Saturday, March 1, 2014

အရည်းကြီးဂိုဏ်း

ပုဂံခေတ် နောက်ပိုင်းမှ စ၍ မြန်မာပြည်တစ်ဝန်းတွင် ဂိုဏ်းကြီး ၂-ဂိုဏ်း ထွန်းကားခဲ့ သည်။ ထိုဂိုဏ်းကြီးများမှာ အရည်းကြီးဂိုဏ်း နှင့် ပွဲကျောင်းဂိုဏ်း တို့ ဖြစ်သည်။

ယခုဖော်ပြမည့် အရည်းကြီးဂိုဏ်းမှာ အနော်ရထာမတိုင်မီက ပေါ်ပေါက်ခဲ့သော အရည်းကြီးဂိုဏ်း မဟုတ်ပေ။ အနော်ရထာ မတိုင်မီက အရည်းကြီးဂိုဏ်းမှာ မဟာယာနဂိုဏ်းမှ ပဲ့ပွားလာသော တန္တရဂိုဏ်းကွဲတစ်ခု ဖြစ်သည်။ ထိုဂိုဏ်းမှာ အနော်ရထာမင်းက တိုက်ဖျက်လိုက် သဖြင့် ၁၁-ရာစုကပင် ကွယ်ပျောက်သွားခဲ့သည်။ ထိုဂိုဏ်းကို ပထမအရည်းကြီးဂိုဏ်းဟု ခေါ်နိုင်သည်။

ယခု ဖော်ပြမည့် အရည်းကြီးဂိုဏ်းမှာ နရပတိစည်သူမင်း လက်ထက်မှ စ၍ ပေါ်ပေါက် လာသော ဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းကို သာသနာဝင် ဆရာစဉ်တို့၌ ထည့်သွင်းထားခြင်း မရှိပေ။ သုတေသနပညာရှင်တို့က ကျောက်စာအကိုးအကားဖြင့် ရှာဖွေတွေ့ရှိထားသော ဂိုဏ်းဖြစ်သည်။

အရည်းဆိုသည်မှာ အရညဟူသော ပါဠိဝေါဟာရကို နာမသတ်ပြု၍ ခေါ်ဆိုထားခြင်း ဖြစ်သည်။ မြန်မာဘာသာဖြင့် တောကျောင်းဂိုဏ်း ဟု အဓိပ္ပာယ်ရသည်။

တောကျောင်းဂိုဏ်းဝင် အရည်းကြီးတို့သည် တောကျောင်း၌ နေကြသော်လည်း တရားဘာဝနာကို ပွားများနေကြသူများ မဟုတ်ပေ။ သူတို့သည် လောကီအယူဝါဒတို့ကို လိုက်စားကြသည်။ တန္တရဂိုဏ်း၏ လုပ်ဆောင်ချက်တို့ကို အမွေခံ၍ လုပ်ကိုင်ကြသည်။ ၀ိဇ္ဇာဖြစ် ရေး၊ သိဒ္ဓိပေါက်ရေးဆိုသော လုပ်ငန်းများကို ပြုလုပ်ကြသည်။

အရည်းကြီးဂိုဏ်းဝင်တို့မှာ အမဲအစာ စားခြင်း၊ သေရည်အရက် သောက်သုံးခြင်း၊ ညဘက်တွင် အမဲသေရည် စသည် အလှူခံ၍ သုံးဆောင်ကြကြောင်း ကျောက်စာဟောင်းများ ၌ တွေ့ကြရသည်။

ထိုဂိုဏ်းကို တည်ထောင်သူမှာ ရှင်ကဿပ ဖြစ်သည်။ ရှင်ကဿပသည် တောကျောင်း ၌ နေ၍ တန္တရဂိုဏ်း အလုပ်ကို တွင်ကျယ်အောင် ဖြန့်ဖြူးသည်။ မိမိကိုယ်တိုင်ကား ထေရ၀ါဒဗုဒ္ဓ ဘာသာ ရဟန်းတော်အဖြစ် ခံယူထားသည်။ ထေရ၀ါဒ လောင်းရိပ်ကို ခိုလှုံ၍ လောကီတန္တရ အလုပ်ကို ကြိုးကုတ် ဆောင်ရွက်နေသူ ဖြစ်သည်။

ထိုရှင်ကဿပ၏ အတ္ထုပ္ပတ္တိတွင် ကျားကို စီး၍ ခရီးသွားခြင်း၊ မိကျောင်းကို စီး၍ ပင်လယ်ပြင်ကို ဖြတ်ကျော်ခြင်းစသော အံ့ဘနန်းဇာတ်လမ်းများဖြင့် အဆန်းတကြယ် ဖော်ပြကြ၏။ ထိုပုဂ္ဂိုလ်ကြီးကို တန်ခိုးရှင်၊ သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ကြီးအဖြစ် ဥာဏ်အားချည့်နဲ့သူတို့က ယုံကြည်ခဲ့ ကြလေသည်။

ရှင်ကဿပသည် အနိမ့်တောကျောင်းဟုခေါ်သော အရပ်မှ နေ၍ ဂိုဏ်းကြီးပွားအောင် ချဲု့ဖြန့်ခဲ့သည်။ ရှေးခေတ်က ကြံတူ (ကန်တူ) ဟု ခေါ်သည်။ ယခုအခါ ရေစကြို ချင်းတွင်းမြစ်ကူး တံတားကြီး၏ အရှေ့ဘက်ကမ်း အနီး၌ ရှိသည်။ ရှင်ကဿပ၏ တောကျောင်းတိုက်ဟောင်းကြီးကို ယနေ့တိုင် တွေ့နိုင်ကြသေးသည်။

ထိုမထေရ်သည် နရပတိစည်သူမင်း လက်ထက်တွင် ပုဂံပြည်သို့ ရောက်ရှိသွားသည်။ ပုဂံပြည်သူတို့သည် မထေရ်ကြီးကို ကြည်ညိုကြ၏။ တန္တရဆန်သော လုပ်ရပ်တို့ကို သဘောကျ နှစ်ခြိုက်ကုန်ကြသည်။ မင်းမှူးမတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်တို့သည် မထေရ်အတွက် ပုဂံပြည်၌ ကျောင်းကန်များကို တည်ဆောက်လှူဒါန်းကြသည်။ မြေယာများစွာကို လှူုဒါန်းကြသည်။

ပုဂံပြည်သူတို့သည် အရည်းကြီးတို့၏ လုပ်ရပ်များ ဖြစ်သော တန္တရဆန်သည့် အလုပ်တို့ကို စိတ်ဝင်စားလာကြသည်။ တန်ခိုးဣဒ္ဓိပါဒ် ရရှိရေး၊ ဒေ၀ါ ဒေ၀ီတို့၏ ကူညီမှု ရရှိရေး ကို မျှော်လင့်လာကြသည်။ ကိုယ့်အားကိုယ်ကိုး ၀ါဒထက် သူများအား ကိုယ်ကိုး ၀ါဒကို ခံယူမျှော်လင့်နေကြသည်။
အရှင်ဧသိက


Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

No comments:

Post a Comment