ပုဂံခေတ် ဂိုဏ်းကွဲများ
အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ဗုဒ္ဓသာသနာ ဂိုဏ်းကွဲများ
ပေါ်ပေါက်လာ သကဲ့သို့ မြန်မာနိုင်ငံ၌ လည်း သာသနာ ဂိုဏ်းကွဲမျာ ပေါ်ပေါက်ခဲ့၏။
သို့ရာတွင် အိန္ဒိယဂိုဏ်းကွဲ များမှာ အ၀တ်အဆင်၊ အကျင့် အကြံ၊ စာပေမှ စ၍
အလွန်ကွဲပြားကြသည်။
မြန်မာနိုင်ငံ၌ ကွဲပြားသော ဂိုဏ်းများမှာမူ
ဤမျှ ခြားနားခြင်း မရှိပေ။ ထေရ၀ါဒ လောင်းရိပ်မှပင် ကွဲပြားခဲ့ ကြခြင်း
ဖြစ်သည်။ မြန်မာနိုင်ငံ သာသနာဂိုဏ်းကွဲများကို လေ့လာလျှင် အချို့မှာ မာနကို
အခြေခံ၍ ကွဲပြား ကြသည်။ အချို့မှာ အနည်းငယ်သော အယူအဆကို အခြေခံ၍
ကွဲပြားကြသည်။
အနည်းငယ်သော ကျင့်ကြံမှုကို အခြေခံ၍ ကွဲပြားကြသည်။
ကိုးကွယ်သူ ဘုရင်အားကိုးဖြင့် ကွဲပြားကြသည်။ ဆရာစွဲ အတ္တစွဲကို အခြေခံ၍
ကွဲပြားကြသည်။ ပုဂံခေတ်တွင် မူလက သထုံမှလာသော အရှင်အရဟံ ဦးဆောင်
ပြုစုခဲ့သည့် သံဃာ့ အဖွဲ့အစည်း တစ်ခုတည်းသာ ရှိသည်။
နရပတိစည်သူမင်းလက်ထက် ရောက်သောအခါ သီဟိုဠ်ပြန် သံဃာ့အဖွဲ့က ဆရာစွဲဖြင့် သံဃာ့ကံကို သီးခြားပြုကြရာမှ ဂိုဏ်းတစ်ဂိုဏ်း ထပ်ပွားလာသည်။
ထိုအချိန်မှ စ၍ ပုဂံပြည်၌ သံဃာဂိုဏ်း ၂-ဂိုဏ်း ဖြစ်လာသည်။ ယင်းတို့မှာ-
(၁) ပုရိမသံဃာဂိုဏ်း ၊
(၂) ပစ္ဆာသံဃာဂိုဏ်း-တို့ ဖြစ်ပေသည်။
(၁) ပုရိမသံဃာဂိုဏ်းမှာ အရှင်အရဟံ ထူထောင်ခဲ့သည့် ရှေးဦးသံဃာဂိုဏ်း ဖြစ်သည်။
(၂) ပစ္ဆာသံဃာဂိုဏ်းမှာ အရှင်ဆပဒမထေရ် ထူထောင်သောဂိုဏ်း ဖြစ်သည်။
ဆပဒသည်သီဟိုဠ်သို့ သွား၍ စာပေသင်ကြားရာမှ အပြန်တွင် အရှင်သီဝလိ၊
အရှင်တာမလိန္ဒ၊ အရှင်အာနန္ဒာနှင့် အရှင်ရာဟုလာတို့ကို ပင့်လာခဲ့သည်။
မြန်မာပြည် ရောက်သောအခါ ၎င်းင်းတို့က မိမိတို့ဘာသာ သံဃာ့ကံကို ပြုလုပ်ကြသည်။
နရပတိစည်သူမင်းကလည်း ထိုရဟန်းအဖွဲ့ကို အားပေးသည်။ ထိုဂိုဏ်းမှာ နောက်မှ
ပေါ်ပေါက်လာသောကြောင့် ပစ္ဆာသံဃာဂိုဏ်း ဟု ခေါ်ကြသည်။
ထိုဂိုဏ်းထဲမှ
အရှင်ရာဟုလာမှာ လူထွက်ပြီး မာလာယုသို့ ထွက်သွားသည်။ မကြာမီ အရှင်ဆပဒလည်း
ပျံလွန်တော်မူသည်။ ခေါင်းဆောင်မထေရ် ၃-ပါးသာ ကျန်တော့သည်။
ထိုမထေရ် ၃-ပါးတို့လည်း နောက်ပိုင်းတွင် လာဘ်လာဘနှင့် စပ်၍ သဘောထား
မညီညွတ်သဖြင့် ကွဲပြားကုန်ကြသည်။ ဂိုဏ်းတစ်ခုစီ ထူထောင်ကြသည်။
