Wednesday, August 20, 2014

Cervical Cancer links သားအိမ်အဝ ကင်ဆာ ဖတ်စရာများ

1. ဆရာ၊ သားအိမ်ခေါင်းကင်ဆာက ဆံပင်ဆိုင်ရာ Product တွေဖြစ်တဲ့ ဆံပင်ဆိုးဆေး အပေါစားတွေ၊ ရှန်ပူ အပေါစားတွေကနေ ဖြစ်ရလွယ်တယ်လို့ ဂျပန်ဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖတ်လိုက်ရပါတယ်။ ဟုတ်လား သိချင်ပါတယ်။ ပြီးတော့ မျိုးရိုးလိုက်ပါသလား ဆရာ။
2. ဒေါက်တာ ခင်ဗျာ့။ ကျနော်ရဲ့ အမျိုးသမီးမှာ သားအိမ်ကင်ဆာ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆေးခန်းမှ ဒေါက်တာ ညွှန်ကြားချက်အတိုင်း ဆေးကိုတရက်တလုံး နဲ့ တနှစ်ခွဲစားနေရပါတယ်။ သားသမီးယူလိုလျှင် ဆေးတစ်နှစ်ခွဲစားပြီးရင် ယူလို့ရတယ်လို့လဲပြောပါတယ်။ ကျနော်သိလိုသည်မှာ ကျနော့် အမျိုးသမီးရဲ့ နောက်ဆက်တွဲကျန်းမာရေး အခြေနေပါ။ သူရဲ့ရောဂါ လုံးဝပျောက်ကင်းနိုင်ပါသလား။ ဒါမှမဟုတ် ပျောက်ကင်းနိုင်မဲ့ ကုသထုံးရှိပါသလား။ ဒါမှမဟုတ် နောက်ထက်သူရဲ့သက်တမ်း ဘယ်လောက် ကျန်ပါသေးလဲဆိုတာ ကျေးဇူးပြု ၍ဖြေကြားပေးစေလိုပါတယ်။

Cervical Cancer links သားအိမ်အဝ ကင်ဆာ ဖတ်စရာများ
1. Cervarix (HPV vaccine) သားအိမ်ဝကင်ဆာ ကာကွယ်ဆေး http://dts-medicaleducation-adult.blogspot.in/2013/09/cervarix-hpv-vaccine.html
2. Cervical Cancer (1) သားအိမ်အဝ-ကင်ဆာ (၁) http://dts-medicaleducation-adult.blogspot.in/2013/08/cervical-cancer.html
3. Cervical Cancer (2) သားအိမ်အဝ ကင်ဆာ (၂) http://dts-medicaleducation-adult.blogspot.in/2013/10/cervical-cancer-2.html
4. Cervical Cancer (3) သားအိမ်အဝ-ကင်ဆာ (၃) http://dts-medicaleducation-adult.blogspot.in/2013/10/cervical-cancer-3.html
5. Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက် http://dts-medicaleducation-adult.blogspot.in/2012/03/cervical-cancer-new-guidelines.html
6. Cervical cancer test DIY သားအိမ်ဝ-ကင်ဆာ ကိုယ့်ဖါသာ စမ်းသပ်နည်း http://dts-medicaleducation-adult.blogspot.in/2013/08/cervical-cancer-test-diy.html
7. Cervical intraepithelial neoplasia (CIN) သားအိမ်ဝ ရောဂါတမျိုး http://dts-medicaleducation-adult.blogspot.in/013/08/cervical-intraepithelial-neoplasia-cin.html
8. Cancer of the Uterus သားအိမ်-ကင်ဆာ http://dts-medicaleducation.blogspot.com/2011/06/cancer-of-uterus.html

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ ဘလော့ခ် ကတော့ပျက်သွားပြီး သိလိုသူတွေကမေးရင် စာတွေကို ပို့ပေးပါမယ်။

