
ဤသို့လျှင်ကြောက်၍ကြောက်ကာ ကြောက်လာသည့်မှ အကြောက်ဇာတ်လမ်းမဆုံးမီစပ်ကြား ဆြာတပည့်တစ်သိုက်မှာ ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီ အချင်းချင်းအားပေးနှစ်သိမ့်ကြရင်း ပြည်တော်မပြန်နိုင်မီကာလများ၌၊ခွေး…ဖြူတောမတိုးဝံ့သည့်ဘဝနှင့်ပင် ကြောက် ကြောက်နှင့်ကျင်လည်ခဲ့ရပြန်ချေသည်။
(၃)
သို့သော်လွန်ခဲ့သည့်သုံးလခန့်၊တစ်ခုသောညနေ၌ စိုးရိမ်တကြီးခုနစ်သံချီအော်ဟစ်ရင်း၊ဆြာဒင့်ခြံတွင်းသို့ပြေးဝင်လာသည့် ကပ္ပလီငယ်၏ အော်သံမှသည် ထိုင်းနိုင်ငံရေး၏ စိုးရိမ် ရေမှတ်သို့စတင်ရောက်ရှိခဲ့ပြန်လေသည်။
“ထိုင်းစစ်တပ်ကအာဏာသိမ်းပြန်ပြီဆြာဒင်ရေ့”
“ဟေ၊ဟုတ်လား။ခါတိုင်းလိုပဲနေမှာပါမောင်ရယ်”
“မဟုတ်လောက်ဘူးထင်တယ်နော်ဆြာ။ပထမကြေညာတာက ခဏသိမ်းသလိုလို ရွေးကောက်ပွဲအမြန်ဆုံးပြန်ကျင်းပပေးမလိုလိုနဲ့။ အခုနောက်ဆုံးကြေညာတာက အာဏာသိမ်းသက်တမ်းဟာ အနည်းဆုံးတစ်နှစ်ကျော်ကြာမတဲ့၊အာဏာသိမ်းတဲ့အဖွဲ့နာမည်ကလည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ဆိုလား၊ဘာဆိုလားပဲဆြာ။ဒီအတိုင်းဆိုရင်တော့ မဟန်လောက်ဘူးထင်တယ်နော်”
ဆြာကောင်းထံတွင်နည်းခံခဲ့ရသော တပည့်ကျော်၏တင်ကြိုတွေးဆချက်ကား သွေးထွက်အောင်မှန်လှကြောင်းနောက်ဆက်တွဲဖြစ်ရပ် များက သက်သေခံလျက်ရှိချေ၏။
“ထိုင်းစစ်တပ်ကတော့ ထိုင်းတနိုင်ငံလုံးက ရွေ့ပြောင်းအလုပ်သမားမှန်သမျှ ဗမာသော၊လာအိုသော၊ကမ္ဘောဒီးယားပါမကျန်ဖမ်းကုန်ပြီ ဆြာဒင်ရေ။ကမ္ဘောဒီးယားတွေပြန်ပြေးကြပုံများ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာစစ်အတွင်း ဗုံးဒဏ်ရှောင်ကြသလိုမျိုးပါပဲဆြာ”
“ထိုင်းစစ်တပ်က ဝင်ဖမ်းရင် ပုလိပ်တွေလို ငွေပေးပြီးညှိလို့မရဘူးခင်ဗျ။အဲ၊ ညှိတဲ့ဈေးကလည်း ဘတ်သောင်းချီသတဲ့”
“ထိုင်းစစ်သားတွေ တလစွပ်ဈေးထဲဝင်မွှေနေပြန်ပြီဗျို့”
ဗမာလူမျိုးပီပီ ငြိမ်ဝပ်ပိပြားရေးတည်းဟူသော အသံကိုကြားသည်နှင့်နားထဲကစိမ့်နေသော ဆြာဒင်ခမျာ၊(၁၉၈၈)ခုနှစ်ကာလများဆီက မြန်မာနဝတခေတ်ကိုပင်လွမ်းဆွတ်တသမိစေရန် ဖန်လာချေ၏။အာဏာသိမ်းထိုင်းစစ်တပ်သည် တည်ဆောက်ပြုပြင်ယိုးဒယား ပြည် တစ်ခွင်မဟာစီမံကိန်းကြီးကို နေ့မအားညမအားအားသွန်ခွန်စိုက်အကောင်အထည်ဖော်သည်ဟူ၏။
သဘာဝပတ်ဝန်းကျင် ထိခိုက်မည့် အရေးကြောင့်ကာလရှည်ကြာ ဆိုင်းငံ့နေခဲ့သော ဖူးခက်ဆူရတ်ဌာနီမီးရထားလမ်းစီမံကိန်းကို ဖုတ်ပူမီးတိုက်စတင်ရန် လုံးပန်းလျက်ရှိ၏။ ရှိသမျှအကုန်ထုတ်ရောင်းမည့်ပေါ်လစီအရ၊ထိုင်းနိုင်ငံ၏အရန်စွမ်းအင်အဖြစ်သိုမှီးထားလေသော ကမ်းလွန်ရေနံ လုပ်ကွက်တို့ကို ပြည်ပ ကုမ္ပဏီများသို့တင်ဒါခေါ်ရန်ပင် စိုင်းပြင်း နေကြပြီဟုဆိုကြသည်။
စာရင်းစစ်မရှိလေဟန်ထင့်။ထိုင်းနိုင်ငံ၏ဘဏ္ဍာတော်တို့ကို စိတ်တိုင်းကျထုတ်ယူသုံးစွဲနေကြသည်မှာ နဝတတက်ခါစ ဗဟိုဘဏ်ကို အနုကြမ်းစီးသည့်အဖြစ်ဟောင်းကိုပင် သတိရစရာကောင်းလှပါချေ၏။
ယင်းအခါသမယတွင် ထိုင်းနိုင်ငံရောက်ဗမာအလုပ်သမားတို့မှာ အောက်ဖော်ပြပါ သတင်းစကားများကြားဝယ် ဇီးဖြူသီးကိုစကောထဲတွင် လှိမ့်ဘိသကဲ့သို့ရှိနေပြန်ချေသည်။
“ထိုင်းစစ်တပ်ကနေ၊ဘတ်တစ်ထောင်ကျော်နဲ့သုံးလခံဘတ်အသစ်လုပ်ပေးနေပြီ။မဖမ်းတော့
ဘူးတဲ့”
“သုံးလမဟုတ်ပြန်ဘူးတဲ့ခင်ဗျ။တနှစ်ခံဘတ်(အလုပ်သမားကဒ်ပြား)လုပ်ပေးပြန်ပြီ၊ဘတ်သုံးထောင်ကျော်ကျမတဲ့၊ပတ်စပို့နဲ့ဝါ့ပါမစ်ကတော့ နောက်ခါလာနောင်ခါ ဈေးတဲ့”
“စစ်တပ်ကဆွဲရင် အာမခံမရဘူးနော်”
(လေး)
နောက်ဆုံးရသတင်းမှာ ထိုင်းကာကွယ်ရေးဦးစီးချုပ် ပရာရွတ်ချန်အိုးချားသည် အစိုးရအဖွဲ့သစ်၏ဝန်ကြီးချုပ်ဖြစ်တော်မူလေပြီ ဟူ သတည်း။
ဝန်ကြီးချုပ်အသစ်၏နေ့စဉ်ရက်ဆက်မြွက်ကြားလေသည့် နှစ်နာရီနီးပါးကြာမြင့်လေသည့် မာရသွန်မိန့်ခွန်းရှည်တို့မှာ စစ်တပ်ကိုထောက်ခံပါသည်ဟူသော ထိုင်းလူမျိုးတို့ပင် နားကလောကြသည်ဆို၏။အာဏာသိမ်း ထိုင်းစစ်တပ်၏ခြေလှမ်းများကား တစ်စက်ကလေးမှအေးဖွယ်မမြင်ချေ။စစ်တပ်နှစ်တပ်အကြားပိုပိုနားလည်မှုရရှိရေးအတွက် ဗမာပြည်ပျူဂါမတွင် စစ်ဦးစီးချုပ်နှစ်ဦး ဒူးတိုက်ဆွေး နွေးကြသည့်သတင်းအပေါ် တပည့်ကျော်ဖေကြည်၏မှတ်ချက်မှာ မှတ်သားထိုက် လှပေသည်။
“အမှန်တော့၊ဘာအလုပ်မှမယ်မယ်ရရမရှိတဲ့၊ထိုင်းစစ်ဗိုလ်ချုပ်တွေဟာ ဗမာစစ်ဗိုလ်ချုပ်တွေထားစရာမရှိအောင် ချမ်းသာနေကြတာကို အားကျနေကြတာခင်ဗျ။ထိုင်းနဲ့ အမေရိကန်ပူးတွဲလေ့ကျင့်နေကျကော်ဘရာစစ်ဆင်ရေးကိုတောင် ရပ်ထားရတာ အခုထိုင်းစစ်တပ်က ဗမာစစ်သားတွေကိုခေါ်ပြီး သင်တန်းပေးအုံးမတဲ့။အံ့ရော။ဂေါဏေနဂေါဏောတော့ဖြစ်ကုန်ပြီဆြာဒင်ရေ့၊အမလေး၊ဖြစ်ရပုံများ ဗမာ ကာကွယ်ရေးဦးစီးချုပ်ဟာ ထိုင်းဘုရင့် သက်တော်ရှည်အမတ်ကြီးရဲ့ မွေးစားသားတဲ့ခင်ဗျ”
လေမင်းသား၏မှတ်ချက်ကားတစ်နည်းတစ်ဖုံမှတ်သားစရာကောင်းပြန်ချေသည်။
“အမှန်တော့ ထိုင်းနိုင်ငံဟာစစ်တပ်အားကိုးနဲ့ ပဒေသရာဇ်ခေတ်၊အာဏာရှင်စံနစ်ဆီပြန်ဦးတည်နေတာပါဆြာဒင်ရာ။ဗမာစစ်ဗိုလ်တွေဟာ အာဏာရှင်လက်စွဲကျမ်းကိုအရည်ကျိုသောက်ထားတာဆိုတော့ ထိုင်းတွေက တပည့်ခံတာဆန်းတော့မဆန်းလှပါဘူးလေ။အမယ်၊ ရေဒီယိုမိန့်ခွန်းမှာ ထိုင်းကာကွယ်ရေးဦးစီးချုပ်မိန့်ခွန်းခြွေတဲ့အခါများ ဟိုတုန်းကလို ဗမာကို ဖမားလို့တောင်မသုံးတော့ဘူး။ဘာတဲ့၊ရီပတ် ဗလစ်အော့ မြန်မား၊မြန်မားဆိုပြီး မြန်မားချင်းထပ်နေလေရဲ့၊ဗမာစစ်တပ်ရဲ့ဇာတ်ညွန်းကိုခိုးချပြီး ကပြမဲ့ ဗိုလ်ချုပ်ကြီးပရာရွတ်ကမ်းအိုးချား ရဲ့ ဇာတ်အဖွဲ့ကြီးကို စောင့်သာကြည့်ပေတော့ဆြာ”
မည်းကြုတ်သောမဟူရာအသားအရည်ပိုင်ရှင် ကပ္ပလီကလေး၏ အမြင်မှာလည်း တစ်မျိုးတစ်ဘာသာဖြစ်၍ ဆင်ခြင်ထိုက်လှလေသည်။
“လက်ရှိထိုင်းအာဏာသိမ်းမှုဟာ ၁၉၆၂ခုနှစ်ဗမာပြည်မှာ ဦးနေဝင်းအာဏာသိမ်းတာနဲ့ဆင်တူတယ်ဗျ။တိုင်းပြည်ကအထိုက်အလျောက် ပြည့်စုံနေသေးလို့ ဘာမှမသိသာသေးတာ။ခုချိန်မှာတော့ ထိုင်းစစ်တပ်ဟာသူရဲကောင်းကြီးပေါ့။ အဲ ..။နောက် ဆယ်နှစ်စောင့်ကြည့်။ ထိုင်းတွေဖွတ်ကြောပြာမစုရင် ဆြာ့တပည့်ကို ကြိုက်တဲ့ မယ်စကြာဝဠာနဲ့ပေးစားလိုက်”
(ငါး)
တပည့်ကျော်ပညာရှိတို့၏ သုံးသပ်ချက်တို့ကြောင့် ဆြာဒင့်မှာ တစ်ကိုယ်လုံးရှိအမွှေးအမျှင်တွေ ထောင်ကုန်လေ၏။ဆြာဖြစ်သော်ငြား အဖြေမသိ၊ထွက်ပေါက်မရှိသည့် အခြေအနေမို့တပည့်တို့ကိုပင် ဆြာပြန်တင်ရပြန်သည်။
“နေပါဦးတပည့်တို့ရ။သူတို့ဘာသာသူတို့ဘယ်စနစ်နဲ့ချီတက်ချီတက်၊ငတို့က အနေသာကြီးမဟုတ်လား”
“ဒုံးဝေးပါ့ဆြာဒင်ရယ်။အမျိုးသားရေးဇောင်းပေးတဲ့စနစ်မှာ ဗမာရွေ့ပြောင်းအလုပ်သမားတွေအတွက်ဘယ်မှာလာနေရာရှိပါ့မတုန်း။အခု လတ်တလော ဗမာအလုပ်သမားအရေးကို ပြေလည်အောင်ညှိနိုင်းဆောင်ရွက်နေသယောင်လုပ်နေတာဟာ ထိုင်းလူမျိုးငပျင်းတွေနဲ့ အစားထိုးမရလို့၊ဗမာတွေမရှိမဖြစ်လို့ခင်ဗျ။အသားတိုးတိရိစ္ဆာန်တွေကို စားရတဲ့အရွယ်မရောက်ခင်၊တယုတယ မွေးတာ၊နွားတွေကို ခိုင်းကောင်းတုန်းဂရုစိုက်တာတွေသတိရစမ်း ပါဆြာရယ်။ဆြာဒင်ကြပ်ကြပ်ကြီးမှတ်သားထားဖို့က ဒီစနစ်ကြီးအတိုင်းသာဆက်သွားနေရင် မကြာခင်ထိုင်းနိုင်ငံကြီး မွဲတေပြာကျ တော့မှာ သေချာတယ်”
“ဒါဆိုလည်း ဖူးခက်မှာအခြေမဟန်ရင်ဖြင့် ပြည်တော်ပြန်ကြရုံပဲပေါ့မောင်တို့ရာ”
“ရော၊ပြောနေလျက်နဲ့ညံ့လေခြင်းဆြာ။ ပြည်တော်ပြန်ရအောင်၊ ဗမာပြည်မှာဘယ်မတုန်းကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ။ ငတ်မဲ့အတူတူတော့ ခြေညောင်းမခံချင်ပါတော့နဲ့ဆြာရယ်”
တပည့်တို့၏အဆိုအတိုင်းသာဖြစ်ခဲ့မူ၊ဆြာဒင့်ဘဝသည်ရှေ့တိုးတံပိုး၊နောက်ဆုတ်လှည်းတုတ်ပေတကား။သို့ဆိုလျှင် ဤဘဒ္ဒကမ္ဘာ မဟာ ပထဝီမြေပြင်၌ ဆင်ခြင်တုံတရားကင်းမဲ့စွာ၊လူနှင့်လူချင်းဖိနှိပ်လျက် လူညွန့်ခူးသည့်စစ်ဝါဒီစံနစ်ဆိုးမှကင်းလွတ်သော၊တာဏံ ပုန်းအောင်း ရာ၊လေဏံမှီခိုလဲလျောင်းရာအရပ်သည် အဘယ်မှာနည်း။
စစ်တိမ်ရိပ်တို့၏ဗျူဟာဆင်မှုကြောင့် အာကာတစ်ပြင်လုံးစစ်မိုး မှောင်နေ ချိန်တွင် ကြည်နူးချမ်းမြေ့စွာ မှီခိုလဲလျောင်းနိုင်သည့် မယ်စကြာဝဠာ၏ရင်ခွင်နှင့်တူလှသော ၊စစ်ဘေးကင်းရာအရပ်ဆီသို့ ဆြာဒင်တစ် ယောက်၊ခိုဝင်ပုန်းအောင်းနေလိုလှချေ၏။

