Tuesday, February 25, 2014

သရေခေတ္တရာခေတ် ထေရ၀ါဒ

သရေခေတ္တရာခေတ်ကို တည်ထောင်သော ပျူလူမျိုးတို့သည်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။ သရေခေတ္တရာခေတ်တွင် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် အတူ မဟာယာနဂိုဏ်းမှ ကိုးကွယ်မှု အထိမ်းအမှတ် ပစ္စည်းများကိုလည်း တွေ့ရှိကြရသည်။ သရေခေတ္တရာ ခင်ဘကုန်းမှ တူးဖော်ရရှိသော ရွှေပေချပ် ၂၀-တွင် အိန္ဒိယပြည်တောင် ပိုင်း ရှေးဟောင်း တေလဂူ ကနာဋိအက္ခရာဖြင့် ထေရ၀ါဒပိဋကတ်တော် ကောက်နုတ်ချက်များကို တွေ့ရှိရသည်။

ကန်ဝက်ခေါင်းကုန်းမှ ရရှိသော မဏိတော်အကျိုး ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ၏ ပလ္လင် ပတ်လည် မျက်နှာလေးဖက်လုံး၌ ပျူ၊ သက္ကတတို့ဖြင့် မှတ်တမ်းရေးထားသည်ကို တွေ့ရ၏။ သရေခေတ္တရာမြို့ဟောင်းတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်သော အခြားအထောက် အထား များစွာကိုလည်း တွေ့ရှိရသည်။ အထောက်အထား များစွာတို့မှာ ထေရ၀ါဒနှင့် ပတ်သက်သော အမှတ်အသားများက ပိုမိုနေ၏။ ထို့ကြောင့် သရေခေတ္တရာခေတ် ဗုဒ္ဓဘာသာမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်ကြောင်း ခိုင်မာစွာ သိရှိကြရပေသည်။

သရေခေတ္တရာပျူတို့သည် ဗုဒ္ဓဘာသာ တရားတော် ထဲမှ အဘိဓမ္မာပိဋကတော်ကို ပို၍ အရေးထားကာ လေးစားခဲ့ကြသည်ဟု ဆိုနိုင်၏။ ဗုဒ္ဓဘုရား၏ ဒဿနဒေသနာတော်ကို အခြေပြုသည့် ယေဓမ္မာအစချီ ဂါထာမှာ ပျူလူမျိုးတို့ အကြိုက်ဆုံးဂါထာ ဖြစ်ဟန်တူသည်။ဤဂါထာကို ပျူနယ်မြေများ၌ မကြာခဏ တွေ့ကြရသည်။ ဂါထာမှာ ဤသို့ ဖြစ်၏။

ယေဓမ္မာ ဟေတုပ္ပဘ၀ါ
တေသံ ဟေတုံ တထာဂတော အာဟ
တေသဉ္စ ယော နိရောဓော
ဧ၀ံ ၀ါဒီ မဟာသမဏော။

(မြန်မာပြန်) ။ ။ အကြင် (ဒုက္ခ)တရားတို့သည် အကြောင်း(သမုဒယ)ကြောင့် ဖြစ်ကုန်၏။ ထို (ဒုက္ခ) တရားတို့၏ အကြောင်း (သမုဒယ) ဖြစ်သော တရားကိုလည်း ကောင်း၊ ထိုအကျိုး (ဒုက္ခ)၊ အကြောင်း (သမုဒယ) တရားတို့၏ ချုပ်ငြိမ်းရာ (နိရောဓ)၊ ချုပ်ငြိမ်းကြောင်း (မဂ္ဂ) တရားကိုလည်းကောင်း မြတ်စွာဘုရားသည် ဟောတော်မူ၏။ ရဟန်းမြတ်သည် ဤသို့ အယူရှိပါ၏။ (ဆဋ္ဌသံဂါယနာမူ)
အရှင်ဧသိက

Credit to > အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက်

No comments:

Post a Comment