ေ ဒေါက်တာတင့်ဆွေ

Credit to > Dr Tint Swe

ကျွန်တော်နှင့်Up Stream/Down Stream

၁၉၉၅ ခုနှစ်ခန့်က ဖြစ်ပါသည်။ ကိုရာဇာ A.E ဘ၀က ဖြစ်ပါသည်။ ဘုရားကြီး-ဘောနပ်ကြီး-ဇောင်းတူ-တိုက်ကြီးလမ်းတွင် တာဝန်ကျပါသည်။ ထိုစဉ်က ပဲခူးမြို့နယ်အင်ဂျင်နီယာမှာ A.E ဦးသန်းနိုင်အောင် ယခု ပဲခူးတိုင်း C.E ဖြစ်ပါသည်။ ပဲခူးလက်ထောက်မှူယာမှာ A.E ဦးစိုးအောင် ယခု D.D.E (အဆောက်အဦ) ဖြစ်ပါသည်။ ညောင်လေးပင်မြို့နယ်အင်ဂျင်နီယာမှာ A.E ဦးတင်ကြည် ယခု နေပြည်တော်တိုင်း C.E ဖြစ်ပါသည်။ ဒိုက်ဦး လက်ထောက်မှုယာမှာ A.E ဦးမြင့်ဇော် ယခု ရန်ကုန်တိုင်း C.E ဖြစ်ပါသည်။ ကျွန်တော်တို့အားလုံး၏ဆရာမှာ ပဲခူးခရိုင်အင်ဂျင်နီယာမှူး (ဦးဝင်းဖေ) ဖြစ်ပါသည်။
ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်း မိုင် ( ၉၃/၀-၉၄/၀ ) ရှိ ဗိုင်းဒါးချောင်းမှာ ညောင်လေးပင်မြို့နယ်အတွင်းရှိပါသည်။ ဗိုင်းဒါးချောင်းသည် အနောက်ရိုးမမှ မြစ်ဖြားခံ၍စီးဆင်းပြီး ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်းကို ဖြတ်သန်းကာ Down Stream ဖက်၌ ရန်ကုန်-တောင်ငူ-မန္တလေး မီးရထားလမ်းကို တံတားဖြင့်ဖြတ်သန်းကာ စစ်တောင်းမြစ်အတွင်းသို့ စီးဝင်ပါသည်။ ဆိုလိုသည်မှာ ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်းတံတား၏ လက်ဝဲဘက် (အနောက်ဖက်) သည် Up Stream ဖြစ်ပါသည်။ ရန်ကုန်-တောင်ငူ-မန္တလေးကားလမ်း၏ လက်ယာဘက်(အရှေ့ဘက်) သည် Down Stream ဖြစ်ပါသည်။ ပဲခူးရိုးမတွင် ရွာသွန်းသောမိုးရေချိန်လက်မများပြားချိန် ဗိုင်းဒါးချောင်းတစ်လျှောက်စီးဆင်းလာသော ရေများသည် ကျွန်တော်တို့ ကားလမ်းတံတားကိုဖြတ်ကျော်၍ စီးဆင်းလာသောရေများသည် မီးရထားလမ်းတာရိုးတွင်ရှိသော တံတားမှာ အနည်းငယ်ကျဉ်းသောကြောင့် ရေအလျဉ်အမြန်မစီးဆင်းနိုင်ပဲ ရေငြိမ်အိုင်ကဲ့သို့ဖြစ်နေပါသည်။ ထိုအခါ ကားလမ်းတာရိုးသည် ဆည်အတွင်းဖြတ်ဖောက်ထားသကဲ့သို့ ဖြစ်နေပါသည်။ ပိုမို၍ဆိုးရွားသည်မှာ စစ်တောင်းမြစ်ဝ၌တည်ရှိနေပြီး စစ်တောင်းမြစ်ဒီရေတက်အချိန်(ရေထရက်) များနှင့်တွေ့ဆုံလျှင် မိမိတို့ကားလမ်းမှာ ရေလွှမ်းမိုးမှုများဖြစ်ပွားလေ့ရှိပါသည်။ ကားလမ်းတာရိုးပေါ်သို့ 2’-6” to 3’-0” ခန့် ရေကျော်လေ့ရှိပါသည်။ တစ်နှစ်လျှင် လေးငါးကြိမ်ခန့် ဖြစ်ပွားလေ့ရှိသည်ဟု မှတ်သားရဖူးပါသည်။