မင်းဒင်
၀၅သြဂုတ်၂၀၁၄နေ့ထုတ် သည်လေးဒီးစ်ဂျာနယ်မှ။

Asthma (1) ပန်းနာ (၁)

ကျွန်တော်အသက် ၂၅ ပါ။ ရင်ကျပ်ရောဂါခံစားခဲ့ဘူးပါတယ်။ ခုတော့မဖြစ်တာကြာပြီ။ အသက် ၂ဝ မှာ့ မှာ အလုပ် လုပ်ရင်းနဲ့ ၁ နှစ်တိတိ ရင်ကျပ်ဖြစ်ခဲ့ပါတယ်။ အအေးစာတွေစားရင်ပြန်ပေါ်နေတတ်တယ်ဆရာ။ ရင်ကျပ်ရောဂါ အမြစ်ပြတ်အောင် ဘယ်လိုဆေးမျိုးသောက်ရမလဲဆရာ။ အခုလည့်း့ ကိုသွားဖို့လုပ်နေတယ်ဆရာ။ အအေးပိုင်းဆိုတော့ ရင်ကျပ်ရောဂါပြန်ဖြစ်မှာစိုးတယ်ဆရာ။ အစားသောက်ကော ရှောင်စရာလိုသေးလားဆရာ။ ရင်ကျပ်ရောဂါဖြစ်စဆို လမ်းလျှောက်ရင်လည်း မောပြီးအိပ်လို့ရှိရင်လည်း လည်ချောင်းထဲမှာ တစီစီနဲ့အော်နေတယ်ဆရာ။ အသက်ရှုအရမ်းကျပ်လာပြီဆိုရင်တော့ ဆရာဝန်ကဆေးငွေ့ရှုခိုင်းတယ်ဆရာ။ ဒါရှုပြီးရင်တော့ ချက်ချင်း သက်သာတယ်ဆရာ။ နောက်ပြန်ဖြစ်တတ်သေးလားဆရာ။

နှစ်စဉ် မေလရဲ့ ပဌမအင်္ဂါနေ့ကို ကမ္ဘာ့ပန်းနာရောဂါနေ့လို့ သတ်မှတ်တာမို့ ဒီစာက ရာသီစာဖြစ်သွားရော။ မေးတဲ့လူကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ဝမ်းနာကိုယ် ပိုသိတဲ့လူတွေထဲမယ် ပန်းနာသမားတွေလည်း ပါတယ်။ နာတာရှည်ရောဂါ ဖြစ်ပြီ ဆိုရင် လူနာကိုယ်တိုင်က သူ့ရောဂါအကြောင်းကို ဆေးဆရာတွေလို သိနေပါပြီ။ ပန်းနာသည်၊ သွေးတိုးသမား၊ ဆီးချို ရှိသူများပေါ့။ အခုမှဖြစ်စ ရောဂါသည်လက်သစ်တွေကတော့ လေ့လာရဦးမှာပေါ့လေ။ ကဲ စ, ဖတ်ပေ-မှတ်ပေတော့။

လူဦးရေ ၅% မှာ ဖြစ်တယ်။ အသက် ၁၄ နှစ်အောက် ယောက်ျားလေးတွေမှာ ပိုအဖြစ်များတယ်။ မျိုးရိုး လိုက်တာ သိသာတယ်။ လေ့ကျင့်ခန်းလုပ်လို့ ဖြစ်လာတတ်တယ်။ ရောဂါတွေထဲမယ် ကုဘို့ခက်တာဆိုရင် ဆေးစာအုပ်တွေမယ် အရှည်ကြီး ရေးကြတယ်။ သီအိုရီတွေ အမျိုးမျိုး၊ ဖြစ်နိုင်တာတွေ အဖုံဖုံ၊ စုံနေအောင်ရေးတာ။ မသေချာရင် ဆေးဆရာတွေ လျှာရှည်ပုံပြောရရင်၊ ဗြိတိန်-ပန်းနာရောဂါ အသင်းက ပန်းနာကုထုံးကို ရေးထားတာ စာမျက်နှာ ၄၄ဝ တောင်ရှိတယ်။

ပန်းနာအကြောင်းပြောရင် (အလာဂျီ)နဲ့ ဆက်ပြောရတယ်။ မတည့်တာကို ပြောမှန်း သိမှာပေါ့။ (အက်စ်မာ) လို့ ခေါ်တာလည်း လူအတော်များများ သိတာဘဲ။ Asthma ကို အသံထွက်ရင် (သ)သံ မထွက်ရဘူးဆိုပေမဲ့ YouTube သွားပြီးရှာရင် အနောက်နိုင်ငံမှာ သမားတော်လုပ်နေသူ အသံထွက်တာ (အက်စ်သ်မာ) လို့ (သ) သံကို မဖျောက်နိုင်ဘဲ၊ (လက်ချာရိုက်) တာ တွေ့ရတယ်။

ပဌမဆုံး ပေးချင်တဲ့ အကြံကတော့ တောသွားနေကြပေတော့လို့။ မြို့သားတွေမှာ ၂၅ ရာနှုန်း အဖြစ်များနေသတဲ့။ တမတ်သား ဆိုတာကလည်း ခေတ်စားတယ် မဟုတ်လား။ ကလေးတွေမှာ ပိုများလာနေသတဲ့။ ကလေးမှာများတော့ ရောဂါကလည်း ပျောက်နိုင်ခဲတာမို့ သူတို့ ကြီးလာတာနဲ့ ကလေးရော၊ လူကြီးရော အဖြစ်များတာ ဖြစ်လာရော။ ဂုဏ်ယူချင်လဲ ယူပေါ့လေ၊ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ ပိုဖြစ်တယ်ဆိုဘဲ။ အဲ ဒါပေမဲ့ ဝင်ငွေနည်းတဲ့ အုပ်စုမှာ ပိုများပြန်ရော။