ထိုအချိန်တွင် ပုဂံပြည်၌-
(၁) ပုရိမသံဃာဂိုဏ်း ၊
......ပစ္ဆာသံဃာဂိုဏ်းမှ-
(၂) အရှင်သီဝလိ အနွယ်ဂိုဏ်း ၊
(၃) အရှင်တာမလိန္ဒ အနွယ်ဂိုဏ်း ၊
(၄) အရှင်အာနန္ဒာဂို်ဏ်း-
ဟူ၍ ၄-ဂိုဏ်း ပေါ်ပေါက်ခဲ့လေသည်။
ရာမညသံဃာဂိုဏ်းများ
ပုဂံခေတ် နောက်ပိုင်းတွင် အောက်ပိုင်းဒေသ၌လည်း ရာမညဂိုဏ်းခေါ်
သံဃာဂိုဏ်းကွဲ များ ပေါ်ပေါက်ခဲ့၏။ ထိုဂိုဏ်းထဲမှ အချို့ဂိုဏ်းများမှာ
ပုဂံသာသနာဂိုဏ်းကွဲများမှ ပြန့်ပွားနေသော ဂိုဏ်းများ ဖြစ်သည်။
ရာမညတိုင်း ဟံသာဝတီကို အုပ်စိုးသော ဓမ္မစေတီမင်း လက်ထက်၌ သံဃာဂိုဏ်းကြီး ၆-ဂိုဏ်းမျှ ရှိနေသည်။
(၁) ကမ္ဗောဇဂိုဏ်း။ ။ အသောကမင်း လက်ထက်က အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ်တို့
အဆက်အနွယ်ဂိုဏ်း ဖြစ်သည်။ ယင်းဂိုဏ်းကို အရိယာသံဃာဂိုဏ်း ဟုလည်း ခေါ်သည်။
ထိုဂိုဏ်းမှ မထေရ်တစ်ပါးသည် စာပေပရိယတ် ပြည့်စုံသောကြောင့် ထင်ရှားသည်။
ထိုမထေရ်သည် လက္ခိယမြို့၊ ပင်္ဂါချောင်းအနီး၌ သီတင်းသုံးသည်။ ထိုကျောင်း နှင့်
မနီးမဝေး၌ အိမ်ဈေးကြီးလည်း ရှိသည်။ ထိုအိမ်ဈေး ပတ်ဝန်းကျင်တွင်
ကမ္ဗောဇတိုင်း သား သုံ့ပန်းတို့ကို နေစေသည်။ ထိုဈေးကိုလည်း ကမ္ဗောဇဈေးဟု
ခေါ်သည်။ နောက် ပိုင်းတွင်ကား ကျောင်းကိုလည်း ကမ္ဗောဇဈေးကျောင်းဟု ခေါ်သည်။
တစ်ရံသောအခါ ဒလမြို့မှ သီရိစည်သူ အမည်ရှိသော ဒါယကာက ကမ္ဗောဇဈေးကျောင်း
မထေရ်အား ကျောင်းကြီး ဆောက်၍ တင်လှူကိုးကွယ်သည်။ ထိုမထေရ်မှ ဆင်းသက်လာသော
သံဃာတို့ကို ကမ္ဗောဇဂိုဏ်း သံဃာဟု ခေါ်ဆိုကြသည်။
(၂) ရှင်သီဝလိဂိုဏ်း။ ။ ထိုဂို်ဏ်းမှာ ပုဂံပြည် အရှင်သီဝလိ မထေရ်ဂိုဏ်းမှ ဆက်ပွားလာသော
ဂိုဏ်း ဖြစ်သည်။
(၃) ရှင်တာမလိန္ဒဂိုဏ်း။ ။ ပုဂံမှပင် ရောက်လာသည်။
(၄) ရှင်အာနန္ဒာဂိုဏ်း။ ။ ပုဂံမှပင် ရောက်လာသည်။
(၅) ရှင်ဗုဒ္ဓ၀ံသဂိုဏ်း။ ။ မုတ္တမမြို့သား အရှင်ဗုဒ္ဓ၀ံသသည် သီဟိုဠ်သို့
သွား၍ ပဉ္စင်းခံပြီး ပြန်လာသည်။ မိဖုရားက ကိုးကွယ်သဖြင့် မိဖုရားဆရာတော်ဟု
ခေါ်သည်။ ထိုဆရာတော်ကလည်း ဂို်ဏ်းတည်ထောင်၍ သံဃာ့ကံကို သီးခြား ပြုလေသည်။
(၆) ရှင်မဟာနာဂဂိုဏ်း။ ။ ထိုမထေရ်မှာလည်း မုတ္တမမြို့သားပင် ဖြစ်သည်။
