Thursday, February 20, 2014

ဦးဆင်နှင့် အရဟံ


ပထမဆုံး ဘာကိုသွားသတိရလဲ ဆိုရင်တော့ မစိုးရိမ် ဆရာတော် ဘုရားကြီးနဲ့ အရဟံ ဦးဆင်အကြောင်းပါ။

မန္တလေးမြို့ မစိုးရိမ် ကျောင်း တိုက်မှာ ဝါဆိုကထိန် အလှူလုပ်ပြီဆို ရင် မတ္တရာဘက်က “မောင်ဆင်”ဆိုတဲ့ တပည့်လေး တစ်ယောက် ရောက်ရောက် လာပါတယ်။ မောင်ဆင်က အလုပ်ကြမ်း တွေဖြစ်တဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန် ဆေးတာ စတဲ့ ဝေယျာဝစ္စတွေကို အင်္ကျီ ချိုင်းပြတ်နဲ့ လုပ်ပေးပါတယ်။ မောင်ဆင် က ငွေရေးကြေးရေး အရလည်း အတော် ဆင်းရဲပါတယ်။ မစိုးရိမ် ဆရာတော် ဘုရားကြီးက ဆင်းရဲပြီး အလုပ်ကြမ်းတွေ လုပ်နေရတဲ့ မောင်ဆင်ကို သနားပြီး တော့ "မောင်ဆင်ရယ်... မင်း အရဟံ ဂုဏ်တော်ကို ပုတီးစိပ်စမ်းပါ၊ ပွားစမ်း ပါ"လို့ မိန့်ပါတယ်။ မောင်ဆင်ကလည်း "မှန်ပါ့ဘုရား။ ဆရာတော် မိန့်မှာတဲ့ အတိုင်း စိပ်ပါမယ်၊ ပွားပါမယ်"လို့ ပြန်လျှောက်ပါတယ်။ ဆရာတော်ဘုရားကြီး ကလည်း အရဟံဂုဏ်တော်ကို ပွားပုံ၊ စိပ်ပုံ သေချာ သင်ပေးလိုက်ပါတယ်။

မောင်ဆင်လည်း ရွာပြန် ရောက် တဲ့အခါမှာ တစ်ချိန်လုံး အရဟံဂုဏ်တော်ကို ပွားနေပါတယ်။ ဒီအတိုင်းထိုင်ပြီး ပွားရုံတင် မကပါဘူး။ ထင်းခွဲတဲ့အခါ၊ ရေခပ်တဲ့အခါ၊ လွှဆွဲတဲ့အခါတွေမှာ လည်း အလုပ်လုပ်ရင်း ပွားနေပါတယ်။

ဒီလိုနဲ့ နောက်နှစ် ကထိန်ပွဲရောက် တော့ မောင်ဆင် မစိုးရိမ်ကျောင်းတိုက် ကို ပြန်ရောက်လာပြန်ပါတယ်။ လုပ်နေ ကျအတိုင်း အင်္ကျီချိုင်းပြတ်နဲ့ ထင်းခွဲ တာ၊ ရေခပ်တာ၊ ပန်းကန်ဆေးတာ စတဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြန်ပါတယ်။ ဒီတော့ မစိုးရိမ် ဆရာတော်ဘုရားကြီးက "မောင်ဆင်... ဒီကိုလာပါဦး၊ မင်း အရဟံ ဂုဏ်တော် ပွားရဲ့လား"လို့ မေးပါတယ်။ မောင်ဆင်ကလည်း "ပွားပါတယ်ဘုရား" လို့ ပြန်လျှောက်ပါတယ်။ "ကဲ... ရှေ့တိုးစမ်း" ဆိုပြီး မောင်ဆင်ရဲ့ ကျောကို ဖြန်း ခနဲ ရိုက်ချလိုက်ပါတယ်။ မောင်ဆင်က "အောင်မလေးဗျ" ဆိုပြီး ထအော်ပါ သတဲ့။ ဒါနဲ့ ဆရာတော်ဘုရားကြီးက "အေးအေး... အရဟံ ဂုဏ်တော်ကို ဆက်ပွားဦး"လို့ မိန့်ပါတယ်။ အလှူပွဲပြီး တော့ မောင်ဆင်လည်း ရွာပြန်သွားပါ တယ်။ ရွာရောက်တော့ ဆရာတော်မိန့်တဲ့ အတိုင်း အရဟံဂုဏ်တော်ကို သွား ရင်း၊ လာရင်း၊ အလုပ်လုပ်ရင်းမှာ ဆက် ပွားနေပါတယ်။