ပန်းနာ ဖြစ်သူတွေ ဂုဏ်တင်ပြောနိုင်တာလဲ တကယ်ရှိပါတယ်။ Hygiene hypothesis တကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်လွန်းလို့ ဖြစ်တာလဲရှိသတဲ့။ မောင်သန့်ရှင်း၊ မသန့်ရှင်းတို့ကို ပြောတာပေါ့။ ဒီတော့ သိပ် သန့်ချင်နေတာဖြစ်ရင် လျှော့ပေါ့။ အလုပ်အမျိုးအစားနဲ့လဲ ဆိုင်နိုင်တာမို့ လက်ရှိ အလုပ်မျိုးကနေ ပြောင်းသင့်ရင် ပြောင်းပါ။ ကျုပ်တို့ပြည်မှာ အလုပ်တွေပေါလှဆိုဘဲ။ သတင်းစာမှာ ဖတ်ရတာ။ သံသယများတဲ့ အလုပ်မျိုးတွေက ချည်-သိုးမွှေး-သားမွှေး၊ အဝတ်အထည်၊ ဓါတုပစ္စည်း၊ အမှုံ့လုပ်ငန်း၊ အနံ့အသက် များတဲ့လုပ်ငန်း စတာတွေပါ။ ချုပ်ပြောရရင် မျိုးဗီဇနဲ့ ပတ်ဝန်းကျင်တို့ ဆက်စပ်ပြီး ပန်းနာရောဂါရတာပါ။ မျိုးရိုးဖြစ်တော့ ပိုက်ဆံတမတ်ပေး မွေးစားခိုင်းယုံနဲ့ မရဘူးလေ။

စိတ်ဖိအားများခြင်းနဲ့လဲ ဆိုင်တဲ့လူတွေမှာ ဆိုင်ပါသေးတယ်။ ဒီတော့ ပျော်ပျော်နေတာ ကောင်းတယ်။ ငယ်ရွယ်တုံးက ပဋိဇီဝဆေးပေးရတာတို့၊ ဗိုင်းရပ်ပိုး အဝင်ခံဘူးတာတို့ကိုလည်း ထည့်စဉ်းစားရတယ်။ ဒါ့ကြောင့် ကလေးတွေကို ဆေးကုရင် ပိုပြီးသတိရှိရပါလိမ့်မယ်။

(အက်စမာ) မှာ နှစ်မျိုးရှိတာပါ။ အများဆုံးဖြစ်တာက Bronchial asthma အသက်ရှူတာနဲ့ဆိုင်ပြီး နောက်တမျိုးက နှလုံးရောဂါကနေ ဆက်ဖြစ်တာ Cardiac asthma ပါ။ မသိရင် ရင်ကြပ်လို့ဆိုတိုင်း ရမ်းကုရင် ဒုက္ခ ပိုရောက်စေတယ်။ အသက်ရှူလမ်းကို ကျယ်အောင်လုပ်တဲ့ဆေးက နှလုံးမကောင်းသူတွေအတွက် ရေနစ်သူ ဝါးကူထိုး ဖြစ်စေပါတယ်။

ဘာရောဂါဖြစ်ဖြစ် ဆေးကုတာမှာ ရောဂါတရားခံကို ရှင်းရတာနဲ့ သူ့ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာအောင် လုပ်တာဆိုပြီး နှစ်ပိုင်းရှိရပါတယ်။ ရင်ကြပ်-ပန်းနာ Asthma ကို ကုတာမှာ အကြောင်းရင်းကို မသိတာများလို့ ဖြစ်လာတာကို သာသက်သာစေမဲ့ ဆေးကိုပဲ ပေးရတာဖြစ်တယ်။ အပျောက်ကုနိုင်တာ မဟုတ်ဘူးပေါ့။ ဒါ့ကြောင့် ပြန်ပြန်ဖြစ်ရတာပါ။

ဖြစ်နိုင်ရင် အကြောင်းကိုရှာပါ။ ဆေးကြောင့်လား၊ ဥပမာ (အက်စ်ပရင်)။ တကယ်လို့ ရှောင်မရမဲ့အရာဖြစ်နေရင်၊ ဆိုပါစို့ ပတ်ဝန်းကျင်ကြောင့်ဖြစ်တာဆိုရင် အဲဒါတွေကို ကိုယ်နဲ့ယဉ်ပါးအောင်လုပ်နည်း Desensitization ကို သုံးနိုင်ပါတယ်။ ကရိကထတော့ များတာပေါ့။ ကျန်တာတွေကတော့ သက်သာစေမဲ့ ဆေးနည်းတွေ ဖြစ်တယ်။ ဒါမှာလည်း ဆေးအမျိုးမျိုး ရှိတာပါ။ တိတိကျကျပြောရရင် သုံးမျိုး။ သက်သာဆေး၊ ကာကွယ်ဆေးနဲ့ အရေးပေါ်ဆေး။

လေပြွန်ကျယ်ဆေးတွေကို ရေတိုအတွက် ပန်းနာသည်တိုင်း သုံးနိုင်ပါတယ်။ ခဏခဏ ကြပ်နေသူများကို စတီရွိုက်ရှူဆေး သိပ်မများအောင်ပေးရမယ်။ အရင်က Theophylline (Aminophylline) ကို ပါးစပ်က သောက်ခိုင်းပါတယ်။ နေ့တိုင်း ဆက်ဖြစ်သူများကိုတော့ စတီရွိုက်ရှူဆေး နဲ့ β-2 agonist ရှူဆေး တွဲပေးရမယ်။ ဒီထဲကမှ သိပ်ဆိုးနေရင် စတီရွိုက် သောက်ဆေးပါ တွဲလိုက်ရင် သက်သာမှာပါ။

(MDI) ဆိုတာ ခေတ်မီပန်းနာသည်များရဲ့ လက်ကိုင်အိပ်ထဲ အမြဲထားရမဲ့ အဆောင်ပစ္စည်းတခုပါ။ ဒီဆေးက အမြန် ထိရောက်တဲ့ ရှူဆေးပေါ့။ ဒါနဲ့ အဆင်မပြေတဲ့ လူအိုတွေ၊ ပြောတဲ့အတိုင်း မလုပ်ချင်တဲ့လူနာတွေ အတွက်ကတော့ Asthma spacer ဆိုတာကို သုံးစေပါတယ်။ Nebulizer ဆိုတဲ့ အငွေ့ရှူတာမျိုးလည်း သုံးနိုင်ပါတယ်။

နောက် သက်သာဆေးအုပ်စုထဲမှာ ရေတိုအတွက် Salbutamol, Levalbuterol, Terbutaline, Bitolterol ခေါ်တဲ့ ဆေးတွေ ရှိသေးတယ်။ ဒီဆေးတွေက ပါးစပ်ကပေးရင် ခြေတုံ-လက်တုံ-ရင်တုံ ဖြစ်တတ်တယ်။ Epinephrine, Ephedrine စားဆေး၊ ထိုးဆေးက သမားရိုးကျ ထိရောက်တဲ့ဆေးတွေပါ။ သုံးနေကြဆဲပါ။ ပိုစိတ်ချချင်ရင် Ipratropium bromide ကိုပေးပါတယ်။ နှလုံးရောဂါရှိရင်တောင်မှ ပေးနိုင်တယ်။ နဲနဲတော့ကြာလို့ လာမယ်-ကြာမယ် အစားပေါ့။

ပန်းနာမှာ ကာကွယ်ဆေးဆိုတာက တခြားရောဂါတွေနဲ့ သဘောသဘာဝ မတူဘူး။ မဖြစ်အောင်ဆိုတာ မကြပ်အောင်နဲ့ ကြပ်ရင်လဲ သက်သာအောင်ပေးတဲ့နည်းပါ။ (စတီရွိုက်) ဆေးတွေပါဘဲ။ ကြာကြာသုံးသူများဆိုရင် သတိထားဘို့က အဆီစုတတ်လို့ ဝမယ်။ အစားသိပ်စားချင်လို့လည်း ဝမယ်။ အရိုးပွတတ်တယ်။ အသံသြတာတို့၊ မှက်ခရုဖြစ်တာတို့လဲ ဖြစ်တတ်တယ်။ အလာဂျီအတွက် Burmeton, Citrizine တို့လိုဆေးမျိုးပါ တွဲပေးရတတ်ပါသေးတယ်။

ခုနောက်ဆုံး အသုံးများတဲ့ဆေးတွဲတွေကတော့ စတီရွိုက်ရှူဆေးနဲ့ တာရှည်ခံလေပြွန်ကျယ်ဆေးတွေဖြစ်ပါတယ်။ Advair Seretide, Budesonide, Formoterol, Symbicort တို့လည်းပါတယ်။

ကြည့်ဘူးကြမှာပါ Panic room ဇာတ်ကားထဲမှာ Jodie Foster ရဲ့သမီးအဖြစ် ကလေးဇာတ်လိုက် Kristen Stewart ဟာ ပန်းနာသည်လေးအဖြစ် သရုပ်ဆောင်ရတယ်။ တကယ့်ဘဝ ပန်းနာသည် မင်းသမီးကတော့ နာမည်ကြီး (လင်းဆေး-လိုဟန်) ပေါ့။ အရေးပေါ် ဆေးရုံတောင်တက်ယူရသတဲ့။ ဆေးရုံဆင်းတော့ အလေးချိန် ၁၅ ပေါင် ကြီးများတောင် ကျသွားတာကို မြင်တဲ့လူတွေက၊ “မင်း သိပ်ဟုတ်သွားပါလား” လို့ ချီးမွမ်းကြတယ်။ ဒီတော့ ပန်းနာသည် မင်းသမီး ပြန်ပြောတာက “သူတို့ပြောပုံကဖြင့် အရင်က ကျမ အတော်မလှဘူးလို့ ပြောနေတဲ့အတိုင်းဘဲ” တဲ့။

(လင်းဆေး-လိုဟန်) လို အရေးပေါ်ဖြစ်ရင် အောက်စီဂျင်ပေးဘို့လိုရင်လိုမယ်။ Salbutamol or Terbutaline တို့ကို Ipratropium နဲ့တွဲပြီး၊ အငွေ့အဖြစ် ရှူခိုင်းမယ်။ ပါးစပ်ကနေ စတီရွိုက်ပေးတယ်။ Ketamine ဆိုတဲ့ မေ့ဆေးလည်း ပေးနိုင်တယ်။ ဆားခါးကိုလည်း သွေးပြန်ကြောထဲ ထိုးပေးနိုင်တယ်။ အသက်ရှူစက်နဲ့ ကူပေးတာမျိုး သုံးပါတယ်။

ဆရာဝန်တွေက ဘယ်လိုဘဲ အဲဒီနည်းပေါင်းစုံနဲ့ ကုနိုင်ပါတယ်ပြောပြော၊ ပန်းနာသည် ၁ဝ ယောက်ရှိရင် ၅ ယောက်က ဆရာဝန်တွေကို အားမကိုးပါ။ တခြားနည်းတွေ ရှာကြပါတယ်။ ဒါပေမဲ့ လေထဲကပိုးတွေ၊ အမှုံတွေကို သန့်ပေးနည်းကို လက်တွေ့မှာ ထိရောက်တယ်လို့ သက်သေမပြနိုင်ပါ။ စိတ်ပညာနည်း၊ ယောဂနည်း။ တရားထိုင်နည်းတွေကိုလည်း ထိရောက်တယ်လို့ ညွှန်းမပေးချင်ပါ။ အပ်စိုက်ကုတာကိုတောင် စာရင်းမသွင်းသေးပါ။ (ဟိုမီယိုပက်သစ်) နည်းကတော့ နည်းနည်းနီးစပ်လာပုံရနေပါတယ်။ နောက်ပြီး ရုရှား-ပညာရှင်တဦး တည်ထွင်တဲ့ Buteyko method အသက်ရှူနည်း ကိုတော့ သုံးနိုင်ပါတယ်လို့ ဆရာဝန်တွေက ထောက်ခံထားပြီးပါပြီ။