သီဟိုဠ်သွား၍ ပဉ္စင်းခံသည်။ ပြန်လာသောအခါ သီးခြား သံဃာ့ကံ ပြု၍
ဂိုဏ်းထောင်နေသူ ဖြစ်သည်။
အထက်ပါ ဂိုဏ်းကြီး ၆-ဂိုဏ်းတို့သည်
တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း ပေါင်းသင်းခြင်း မပြုကြ။ မိမိတို့ ဂိုဏ်း
အချင်းချင်းသာ သံဃာ့ကံ ပြုနေကြသည်။ ဓမ္မစေတီမင်း နန်းတက်ချိန်အထိ
ထိုအတိုင်းပင် ဆောင်ရွက် ပြုကျင့်နေကြသည်။
ဓမ္မစေတီမင်းသည်
သာသနာတော် ထွန်းကား ပြန့်ပွားရေးကို အထူးဆောင်ရွက်နေ သည်။ သာသနိက
အဆောက်အအုံ များစွာကို ဆောက်လုပ်သည်။ သံဃာတော်တို့အား ပစ္စည်း လေးပါးဖြင့်
ထောက်ပံ့ ပူဇော် သည်။ သို့သော်လည်း သံဃာတို့မှာ ဂိုဏ်းအချင်းချင်း
ပေါင်းသင်းခြင်း မပြုကြသဖြင့် စိတ်ကျေနပ်ဟန် မတူပေ။ သံဃာချင်း
စည်းလုံးညီညွတ်စေချင်သည်။ သို့သော်လည်း ရှေးအထက်ကပင် ကွဲပြားလာခဲ့ ကြသဖြင့်
စည်းလုံးပေးရန် မလွယ်လှချေ။
ဓမ္မစေတီမင်းသည် သံဃာဂိုဏ်းများကို
စည်းရုံးရန် မဖြစ်နိုင်သောကြောင့် သီးခြား သာသနာကို ထူထောင် ရန်
ဆုံးဖြတ်လိုက်သည်။ ဤကိစ္စကို ဆောင်ရွက်နိုင်ရန်အတွက် သိမ်သံသယ ကိုအကြောင်းပြ
သည်။
ဓမ္မစေတီမင်းသည် လက်ရှိသိမ်များမှာ သံသယဖြစ်ဖွယ် ရှိသည်ဟု
ဆိုကာ ရဟန်းတော် များကို သီဟိုဠ် သို့ စေလွှတ်၍ သိက္ခာသစ် တင်စေသည်။
ပြန်ရောက်လျှင် သီဟိုဠ်ပြန် ဆရာတော် များဖြင့် ကလျာဏီ သိမ်တော်ကြီးကို
သမုတ်သည်။ ထိုသိမ်တော်ကြီး၌ ပဉ္စင်းသစ် အမြောက်အမြားကို ခံယူစေသည်။ အခြား
ရဟန်းတော်များကိုလည်း သိက္ခာသစ် တင်ယူစေသည်။ ဓမ္မစေတီ မင်းသည် ကလျာဏီသိမ်ထွက်
ရဟန်း တို့ကို ဦးစားပေးသည်။ အခြားသိမ်များမှ ရဟန်းပြုသူတို့ကို
အလေးမထားတော့ပေ။
ဓမ္မစေတီမင်း၏ ဆောင်ရွက်ချက်သည် အောင်မြင်သည်ဟု
ဆိုရပါမည်။ နောက်ပိုင်း တွင် အထက်ပါ ဂိုဏ်း ၆-ဂိုဏ်းမှ ရဟန်းတို့လည်း
ကလျာဏီသိမ်တော်၌ သိက္ခာသစ်ကို တင်ယူကြသည်။ ပူးပေါင်း ညီညွတ်သွား ကြသည်။
ဓမ္မစေတီခေတ် နောက်ပိုင်းတွင် သံဃာဂိုဏ်းကွဲများလည်း မှေးမှိန်သွား၏။
ပျောက် ကွယ်သွားတော့၏။ ဓမ္မစေတီမင်း၏ ဂိုဏ်းပေါင်းစည်းရေး ဆောင်ရွက်ချက်မှာ
ချီးကျူးဖွယ် ကောင်းလှ၏။
Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်
No comments:
Post a Comment