နောက်နှစ် ကထိန်အလှူရောက် တော့ ဆရာတော်ဘုရားကြီးက "မောင်ဆင် ... မင်း အရဟံ ဂုဏ်တော် ပွားရဲ့လား" လို့ ထပ်မေးပါတယ်။ "ပွားပါတယ်"လို့ ပြန်လျှောက်ပါတယ်။ "ကဲ... ရှေ့တိုးစမ်း" ဆိုပြီး ကျောကို ဖြန်းခနဲ ရိုက်ချလိုက် ပြန်ပါတယ်။ မောင်ဆင်ကလည်း "အောင် မလေးဗျ" လို့ ထအော်လိုက်ပါတယ်။ ဆရာတော်ဘုရားကြီးက "ကဲ... မင်း အရဟံဂုဏ်တော်ကို ဆက်ပွားဦး" လို့ မိန့်ပါတယ်။

တတိယနှစ် ရောက်လာတော့ မောင်ဆင်ရောက်လာပြန်ပါတယ်။ ဆရာ တော် ဘုရားကြီးကလည်း ထုံးစံအတိုင်း မောင်ဆင့်ကျောကို ဖြန်းခနဲ ရိုက်ပြန်ပါ တယ်။ အဲဒီအခါမှာတော့ မောင်ဆင်က "အရဟံ၊ အရဟံ" ဆိုပြီး ထအော်ပါ သတဲ့။ ဆရာတော်ဘုရားကြီးကလည်း "ကဲ ဆက်ပွားပေတော့၊ မင်း အကျိုးပေး တော့မယ်"လို့ မိန့်ကြားလိုက်ပါတယ်။

အဲဒီအချိန်မှာ အိန္ဒိယလူမျိုးတွေ အိန္ဒိယနိုင်ငံကို ပြန်နေတဲ့ အချိန်ပါ။ မတ္တရာမြို့မှာ ရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယ အမျိုးသား တစ်ယောက်က ဆင်းရဲပြီး ရိုးသားတဲ့ မောင်ဆင်ကို ဆန်စက်ကြီးကို ထိန်းသိမ်း စောင့်ရှောက်ထားဖို့ ခဏအပ် ခဲ့ပါတယ်။

ဒီလိုနဲ့ အချိန်တစ်ခုကြာတော့ အိန္ဒိယ က စာတစ်စောင်ရောက်လာပါတယ်။ စာထဲမှာ "မောင်ဆင်ရေ... ကျွန်တော် တော့ မြန်မာပြည်ကို ပြန်မလာနိုင်တော့ ပါဘူး။ အဲဒါကြောင့် ဆန်စက်ကြီးကို မောင်ဆင်ပဲ ယူလိုက်ပါတော့" လို့ ပေး လိုက်ပါတော့တယ်။ နေ့ချင်းညချင်း ဆန်စက်ပိုင်ရှင် ဖြစ်သွားတဲ့ မောင်ဆင်ကို မတ္တရာတစ်ဝိုက် မှာ အရဟံ ဦးဆင်လို့ ခေါ်ကြပါသတဲ့။ ဆရာသမားတွေ ပြောခဲ့တဲ့ ပါးစပ်သမိုင်း တစ်ခုပါ။

ဒီသာဓကလေးကို ထောက်ပြီး ဘာကို သိနိုင်မလဲ ဆိုတော့ “ခုပျိုးကြဲ ခုဆန်ဖြစ်” ဆိုတဲ့ ပုံစံမျိုးတော့ ဖြစ်မလာ နိုင်ဘူး ဆိုတာကိုပါ။ ကိုယ်ပွားမယ့် ဘာဝနာ တစ်ခုကို အရဟံ ဦးဆင်လို “အရဟံ” လို့ အော်ပြီး ယောင်ရလောက်အောင် ထုံထားရမှာပါ။ ဒီနေရာမှာ အရဟံ ဦးဆင် ဆန်စက်ကြီး ရသွားတာထက် မစိုးရိမ် ဆရာတော်ဘုရားကြီး ကျောပုတ် လိုက်တဲ့အခါ အရဟံလို့ ထယောင်လိုက် တာက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းသလို အတုယူဖို့လည်း ကောင်းတာပါ။

ပဋ္ဌာန်းအာသေဝနပစ္စည်းအရ ထုံထားရင် စွဲနေတတ်ပါတယ်။ နည်းနည်း ထုံရင် နည်းနည်းစွဲပါတယ်။ များများ ထုံထားရင် များများစွဲ နေတတ်ပါတယ်။ ဒီဘဝထုံထားရင် နောက်ဘဝတွေလည်း ဆက်ထုံနေဦးမှာပါ။ နောက်ဘဝတွေ ဆက်ထုံနေရင် ကောင်းကျိုးချမ်းသာ တွေလည်း နောက်ဘဝအထိ ဆက်ဖြစ်နေ ဦးမှာပါ။

နံပါတ်(၂)အကျိုးကတော့ ”အရဟံ ဂုဏ်တော် ပွားများထုံ ဘေးရန်အကုန်လုံ ပါသည်”တဲ့။ ဘေးရန်လုံတဲ့ ဇာတ်ဝတ္ထုတွေက တော့ အများကြီးရှိနေတဲ့အတွက် ဒီမှာ ရေးမပြတော့ပါဘူး။
ရဝေနွယ်(အင်းမ)

No comments:

Post a Comment