ဖြစ်နေမှတော့ စိတ်မပျက်နဲ့။ ညားပြီးသား ခွဲဘို့ခက်သလို ကြည့်ပေါင်းပေါ့။ နည်းပေါင်းစုံရှိတာဘဲ။ အကြံပေးချင်တာက ကြပ်လာပြီဆိုရင် အကြာကြီး စောင့်မနေပါနဲ့။ မြန်မြန် ဆေးကုလိုက်ပါ။ ညဥ့်နက်သန်းကောင်မှာ ထဖြစ်တတ်တယ်။ ပန်းနာ ဆိုတာ သေခြာသူ၊ နှလုံးရောဂါ မရှိသူ၊ ဆန်းဆန်း ပြားပြားတွေလည်း လက်လှမ်း မမီသူများအတွက် ဆေးထိုးပိုက် ၂ စီစီ တချောင်းနဲ့ (အဖီဒရင်း) ထိုးဆေး တလုံးဆောင်ထားရင် အရေးပေါ်အတွက် အလွယ်ဆုံးပါ။ လက်ဖျံအရေပြား အောက်မှာ ၁ စီစီသာပါတဲ့ ထိုးဆေးကို တဝက်လောက် ထိုးပေးလိုက်ရင် ၁ဝ မိနစ်ထက် မကြာပါ။ ကြပ်တာတွေ ချောင်သွားပါ လိမ့်မယ်။ လိုမှ ကျန်တဲ့တဝက်ထိုးပါ။ ရင်တုံတာလေးတော့ သီးခံပေါ့။

စိတ်မပျက်နဲ့နော်။ အံ့စရာတခုပြောမယ်။ အားကစားသမားတွေမှာ အတော်များများ ပန်းနာရှိကြသတဲ့။ ဆိုပါစို့ အိုလံပစ် ကစားသမားတွေရဲ့ ၁၅ ရာနှုန်းမှာ ပန်းနာရှိတယ်ဆိုဘဲ။ ဒါကတော့ ရှူနာရှိုက်ကုံး ပန်းနာသည်လုံးလုံးဖြစ်ပါစေ အားကစား လုပ်လို့ရတာကို ပြောချင်တာ။ ဒီတော့ ပန်းချင် ပန်းပါစေ၊ ရွှေတံဆိပ်သာမှန်း။

ပန်းနာထသူတွေအတွက် အရေးပေါ် သိထား-ဆောင်ထားစရာတွေ
• Beta-adrrenergic agonists ဆေး၊ Albuterol sulfate 1.25-1.5 mg. Metaproteranol 10-15 mg. Isoetharine 2.5-5 mg, Bitolterol mesylate 0.5-1.5 mg တခုခုကို Nebulizer ရှူဆေးအဖြစ် သုံးတယ်။
• Terbutaline sulfate 0.25-0.5 mg S/C, Epinephrine 1:10000 (0.1-0.3 ml) S/C အရေပြားအောက်မှာ ထိုးပေးတယ်။ (ဒီဆေးကို ကိုယ်ဝန် ပဌမ ၃ လရှိသူ၊ နှလုံးရောဂါရှိသူတွေကို မပေးပါ။)
• Steroid စတီရွိုက်ဆေး၊ (Prednisone 60-180 mg/day) ပေးပြီး၊ နောက် လျှော့လျှော့ ပေးသွားရမယ်။
• Anticholinergics ဆေးကိုလဲတွဲပေးနိုင်တယ်။ အရင်က Atropine ကိုသုံးတယ်။ နောက်ပိုင်း Ipratropium bromide ဆေးသုံးလာတယ်။ Ipratropium (500 mg = 2.5 ml) ဆေးကို Nebulizer ဆေးကို တမျိုးထဲဖြစ်ဖြစ်၊ Albuterol နဲ့ရောပြီးဖြစ်ဖြစ် ပေးနိုင်တယ်။
• Antibiotics ပဋိဇီဝဆေး (Septrin, Doxycycline, Tetracycline, Cipro) ဆေးတမျိုးမျိုးကို အသက်ရှူလမ်း ပိုးဝင်နေရင်ပေးရမယ်။
• အောက်စီဂျင်၊

တခြားဆေးတွေလဲ သုံးပါသေးတယ်။ (Cromolyn and Nedocromil (Cromolyn, Nedocromil); Leukotriene Receptor Antagonists (Montelukast, Zafirlukast); 5-Lipoxygenase inhibitor (Zileuton); Methylxanthines (Theophylline); Immunomodulators (Omalizumab)

ရေတို-ပန်းနာသက်သောဆေးတွေလဲ ရှိတယ်။ (Inhaled Short-Acting Beta-adrrenergic agonists (Albuterol CFC, Albuterol HFA, Pirbuterol CFC, Levalbuterol HFA); Nebulizer solution (Albuterol, Levalbuterol, R-albuterol); Anticholinergics (Ipratropium, Ipratropium with albuterol); Corticosteroids (Prednisolone, Prednisone)

ပန်းနာကင်းရှင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြစေသောဝ်။

Dr. တင့်ဆွေ

Al-Qaeda declares new branch in Indian sub-continent‘အယ်လ်ကိုင်ဒါ’ တောင်အာရှမှာ စခန်းခွဲဖွင့်မည်။ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာပြည်တွေမှာ လှုပ်ရှားမည်

• Al-Qaeda ‘အယ်လ်ကိုင်ဒါ’ ခေါင်းဆောင် Ayman al-Zawahiri အေမင် အယ်လ်-ဇဝါဟာရီ ကနေ တောင်အာရှ တိုက်ငယ်မှာ စခန်းခွဲဖွင့်မယ်လို့ မနေ့ကပြောလိုက်ပါတယ်။ အွန်လိုင်း ဂျီဟဒ် အကြမ်းဖက် စောင့်ကြည့်ရေး အုပ်စုရဲ့ SITE မှာ ဗီဒီယိုကနေတဆင့် ပြောလိုက်တာဖြစ်ပါတယ်။
• ‘အယ်လ်ကိုင်ဒါ’ အဖွဲ့ဟာ လက်ရှိ အာဖကန်နစ္စတန်နဲ့ ပါကစ္စတန်မှာလှုပ်ရှားနေပါတယ်။
• အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်နဲ့ မြန်မာပြည်တွေမှာ အစ္စလမ်းမစ် အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်မယ်လို့ ကြောညာလိုက်တာဖြစ်ပါတယ်။

  ဒေါက်တာတင့်ဆွေ
၎-၉-၂ဝ၁၄

http://news.yahoo.com/al-qaeda-declares-branch-indian-sub-continent-190808390.html

Wednesday, September 3, 2014

ထားဝယ်ရာဇ၀င်အကျဉ်း

ထားဝယ်ခေါ်တွင်ခြင်း အရင်းအစ
=======================
ရှင်တော်ဗုဒ္ဓ(၁၁)၀ါအရတွင် ယခုထားဝယ်မြို့မှ အရှေ့မြောက်ဖက် (၁၂)မိုင်အကွာ ကျောက်ထောင့်ရွာအနီးရှိ ဝေမိဿ ကတောင်(ယခု ကနန်းတောင်)ခေါ်သည့်တောင်ထိပ်၌ ဒေသစာရီကြွချီတော်မူလာပြီး ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်ကို အ စွဲပြု၍ ယွန်း၊ ရှမ်း၊ ယိုးဒယားတို့ဘာသာဖြင့် “ထ၀ှာ”ဒေသကို “ထားဝှယ်တိုင်း”ဟုတွင်လေသည်။ နှောင်းအခါ အခေါ်ရွေ့လျော လာသဖြင့် “ထားဝယ်”ဟူ၍ ခေါ်ဝေါ်ကြသည်မှာ ယနေ့တိုင်ပင်။

ယင်းအခါက ယင်းဒေသ၌ ပထမဦးစွာ မြန်မာ၊ ယွန်း၊ ရှမ်းတို့ ရောပြွမ်းလျက် လုပ်ကိုင်စားသောက် နေထိုင်ကြလေ သည်။

ယင်းနောက် မြန်မာတို့ အဆက်အနွယ်ဖြစ်သည့် “နရုတိမင်း”သည် ယခု ထားဝယ်မြို့မှ မြောက်ဖက် (၄၇)မိုင်အကွာ ၌ အောင်သာဝတီမြို့ (ယခု ကလိန်အောင်ရွာ)ကို တည်ထောင်၍ အုပ်စိုးလေသည်။

ကောဇာသက္ကရာဇ် ၉၄ ခုနှစ်တွင် “နရိန္ဒမင်း”လက်ထက် အောင်သာဝတီမြို့မှ ပြောင်းရွှေ့ကာ ယခု ထားဝယ်မြို့မှအ ရှေ့မြောက်ဖက် (၁၀)မိုင်ခန့်အကွာတွင် “ဘူမိဒေ၀နဂရမြို့သစ်”ကို တည်ထောင်အုပ်စိုးလေသည်။

ကောဇာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ယင်းဘူမိဒေ၀နဂရမြို့မှတဖန် ပြောင်းရွှေ့၍ မနီးမဝေးဒေသ၌ပင် (ယခု “ပကာရီ ရွာ”ဟုခေါ်သည့်သတ္တုတွင်းဒေသ)၌ “မှိုင်းကာရီမြို့သစ်”ကို ရှမ်းမြို့စားတစ်ဦး တည်ထောင်၍ အုပ်စိုးပြန်လေသည်။

ကောဇာသက္ကရာဇ် ၂၇၆ ခုနှစ်တွင် ရှမ်းအမတ်ကြီး “သြရာဂလုံ”သည် ထားဝယ်မြစ်အနောက်ဖက်ကမ်းရှိ (ယခု “မြို့ ဟောင်းရွာ”ခေါ်သည့်)သာဂရမြို့ကို လာရောက်တိုက်ဖျက်ပြီး (ယခု ထားဝယ်မြို့မှမြောက်ဖက် ၃ မိုင်အကွာ (“ဆင်ဆိပ်ရိပ်” ဒေသ၌ “ညောင်ခရားမြို့”ကို တည်ထောင်အုပ်စိုးခဲ့ရာ မင်း(၆)ဆက်တိုင် ဖြစ်လေသည်။ ယင်းနောက် ကောဇာသက္ကရာဇ် ၃၅၇ ခုနှစ်မှ ၄၃၈ ခုနှစ်အထိ မွန်များ လာရောက်တိုက်ဖျက်၍ အုပ်စိုးပြန်လေသည်။

ယင်းသို့ဖြင့် ထားဝယ်တိုင်းအတွင်းရှိ မြို့နယ်အသီးသီးတို့ကို မြန်မာ၊ ယွန်း၊ ရှမ်းနှင့်မွန်များ သူတပြန် ငါတလှည့် တိုက် ဖျက်၍ အုပ်စိုးကြရာမှ...

“ဥသြအော်သည်၊ ထားဝယ်တည်”ဟူသော နံသင့်အက္ခရာ အမှတ်သင်္ကေတအရ...

ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပေါင်းလဆန်း(၁၃)ရက်၊ စနေနေ့တွင် (ယခု ထင်ရှားရှိသည့်ထားဝယ်မြို့နေရာ)၌ “သာယာဝတီမြို့”ဟု သမုတ်လျက် မြို့သစ်တည်၍ “မင်းနဲလှ”အုပ်စိုးလေသည်။

လွန်ခဲ့သော ၁၃၁၆ ခုနှစ်၊ တပေါင်းလဆန်း (၁၃)ရက်နေ့တွင် ထားဝယ်မြို့တည်သည့်အနှစ်(၂၀၀)ပြည့်အထိမ်းအမှတ် ပွဲကို ပွဲလမ်းသဘင်များနှင့်(၃)ရက်တိုင်တိုင် ကျင်းပလေရာ ရန်ကုန်မြို့မှ နာမည်ကျော် ကွက်စိပ်ဆရာကြီး “ဒဂုံဆရာတင်” လည်း လာရောက်၍ ကွက်စိပ်ပြောလေသည်။

ကောဇာသက္ကရာဇ် ၁၁၂၁ ခုနှစ်တွင် အလောင်းမင်းတရားကြီးဦးအောင်ဇေယျသည် မွန်ဒေသကို အောင်နိုင်ပြီးနောက် ယိုးဒယားသို့ စစ်ချီစဉ် ထားဝယ်စစ်ကြောင်းချီတပ်က ထားဝယ် သာယာဝတီမြို့ကို အောင်နိုင်သဖြင့် မင်းနဲလှကို ကွပ်မျက်ပြီး မြို့ဝန် “ဒေ၀ဒိဗ္ဗ”ကို အုပ်ချုပ်ထားခဲ့စေလေသည်။

(အလောင်းမင်းတရားကြီးဦးအောင်ဇေယျသည် ယိုးဒယားသို့စစ်ချီရာ လမ်းခရီးတွင် နာဖျား၍ အနိစ္စရောက်ရှာရသဖြင့် ယိုးဒယားချီတပ် ပြန်လည်တပ်ခေါက်ခဲ့ရလေသည်။)

ဘကြီးတော်မင်းတရားလက်ထက် အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်၍ အင်္ဂလိပ်စစ်တပ်များသည် ကောဇာသက္ကရာဇ် ၁၁၈၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပထမတိုက်ခိုက်သိမ်းယူပြီးနောက် ယင်းနှစ် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ “ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့”တွင် ဒုတိယမြောက် ထားဝယ်မြို့ကို လာရောက်သိမ်းယူလိုက်လေသည်။

အင်္ဂလိပ်များ ထားဝယ်ကို သိမ်းယူပြီးလျှင် ယခုမြို့လယ်ရှိ ရုံးကြီး တည်ဆောက်ထားသည့်ဘုရားကုန်း၌ ဘုရားစေတီ နှင့်သိမ်များကို ဖြိုဖျက်ကာ မြေဖို့ညှိလျက် ခရိုင်ဝန်ရုံးကြီး တည်ဆောက်ထားသည်မှာ ယခုမျက်မြင်အတိုင်းပင်။

ယင်းရုံးကြီးနှင့်မနီးမဝေးနေရာများတွင် မြူနီစီပယ်ရုံး၊ ဂါတ်ဌာန၊ ဈေးကြီး၊ အထက်တန်းကျောင်းကြီးများ ရှိလေသည်။ ဆေးရုံကြီးကား ရုံးကြီးမှ အရှေ့ဖက် တစ်မိုင်ခန့်အကွာ ရှမ်းမလည်ဆွဲရပ်၌ ရှိလေသည်။

ယင်းနှင့်မနီးမဝေးရုံးကြီးမှ ၂ မိုင်ကျော်ခန့်အကွာ ကျောက်မော်ရပ်နှင့်ကျောက်မော်ကြီးရပ်များတွင် ထောင်ကြီးနှင့်စစ် တပ်များ ရှိလေသည်။ ယင်းစစ်တပ်အနီး၌ ဘော်လုံးကွင်းနှင့်လေယာဉ်ကွင်းများ ရှိလေသည်။

ရုံးကြီးမှ မြောက်ဖက်တစ်မိုင်နီးပါးခန့်အကွာ ရှေးခေတ်က ကျွဲတိုက်ပွဲများ ကျင်းပရာဖြစ်သည့်ကျွဲတိုက်ပြင်မြေကွက်၌ ယခုအခါ လျှပ်စစ်ဓာတ်မီးစက်ရုံကြီး ဆောက်လုပ်ထားရှိလေသည်။

ရုပ်ရှင်ရုံကား (၁)ရွှေဝယ်သီရိရုံ၊ (၂)နှင်းရုံ၊ (၃)နယူးလိုက်ရုံ ပေါင်းသုံးရုံ ရှိလေသည်။ မြို့လယ်၌ပင် ရွှေတောင်စားစေတီ တော်ကြီးနှင့်မဟာမြတ်မုနိရုပ်ပွားတော်။ ၂၇ တောင်အမြင့် ဉာဏ်တော်ရှိ ရပ်တော်မူရုပ်ပွားတော်၊ ရဟန္တာသမုတ်သိမ်နှင့် ကျောင်းတိုက်များ ရှိလေသည်။

ထားဝယ်မြို့ မြူနီစီပယ်၏အကျယ်အ၀န်းမှာ အနောက်ဖက် ထားဝယ်မြစ်ဆိပ်ကမ်းမှ အရှေ့ဖက်လေယာဉ်ကွင်းအစပ် အထိ သုံးမိုင်။

တောင်ဘက် ကြက်စားပြင်ရပ်ကွက်မှ မြောက်ဖက် ဆင်ဆိပ်ရပ်ကွက်ကမ်းနားအထိ လေးမိုင်အကျယ်အ၀န်းရှိလေ သည်။ ထားဝယ်တစ်ခရိုင်လုံး၏နယ်နိမိတ်မှာ...

မြောက်ဖက်၌ မော်လမြိုင်ခရိုင်၊
တောင်ဖက်၌ မြိတ်ခရိုင်၊
အရှေ့ဖက်၌ ယိုးဒယားနယ်၊
အနောက်ဖက် ဘင်္ဂလားအော်များ ဖြစ်လေသည်။

ထားဝယ်ခရိုင်ကို မြို့နယ်(၄)ခု ခွဲထားလေသည်။
(၁)ထားဝယ်မြို့နယ်
(၂)လောင်းလုံးမြို့နယ်
(၃)သရက်ချောင်းမြို့နယ်
(၄)ရေဖြူမြို့နယ်များ ဖြစ်ကြလေသည်။

(၁)ထားဝယ်မြို့နယ်ကို ထားဝယ်မြို့ပိုင်မင်း အုပ်ချုပ်၍ ထားဝယ်မြို့ပေါ်၌ ရုံးစိုက်သည်။ ထားဝယ်မြို့မ၌ ရဲဌာနတစ်ခု။ ၀ဲကျွန်ရပ်၌ ရဲဌာနတစ်ခု၊ ကျောက်မဲတောင်(သတ္တုတွင်း)ရွာ၌ ရဲဌာနတစ်ခု ရှိလေသည်။ စာပို့တိုက်မှာ မြို့ပေါ်၌ တစ်ခု။ ကျောက်မဲတောင်(သတ္တုတွင်း)ရွာ၌ တစ်ခုရှိလေသည်။

(၂)လောင်းလုံးမြို့နယ်ကို အုပ်ချုပ်ရန် လောင်းလုံးမြို့ပိုင်မင်းသည် လောင်းလုံးမြို့၌ပင် ရုံးစိုက်၍ ၎င်းမြို့တွင်ပင် ရဲဌာ နတစ်ခုနှင့်စာပို့တိုက်တစ်ခုရှိလေသည်။ ယင်းလောင်းလုံးမြို့အပိုင် ထားဝယ်အငူစွန်းပေါ်၌ တည်ထားသော “ရှင်မော်စေတီ တော်”သည် ထင်ရှားကျော်စောလေသည်။ ၎င်းပြင် လောင်းလုံးမြို့မှအကွာ။ ထားဝယ်မြို့ပေါ်မှ ဆယ်မိုင်ကျော်အကွာ ထင်ရှား သည့်မောင်းမကန်ရေချိုးဆိပ် ရှိသည်။ လောင်းလုံးမြို့နယ်သည် ထားဝယ်မြို့မှ ၈ မိုင်ခန့်ကွာဝေးသည်။

(၃) သရက်ချောင်းမြို့နယ်ကို အုပ်ချုပ်ရန် သရက်ချောင်းမြို့ပိုင်မင်းသည် သရက်ချောင်းမြို့တွင် ရုံးစိုက်၍ သရက် ချောင်းမြို့၌ ရဲဌာနတစ်ခု၊ ၀င်းဝရွာ၌ ရဲဌာနခွဲတစ်ခုနှင့်စာပို့တိုက်တစ်ခု ရှိသည်။ ယင်းသရက်ချောင်းမြို့ကား ရှင်တောင့်ပုံခြေ ရင်း၌ တည်ထား၍ ရှင်တောင့်ပုံတောင်ပေါ်ရှိ ရှင်တောင့်ပုံစေတီတော်သည် ထင်ရှားကျော်စောလေသည်။ ယင်းရှင်တောင့်ပုံ တောင်သည် ရှေးအခါက တောင်တက်လမ်း မတ်စောက်သဖြင့်...
“တောင့်ပုံ တောင့်ပုံ ရှင်တောင့်ပုံ
တောင့်ပုံမတ်စောက်၊ တက်မရောက်၊
အောက်က ကွမ်းယာ၊ ရွှေပလားန၊ ပူဇော်ပါကိုလေ”ဟူ၍ ထားဝယ်ဒိန်းသံဖြင့် စပ်ဆိုထားရှိလေသည်။

၎င်းသရက်မြို့မှ တောင်ဘက် ပန်းတောရွာရှိ “ရွှေတောင်”ခေါ် တောင်သည်လည်း ထင်ရှားလေသည်။

အောင်ဇေယျသင်္ဘောဆိပ်
ထားဝယ်မြစ်သည် မြို့တည်ရှိသည့်ဆိပ်ကမ်းနေရာ၌ တဖြည်းဖြည်း သောင်ထွန်း၍ ရေတိမ်သဖြင့် ပင်လယ်ကူးသင်္ဘော ကြီးများ မသွားမလာနိုင်ကြပဲ လှေသင်္ဘောငယ်များသာ သွားလာဝင်ထွက်ဆိုက်ကပ်နိုင်သောကြောင့် ပင်လယ်ကူးသင်္ဘောကြီး များသည် မြို့မှ(၁၇)မိုင်ခန့်အကွာ (၀ါ) ပင်လယ်ဝ(ထားဝယ်မြစ်ဝ)မှ မိုင်(၂၀)ကျော်ခန့်အကွာ “ဆင်ဖြူရှင်ရွာ”ဆိပ်ကမ်း၌သာ ဆိုက်ကပ်နိုင်ကြလေသည်။ ရန်ကုန်မှ မော်လမြိုင်၊ ထားဝယ်နှင့်မြိတ်မြို့များသို့ အစဉ်သွားလာနေသည့် “အောင်ဇေယျသင်္ဘော ကြီး”သည် လစဉ်မှန်မှန်ရောက်ရှိ၍ ဆင်ဖြူရှင်ဆိပ်ကမ်းဘောတံတားကြီးတွင် ဆိုက်ကပ်လေသည်။

အောင်ဇေယျသင်္ဘောကြီးနှင့်အခြားရေယာဉ်များစီးသည့်ခရီးသည်များ ဆိပ်ကမ်းသို့ မရောက်မီ ခပ်လှမ်းလှမ်းမှ ဆိပ် ကမ်းနှင့် ၂ မိုင်ကျော်ခန့်အကွာတွင် တည်ရှိသည့်ရွှေတောင်နှင့်ရှင်တောင့်ပုံတောင်တို့၏သာယာဝေဆာသည့်ရှုခင်းနှင့်တောင် ထိပ်ပေါ်ရှိ သပ္ပါယ်လှစွာသောဘုရားစေတီများကို ဖူးမြင်ရသဖြင့် အထူးပင်စိတ်ကြည်နူးဘွယ်ဖြစ်ပေသည်။ ၎င်းပြင် ရှင်တောင့် ပုံတောင်ခြေရင်း၌ ဆောက်လုပ်ထားသည့်နေအိမ်တိုက်တာ ရုံး ရဲဌာန ကျောင်းစသည့်အဆောက်အဦများကိုလည်း ရှုမြင်ရ လေသည်။

အောင်ဇေယျသင်္ဘောဆိုက်ကပ်လျှင် ယင်းသင်္ဘောဆိပ်လမ်းမှ ရေလမ်းဖြင့် မော်တော်ဘုတ်၊ စက်လှေများဖြင့်၎င်း၊ ကုန်းလမ်းမှ မော်တော်ကားဖြင့်၎င်း ထားဝယ်မြို့ပေါ်သို့ လာရောက်ကြလေသည်။

မော်တော်ကားလမ်းဖြင့် သွားရလျှင် ဆင်ဖြူရှင်ဆိပ်ကမ်းရွာမှစ၍ ၂ မိုင်ခန့်အကွာ “ပန်းတောရွာ” ယင်းရွာမှစ၍ ရွာ ချင်းဆက်စပ်လျက် “သရက်ချောင်းမြို့” “ကျောက်မြောင်းရွာ” ‘‘မော်ရှည်ကုန်းရွာ” “ကဇီရွာ” “ပိန်းတောရွာ” “ပန်းပြင်ရွာ” “သ ရက်နှစ်ခွရွာ” “သင်းကျွန်းရွာ” “ရန်တောင်ရွာ” “ညောင်စင်ရွာ” “ရွှေဂူချောင်းတံတားကြီး” နှင့် “ရွှေဂူတောင်” “ရှင်မုတ္ထီး”တန်ခိုး ကြီးဘုရား တည်ရှိသည့် “ရှင်မုတ္ထီးရွာ” “ကနိုင်းတောရွာ” “အလယ်ကုန်းရွာ” “ကူးတို့ရွာ” “ကျောက်ရပ်ရွာ” “ပေါက်တိုင်းချောင်း တံတားကြီး”ကို ဖြတ်၍ ထားဝယ်မြို့ပေါ်သို့ ရောက်ရှိလေသည်။
(ယင်းလမ်းမှာ ထားဝယ်မှ မြို့မြို့အထိ သွားသော မော်တော်ကားလမ်းမကြီး ဖြစ်လေသည်။)

ထားဝယ်မြို့မှ သရက်ချောင်းမြို့သည် ၁၅ မိုင်ကွာဝေးသည်။ (၄)ရေဖြူမြို့နယ်ကို အုပ်ချုပ်ရန် ရေဖြူမြို့ပိုင်မင်းသည် ထားဝယ်မြို့မှ ၁၄ မိုင်ကွာသည့်ရေဖြူမြို့နယ်တွင် ရုံးစိုက်၍ ယင်းရေဖြူမြို့နယ်တွင် ရဲဌာနတစ်ခု၊ စာပို့တိုက်တစ်ခုနှင့်ကလိန် အောင်ရွာတွင် ရဲဌာနတစ်ခု၊ ကန်ပေါက်ရွာတွင် ရဲဌာနတစ်ခုနှင့်စာပို့တိုက်တစ်ခု ထားရှိလေသည်။

ရေဖြူမြို့နှင့်ကလိန်အောင်ရွာသည် ထားဝယ်မြို့မှ ရေးမြို့သို့သွားသည့်မော်တော်ကားလမ်းတွင် ရှိ၍ ထားဝယ်မြစ်ဖျား ကိုဖြတ်၍ ဆောက်လုပ်ထားသော ကလိန်အောင်တံတားကြီးသည် ၁ ဖာလုံခန့်ရှည်၍ ထားဝယ်ခရိုင်တွင် အရှည်ဆုံးသောတံ တားကြီးဖြစ်လေသည်။

ယင်းအပြင် ကလိန်အောင်ရွာကြီးသည် ထားဝယ်နှင့်ရေးမြို့သွားသည့် မော်တော်ကားလမ်းတွင် တစ်ဝက်ခရီးဖြစ်၍ မော်တော်များ ခေတ္တစခန်းချရပ်နားပြီး နေ့လယ်စာ ထမင်းဟင်း လဘက်ရည်များကို ခရီးသည်တို့ ၀ယ်ယူစားသောက်ကြလေ သည်။

ထားဝယ်ခရိုင်အတွင်း ထင်ရှားတန်ခိုးကြီးသည့်ဘုရားစေတီများမှာ...

ထားဝယ်မြို့ပေါ်နှင့်မြို့နယ်တွင်း ရွှေတောင်စားစေတီတော်ကြီး၊ လောကမာရဇိန်မဟာမြတ်မုနိရုပ်ပွားတော်၊ ရပ်တော် မူ ၂၇-တောင်အမြင့်ရှိ ရုပ်ပွားတော်ကြီး၊ ၁၈-တောင်ရပ်တော်မူရုပ်ပွားတော်ကြီးနှစ်ဆူ၊ သင်းချိုင်းကုန်းရှိ ကြက်သံဒိုင်းစေတီခေါ် (ကြက်မင်းစေတီ)။

မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည့်အလျားဉာဏ်တော် ၁၆၂-တောင်ရှိသော “လောကသရဖူလျောင်းတော်မူဆင်းတု တော်ကြီး” “ရှင်မုတ္ထီးဘုရားဆင်းတုတော်” “ရှင်ဓာတ်ဝဲစေတီတော်”

လောင်းလုံးမြို့နယ်အပိုင် ထားဝယ်အငူစွန်းရှိ “ရှင်မော်စေတီတော်” “လက်ခတ်တောင်စေတီတော်”
သရက်ချောင်းမြို့နယ်အပိုင် သရက်ချောင်းမြို့ရှိ ရှင်တောင့်ပုံတောင်ပေါ်၌ တည်ထားသော “ရှင်တောင့်ပုံစေတီတော်”
ရေဖြူမြို့အပိုင် ကလိန်အောင်ရွာရှိ “ဆံတော်ရှင်စေတီတော်” နပုလယ်ရွာရှိ “စက်တော်ရာတစ်ဆူ”တို့ဖြစ်လေသည်။

ထားဝယ်ခရိုင်မှ ထွက်ကုန်များမှာ...
ဆန်စပါး၊ သံ၊ ခဲ၊ ကြက်ပေါင်စေး၊ (ကော်ပတ်)၊ သစ်၊ ၀ါး၊ ပိုးလုံချည်၊ ချည်လုံချည်၊ ငါးပိ၊ ငါးခြောက်၊ ဒူးရင်းယို၊ ကွမ်း သီးခြောက်၊ သားရေဘိနပ်၊ သီဟိုဠ်သရက်စေ့၊ ဆေးပေါ့လိပ်၊ ဓနိဖက်၊ ဓနိသကြား၊ တံမြက်စည်း၊ မြေအိုးမြေခွက် စသည်တို့ပင်

မုံ့များမှာ...
ငါးမုံ့၊ မုံ့ပြား၊ (မုံ့ပစ္စလက်)၊ မုံ့ဆား၊ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းကျည်တောက်၊ ကောက်ညှင်းစေ့၊ မုံ့ခွက်သား၊ မုံ့ ခွေသား၊ မုံ့ကလပဲ၊ မူခွာ၊ မုံ့လက်ကောက်၊ မုံ့ကြာရိုး၊ (မန်းမရွေး)၊ မုံ့ကြာသီး၊ မုံ့အုန်းနှောက်၊ မုံ့အုန်းသား၊ (မုံ့လုံးရေပေါ်)၊ မုံ့ဆီ။ ကတိုးခွာ၊ ဆီထမင်း၊ မုံ့ကြွပ်လိပ်၊ (မုံ့လေပွေ)၊ မုံ့ဖားလောင်း၊ (မုံ့လက်ဆောင်း)၊ မုံ့ကျွဲသဲ၊ ဘိတ်မုံ့၊ ထန်းမုံ့၊ မုံ့တီဟင်းခါး၊ မုံ့တီ လက်သုတ်၊ စသည်တို့ပင်...

သံခဲထွက်သည့် သတ္တုထွက်သည့်(၀ါ)သတ္တုတွင်း(မိုင်း)ရှိသည့်အရပ်ဒေသများမှာ...
ထားဝယ်နယ်မြောက်ဖက်တွင် ကန်ပေါက်ရွာ၊ အုန်းပင်ကွင်းရွာ၊ ပြင်ကြီးရွာ၊ ဖားချောင်းရွာ၊ ကလုံးထာရွာ၊ တလိုင်းယာ ရွာ၊ ဇပ်းဘာရွာများ ဖြစ်လေသည်။ တောင်ဖက်တွင် မယ်ကဲရွာနှင့်ပဲ့ရွာများ ဖြစ်လေသည်။ အရှေ့ဖက်ပိုင်းတွင် ပကာရီရွာ၊ ပိန်း နဲချောင်းရွာ၊ ကုလားချောင်းရွာ၊ သစ်ကတိုးရွာ၊ ဟာမြင့်ကြီးရွာ၊ မြေးခန္တီရွာ၊ ရှစ်ငုတ်ရွာ၊ သင်္ကန်းတုံးရွာ၊ ၀ကုန်းရွာ၊ ၀ပင်ရွာ၊ ကျောက်မဲတောင်ရွာ၊ တောင်သုံးလုံးရွာ၊ သစ်ခက်ချောင်းရွာ၊ ဆိပ်ဖြုန်းရွာ၊ မြေးခံပေါ်ရွာ၊ ညောင်ချောင်းရွာ၊ ကျောက်ဂူတောင် ရွာ၊ ဟိန္ဒားရွာ၊ ရွှေချောင်းရွာ၊ ဖွတ်လက်တိုရွာ၊ ၀စွမ်းချောင်းရွာ၊ ဖေါင်းတောရွာများ ဖြစ်လေသည်။
===============
  ရွှေဝယ်ဧ

စန္ဒာမုနိစေတီ သမိုင်းကြောင်း

မန္တလေးတောင်ခြေက ထင်ရှားတဲ့ စေတီတော်နဲ့ ရုပ်တုတော် တစ်ဆူဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၁၆၄-ခုနှစ်တွင် ဘိုးတော်ဘုရား(ခေါ်) ဗဒုံမင်းတရားသည် မင်းကွန်းစေတီတော်
တည်နေချိန်၌ မင်းကွန်းအလယ်ကျွန်းတွင် သွန်းလုပ်တော်မူခဲ့သည်။ သံချိန် (၁၁၃၆၈)ပိဿာ ရှိသော
စန္ဒာမုနိ ဘုရားရှင် ရုပ်ပွားတော်ကို ထုလုပ်ခဲ့တယ်လို့ မှတ်တမ်းမှာရေးပါတယ်။

လ၀န်းလို အသရေတော်ရှိလို့
စန္ဒာမုနိလို့ အမည်တွင်တယ်လို့ ဆိုပါသည်။
အဲဒီနောက် အမရပူရကို ပင့်ပြီး ပူဇော်ရာက ဘကြီးတော်ဘုရားလက်ထက် နန်းစိုက်ရာ အင်းဝကို ပင့်ပြီး
ရွှေဘိုမင်းလက်ထက်မှာ အမရပူရကို ပြန်ပင့်ခဲ့ပြန်ပါတယ်။

မြန်မာသက္ကရာဇ် ၁၂၂၉ မှာတော့ မင်းတုန်းမင်းကယာယီစံနေတဲ့ နန်းမြေဘုံသာ စံနန်းတော်ကိုဖျက်ပြီး ညီတော် အိမ်ရှေ့ ကနောင်မင်းသားနဲ့ သားတော်တွေရဲ့
အလောင်းတွေကို ဂူသွင်းပြီး ဂူနဲ့ ၂ တောင်အကွာမှာ စန္ဒာမုနိ ရုပ်ပွားတော် စေတီကိုတည်ခဲ့ပါတယ်။

စေတီကို စန္ဒာမုနိဘုရားလို့ ခေါ်ကြပါသည်။
မြန်မာသက္ကရာဇ် ၁၂၇၅ မှာ ရသေ့ကြီးဦးခန္တီ ဦးဆောင်ပြီး အဌကထာနဲ့ ဌီကာ ကျောက်စာဂူပေါင်း ၅၀၈ ဂူ။
ကျောက်စာချပ်ရေ ၁၅၂၄ ချပ်၊ ဓမ္မစေတီပေါင်း ၇၅၈ ကျောက်ချပ်ပေါင်း ၁၇၇၄ ချပ်နဲ့ ပူဇော်ထားခဲ့ပါသည်။

မင်းတုန်းမင်းလက်ထက် ဘုရားပွဲတော်စန္ဒာမုနိဘုရားပွဲတော်ကို သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှာ (၃)ရက်နေ့အထိ ပြုလုပ်လေ့ရှိသည်။
==============================
 
မြန်မာတို့၏ ယဉ်ကျေးမှုပုံရိပ်များ

မန္တလေး မဟာမြတ်မုနိသမိုင်းကြောင်း

ဂေါတမဗုဒ္ဓ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် စစ်မှန်သော ဗုဒ္ဓ၏ကိုယ်ပွားသာလျှင် ဖြစ်တန်ရာ၏ဟု ရခိုင်လူမျိုးများ အယုံအကြည်ရှိသော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသည် ရခိုင်လူမျိုးတို့ သမိုင်း မှတ်တမ်းအားလုံး၏ ကိုးကားချက်ဖြစ်သည်။ ထိုသမိုင်းမှတ်တမ်းများအရ ထေရ၀ါဒဗုဒ္ဓဘာသာရှိခဲ့ပြီးနောက် မျက်မှောက်ထုံးတမ်းစဉ်လာများကို ထည့်သွင်းထားရှိခဲ့သည်။ သီရိလင်္ကာ၏ ပါဠိစာပေမှ ကျယ်ကျယ်ပြန့်ပြန့် ဆင်းသက်ကြီးထွားလာမှုရှိပြီး ပုဂံ၏ လွှမ်းမိုးမှုအောက်မှာ ကိုးကွယ်မှု ဘာသာအယူဝါဒအဆင့်ဆင့်ထိ ကျယ်ပြန့်လာခဲ့ပါသည်။
စန္ဒသူရိယ ဘုရင်မင်းမြတ် ရခိုင်ပြည်ကို အုပ်ချုပ်ခဲ့စဉ်အချိန်အခါက ဗုဒ္ဓရုပ်ထုတော်ကို သွန်းလုပ်ခဲ့သည်ဟု ရိုးရာဓလေ့ ထုံးတမ်းစဉ်လာယုံကြည်မှု ထားရှိခဲ့သည်။ စန္ဒသူရိယဘုရင်မင်းမြတ် သည် ဗုဒ္ဓ၏ ဟောကြားပြသမှုတို့၏ သတင်းကို ကြားသိရပြီး ဗုဒ္ဓကိုရိုသေကိုးကွယ်ရန် ဆန္ဒပြင်းပြလာသည်ဟု အဆိုရှိလေသည်။ အိန္ဒိယနိုင်ငံ သာဝတ္ထိပြည်တွင် သီတင်းသုံးနေထိုင်တော်မူသော ဂေါတမမြတ်ဗုဒ္ဓသည် ထိုအကြောင်းအရာကို သိရှိလာသောကြောင့် မြတ်ဗုဒ္ဓက သူ၏တပည့်သာဝက တစ်ပါးဖြစ်သော အရှင်အာနန္ဒာအား ပြောပြလေသည်မှာ “ကြောက်မက်ဖွယ်ကောင်းသော ရေနဂါးများ အုပ်ချုပ်ထားသည့် ကြီးမားကျယ်ပြန့်သော မြစ်ပင်လယ်သမုဒ္ဒရာ "ကို ဖြတ်ကျော်လာရမည်ဖြစ်၍ ဤကဲ့သို့သော ခက်ခဲကြမ်းတမ်းသောခရီးသည် စန္ဒသူရိယဘုရင်မင်းမြတ်အတွက် အလွန်အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် တပည့်ရဟန္တာ (၅၀၀) နှင့်အတူ ဂေါတမမြတ်ဗုဒ္ဓသည် ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလာပြီး ကျောက်တော်မြို့၏ တဖက်ကမ်းရှိ မောရပဗ္ဗတတောင်၌ ဆင်းသက်ရပ်နားတော်မူခဲ့လေသည်။ ဤတွင် မြတ်ဗုဒ္ဓ၏ ရှေးရှေးဘ၀ပေါင်းများစွာက ကျင်လည်တော်မူခဲ့သောနေရာတို့တွင် မြတ်ဗုဒ္ဓ၏ ဓါတ်တော်များကို ဌာပနာထည့်၍ ဘုရားပုထိုးများစွာတို့ကို တိုင်းပြည်အနှံ့ တည်ထားကိုးကွယ်လာကြလိမ့်မည်ဟု ကြိုတင်ဟောကိန်းထုတ် ဗျာဒိတ်တော်ပေးခဲ့လေသည်။ ဤကဲ့သို့ မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ပေးချိန်တွင်" မဟာပထ၀ီမြေကြီးသည် တုန်လှုပ်လာပြီး ပင်လယ်သမုဒ္ဒရာရေတို့သည် ရေနွေးအိုးဆူသကဲ့သို့ ဆူပွက်လာခဲ့လေသည်။" စန္ဒသူရိယဘုရင်မင်းမြတ်သည် ဤနိမိတ်ဆောင်သော လက္ခဏာများ၏ ဆိုလိုရင်းကို သူ၏ဗေဒင်ဆရာ၊ ဟူးရားတတ်တို့အား မေးမြန်းစုံစမ်းလျှက် တုန်လှုပ်ထိတ်လန့်ရခြင်းဖြစ်လေသည်။ ဂေါတမမြတ်ဗုဒ္ဓ ရခိုင်ပြည်ကို ရောက်ရှိလာသည့်အကြောင်းအရင်းကို စန္ဒသူရိယဘုရင်မင်းမြတ် သိရှိတော်မူသောအခါ ရာပေါင်းများစွာသော အခြွေအရံတို့နှင့်အတူ သူ၏မိဖုရားခေါင်ကြီး စန္ဒရမာလာ၊ သူ၏မှုးမတ် တိုင်းသူပြည်သားတို့နှင့်အတူ ပဗ္ဗတတောင်ပေါ်သို့ သွားရောက်ကြလေသည်။ ဘုရင်မင်းမြတ်သည် ဂေါတမမြတ်ဗုဒ္ဓအား အရိုအသေပေးပြီးနောက် ဗုဒ္ဓက သူ့အား "ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းတရားတော်"ကို ဟောကြားသင်ပြခဲ့လေသည်။ ယင်းပြီးနောက် မြို့တော်တွင်(၇) ရက်ကြာ သီတင်းသုံးနေထိုင်တော်မူမည်ကို ဗုဒ္ဓကသဘောတူလက်ခံလေသည်။ မြို့တော်မှ မြတ်ဗုဒ္ဓမထွက်ခွာမှီ မြတ်ဗုဒ္ဓပရိနိဗ္ဗာန် ပြုတော်မူပြီးနောက် နှစ်ပေါင်း (၅၀၀၀)တိုင်တိုင် ကြည်ရိုလေးစားမှုခံရမည်ဖြစ်သော ဆံတော်ဓါတ်နှင့် မြတ်ဗုဒ္ဓ၏ရုပ်ထုကိုယ်ပွားတော်တစ်ဆူထားခဲ့မည်ဟု ဗုဒ္ဓသဘောတူလက်ခံလေသည်။
နန်းတော်ရာ၏ အရှေ့မြောက်ဘက် သီရိဂုတ္တတောင်ကုန်းပေါ်တွင် အလေးအမြတ်ထားရှိသော ဗုဒ္ဓရုပ်ထုတော်ကို ကောင်းကင်ဘုံ ဗိသုကာပညာရှင် နတ်များ၏ဘုရင် သိကြားမင်းနှင့်အတူ စန္ဒသူရိယဘုရင်မင်းမြတ်အပါအ၀င် တိုင်းသူပြည်သားတို့က တည်ထားကိုးကွယ်ကြလေသည်။ ရုပ်ထုတော်အတွင်းပိုင်းသို့ ဂေါတမမြတ်ဗုဒ္ဓ၏ ရင်ငွေ့တော်ဓါတ်ထည့်လိုက်သောအခါ ဂေါတမမြတ်ဗုဒ္ဓနှစ်ဆူရှိလာသကဲ့သို့ ဖြစ်ပေါ်လာလေသည်။ အံ့သြကြည်ညိုစရာကောင်းလှသော လက္ခဏာရပ်များ ပေါ်ထွက်လာလေသည်။ မဟာပထ၀ီမြေကြီး တုန်လှုပ်လာပြီး ရုပ်ထုတော်သည် တဖြည်းဖြည်း အသက်ရှိသကဲ့သို့ သူ၏ နောင်တော် ဂေါတမမြတ်ဗုဒ္ဓအား ကြိုဆိုသည့်အနေအထားနှင့် မတ်တပ်ထရပ်လေသည်။ ထို့နောက် ဂေါတမမြတ်ဗုဒ္ဓသည် သူ၏သာဝက တပည့်ရဟန်းတော်များနှင့်အတူ သံတွဲဘက်သို့ ကောင်းကင်ခရီးဖြင့် ကြွချီတော်မူလေသည်။ ယင်းအချိန်အတွင်း စန္ဒသူရိယဘုရင်မင်းမြတ်သည် သူ၏ မူးမတ်သေနာပတိတို့နှင့်အတူ အကြောင်းကိစ္စတို့ကို တိုင်ပင်ပြီးနောက် မြတ်ဗုဒ္ဓ၏စစ်မှန်သော ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ပြီး ပွဲလမ်းသဘင်များ ကျင်းပခဲ့လေသည်။" ရုပ်ထုတော်၏ ထူးခြားချက်များမှာ ရောင်ခြည်တော်ခြောက်သွယ် ထွက်ရှိလေသည်။ ရိုသေကိုင်းရှိုင်းသူများမှာ အနီးကပ်ဖူးမျှော်လာသောအခါ ရောင်ခြည်တော်များ ထွက်ရှိပြီး အယုံအကြည်မရှိသူများ ဖူးမျှော်သောအခါ ရောင်ခြည်တော်များ မှေးမှိန်သွားလေ့ရှိသည်"ဟု အဆိုရှိခဲ့လေသည်။ ရုပ်ထုတော်တည်ရှိသော နေရာ၏ပတ်ဝန်းကျင် အရပ်လေးမျက်နှာတို့တွင် အစောင့်အရှောက်အဖြစ် ကျောက်ရုပ်ထုများထားရှိပြီး မကောင်းသော အကြံအစည် ရည်ရွယ်ချက်တို့နှင့် ဗုဒ္ဓရုပ်ပွားတော်အနီးသို့ လာရောက်သူတို့အား အဝေးသို့ ရှောင်ရှားသွားစေသည်။
ဝေသာလီခေတ်မှ ပထမဘုရင်တိုင်အောင် ဗုဒ္ဓရုပ်ထုတော်အတွက် ကျောက်ပလ္လင်တစ်ခုတည်ဆောက်ပြီး သိမ်တော်ကို ပြန်လည်တည်ဆောက်သည်ဟု အဆိုမှတပါး အခြားမည်သည့်အကြောင်းအရာကိုမှ မှတ်တမ်းတင်ထားခြင်း မရှိခဲ့ပေ။ ဝေသာလီမှ ပထမဆုံးဘုရင်၏ အရိုက်အရာကို ဆက်ခံသူသည် မဟာမုနိသိမ်တော်အား ပြန်လည်မွမ်းမံပြင်ဆင်မှု ပြုလုပ်ခဲ့သည်။ သီရိလင်္ကာနှင့် ပုဂံမှ ဘုန်းတော်ကြီးများသည် ရုပ်ထုတော်အား ကိုးကွယ်ဆည်းကပ်ရန် ရောက်ရှိလာခဲ့ကြသည်။ ပျူ-ဗမာနှင့် မွန်ဘုရင်များက မဟာမုနိ သိမ်တော်ကြီးအတွင်း အလေးအမြတ်ထားသော ဗုဒ္ဓရုပ်ထုတော်အား ပိုင်ဆိုင်လိုသော ရည်ရွယ်ချက်များနှင့် ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်လာခဲ့ကြသည်ဟု အဆိုရှိလေသည်။ သို့သော်လည်း မည်သည့်ဘုရင်တစ်ပါးမှ အောင်မြင်မှု မရှိခဲ့ပေ။ တချို့သည် သိမ်တော်ကြီးအား ပြန်လည်ပြုပြင် မွမ်းမံရန် ကတိက၀တ်ပြုခဲ့ကြသည်။ (၁၂) ရာစုအချိန်တွင် သိမ်တော်နှင့် ဗုဒ္ဓရုပ်ထုတော် ပျောက်ဆုံးခဲ့သည်။ သို့သော်လည်း လေးမြို့ခေတ်မှ ဘုရင်တပါး၏ အရိုက်အရာဆက်ခံသူများသည် ယုံကြည်မှုကို ဆက်လက်ထောက်ခံခြင်းဖြင့် ရုပ်ထုတော်နှင့် သိမ်တော်ကြီးတို့ကို ပြန်လည်ရှာဖွေတွေ့ရှိပြီး သိမ်တော်အား ပြန်လည်ဆောက်ခဲ့ကြလေသည်။
မြောက်ဦးမင်းဆက်ကို တည်ထောင်သူ ဘုရင်မင်းစောမွန်သည် သူ၏မြို့တော်မှ မဟာမုနိသို့ လမ်းတခုဖောက်လုပ်တည်ဆောက်ပြီး မင်းမျိုးမင်းနွယ်တို့၏ ရိုးရာထုံးတမ်းစဉ်လာ များအရ ဘုရားဖူးခရီးစဉ်တစ်ခုစတင်ခဲ့လေသည်။ (၁၆) ရာစုတွင် ဘုရင်းမင်းဗာသည် မြောက်ဦးမြို့မှ သျှစ်သောင်းဘုရားအပါအ၀င် တိုင်းပြည်အနှံ့တွင် တည်ရှိနေသော ဘုရားကျောင်းအဆောက်အဦး အများအပြားတို့အတွင်း မူရင်းနှင့် ဆင်တူဖြစ်သော မရေမတွက်နိုင်သည့် မဟာမုနိရုပ်ပွားတော်များကို ထုလုပ်ထားရှိရန် အမိန့်တော်ချမှတ်ခဲ့လေသည်။
၁၇၈၄-ခု တွင် မြန်မာဘုရင် ဘိုးတောင်ဘုရားသည် ရခိုင်ပြည်ကို သိမ်းပိုက်လေသည်။ ထို့နောက် မဟာမုနိရုပ်ရှင်တော်မြတ်အား မန္တလေးသို့ သယ်ယူသွားခဲ့သည်။ ထိုရုပ်ရှင်တော်မြတ်ကြီးအား မြန်မာပြည်တွင် ယနေ့ထိတိုင် အလေးမြတ်ဆုံးထားသော ရုပ်ထုတော်အဖြစ် ဆက်လက်မှတ်ယူထားကြဆဲဖြစ်သည်။ ဆုံးရှုံးသွားသော အမွေအနှစ်ကြောင့် ရခိုင်ပြည်သူတို့အား နက်နက်နဲနဲ စိတ်ထိခိုက်စေခဲ့သည်။ ဆက်လက်ပြီး မကြာမီ ဗြိတိသျှတို့၏ အုပ်ချုပ်မှုကို ရခိုင်ပြည်သူတို့ ဆက်လက်ခံရလေသည်။ (၁၈၆၇) ခုနှစ်တွင် မဟာမုနိသိမ်တော်ရာ အနီးပတ်ဝန်းကျင်မှ တွေ့ရှိသော ကျောက်ရုပ်ထုတော်တစ်ဆူအတွက် ဘုရားသိမ်တော်ကိုတည်ဆောက်ခဲ့ကြသည်။
လွန်ခဲ့သော နှစ်(၈၀)အတွင်းက နဂိုမူရင်းအတိုင်း သိမ်တော်ကြီးကို ပြန်လည်ပြင်ဆင်မွမ်းမံမှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းအချိန်တွင် အောက်ရင်ပြင်များကို ပြန်လည်ထိမ်းသိမ်းပေးပြီး မန္တလေး၌ရှိသော မူရင်းမဟာမုနိ ထိုင်တော်မူပုံစံ ကြေးရုပ်ထုတော်အသစ်တစ်ဆူကို သွန်းလုပ်ခဲ့ကြသည်။ ယနေ့အခါမှာ မဟာမုနိဘုရားသိမ်တော်နေရာသည် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးတို့၏ အရေးကြီးသော ဗဟိုအချက်အချာ တစ်ခုအဖြစ် ပြန်လည်စည်ကားလာခဲ့သည်။
မဟာမုနိသိမ်တော်သည် နန်းတော်ရာကုန်း၏ အရှေ့မြောက်ထောင့်၌ရှိသော တောင်ပူစာတစ်ခုကို လွှမ်းခြုံပြုလုပ်ထားသော နေရာတစ်ခုဖြစ်သည်။ ရှေးနှစ်ပေါင်း ရာစုများစွာကပင် မဟာမုနိဘုရားသိမ်တော်တွင် ဘုရားဖူးခရီးသည်များ စည်ကားသိုက်မြိုက်နေသော ဗဟိုအချက်အချာလည်းဖြစ်ပြီး ကျူးကျော်ဝင်ရောက်သူများ လက်အောက် ရခိုင်ပြည် ကျရောက်ပြီး ရခိုင်ပြည်သူပြည်သားများ ဆင်းရဲဒုက္ခခံစားခဲ့ရလေသောအခါ ယာယီအားဖြင့် ဘုရားဖူးခရီးသည်များ နည်းပါးမှုရှိခဲ့လေသည်။ မူရင်းအဆောက်အဦး၏အကြွင်းအကျန် လုံးဝမရှိခဲ့သော်လည်း ယင်း၏ မူရင်းပုံစံတစ်ခုဖြစ်သည်ကို ကောင်းကင်ဓါတ်ပုံများတွင် တွေ့မြင်နိုင်သည်။ ဘုရားသိမ်တော်ကို ထောင့်မှန်စတုဂံနံရံနှစ်ဆင့် က ၀ိုင်းရံထားရှိပြီး သိမ်တော်၏အရှေ့ဘက် အနောက်ဘက်တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ၀င်ပေါက်လေးပေါက် ဖောက်ထားပြီး အရှေ့ဘက်ဝင်ပေါက်ကိုအဓိက ၀င်ပေါက်အဖြစ် ထားရှိသည်။ ပထမဆုံး ရင်ပြင်၏ အရှေ့တောင်ထောင့်နှင့် အရှေ့မြောက်ထောင့်တို့တွင် ဗုဒရုပ်ထုတော်ကြီးအား ရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ကိုယ်လက်သန့်စင်ရန်အတွက် အသုံးပြုရန် ရေကန်ကြီးနှစ်ခု ထားရှိပါသည်။ အိန္ဒိယအရှေ့မြောက်ပိုင်း "နာလန္ဒ" ၌ရှိသော ထင်ရှားကျော်ကြားသော ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးများ စုဝေးနေထိုင်သော နေရာတစ်ခုဖြစ်ပြီး ရှေး (၆) ရာစုမှပင် အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာသော အဓိက ဂူဘုရားကျောင်းတော်တွင် ယခင်မူရင်းနည်းတူ အနီးစပ်ဆုံး ပုံစံဖြစ်သော ဘုရားကျောင်းဆောင်ကို တွေ့ရှိနိုင်လေသည်။
===============================
thesupernaturalmyanmar
Photo: မန္တလေး မဟာမြတ်မုနိသမိုင်းကြောင်း
============================