ထိုအခက်အခဲကိုဖြေရှင်းရန် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်မှ အင်ဂျင်နီယာကြီးများသည် လမ်းတာရိုးကို ပျမ်းမျှ (10’) ခန့်မြှင့်အောင်တည်ဆောက်၍ 4’Ø Pipe Culvert များကို (၁၃၃) လုံးခန့် ထည့်သွင်းတည်ဆောက်ခဲ့ပါသည်။ ယခုလိုမိုးတွင်းကာလတစ်ခု၌ ကျွန်တော်ဇာတိရမည်းသင်းမြို့သို့ ခွင့်ဖြင့်ခေတ္တပြန်သွားခဲ့ပါသည်။ မပြန်မှီ ခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ)အား သွားရောက်နှုတ်ဆက်စဉ် တပည့်ရေ အသွား/အပြန် ဆရာတို့တည်ဆောက်ထားတဲ့ ဗိုင်းဒါးတံတားချဉ်းကပ်လမ်းတာရိုးက တောင်ကျရေများကို တောင့်ခံနိုင်မှု ရှိ/မရှိ ကြည့်ခဲ့ကွာဟု မှာကြားပါသည်။ ကျွန်တော်ကလည်း အသွား/အပြန် မှတ်သားပါသည်။ ပဲခူးမြို့တို့ပြန်ရောက်လျှင် ခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ) ထံ တင်ပြပါသည်။ ဆရာရေ တာရိုးအနောက်ဖက် Up Stream ဖက်မှာ လမ်းတာရိုးထိပ် Pavement ရဲ့အောက် (၁)ပေ အထိ ရေရှိတယ်ဆရာ ၊ လမ်းတာရိုးရဲ့အရှေ့ဖက် Down Stream ဖက်မှာတော့ လမ်းတာရိုးထိပ် Pavement ရဲ့အောက် (၃)ပေ အထိ ရေရှိတယ်ဆရာ ၊ Pipe Culvert တွေနေရာမှာတော့ ရေစီးကြမ်းတယ်ဆရာဟု တင်ပြပါသည်။ ထိုအခါ ဆရာမှ တပည့်ရေ (၁) လမ်းတာရိုးတစ်ခုလုံးရေမြှုပ်သွားရင် လမ်းတာရိုးအမြင့်က မလုံလောက်လို့ပဲ (လမ်းတာရိုးအမြင့်နိမ့်နေလို့ပဲ)။ (၂) Up Stream က မြှင့်ပြီး Down Sttream က နိမ့်နေရင် Openning နည်းလို့ပဲ ( Culvert နည်းလို့ပဲ)။ (၃) Up Stream နဲ့ Down Stream ဟာ Water Level ညီနေပြီး လမ်းတာရိုးကိုလည်း ရေမကျော်ဘူးဆိုရင် လမ်းတာရိုးအမြှင့်လုံလောက်တယ် ၊ Culvert (Openning) လုံလောက်တယ်ဟု သင်ကြားပါသည်။ ထိုစဉ်ကတင်ပြပါအခြေအနေသည် အယူအဆ (၂) နှင့် ကိုက်ညီနေပါသည်။ Pipe Culvert နည်းနေခြင်းဖြစ်ပါသည်ဟု ရှင်းပြပါသည်။
ပြီးခဲ့သည့် တစ်ပတ် ၊ နှစ်ပတ်အတွင်းက ဧရာဝတီတိုင်းအတွင်းရှိ လမ်းအချို့တွင် လမ်းရေကျော်မှုဖြစ်ပွားရာ Up Stream နှင့် Down Stream သည် Water Level ကွာခြားမှုရှိကြောင်း ဓါတ်ပုံများတွင် တွေ့ရှိရပါသည်။ ထို့ကြောင့် အယူအဆ (၂) နှင့် ကိုက်ညီပါသည်။ Culvert (Opening) များနည်းနေခြင်းဖြစ်သည်ဟု ယူဆနိုင်ပါသည်။
ကျွန်တော် တာဝန်ယူဆောင်ရွက်လျက်ရှိသော ကံမ-ပြည်လမ်းတွင် လမ်းတာရိုးပေါ်သို့ ရေ (2’) ခန့် ရေကျော်မှုဖြစ်ပွားခဲ့ပါသည်။ အယူအဆ (၁) နှင့် ကိုက်ညီပါသည်။ လမ်းတာရိုးအမြင့်မလုံလောက်၍ပဲဖြစ်ပါသည်။ သို့ပါ၍ ကျွန်တော်မှ အထက်ရုံးများသို့ လိုအပ်သလိုညွှန်ကြားမှုများပြုနိုင်ပါရန် တင်ပြထားပါသည်။
လေးလပတ်အစည်းအဝေးတစ်ခုတွင် ဧရာဝတီတိုင်းရှိ အဖွဲ့တစ်ခုမှ 5’x5’x40’ Box Culvert တစ်ခုတွင် ရေကျော်ပြီး ချဉ်းကပ်လမ်း ရေစား၍ လမ်းတာရိုးမှာ (35’) ခန့် ပြတ်ကျသွားပါသည်။ ကျွန်တော်တင်ပြလိုသည်မှာ တစ်နှစ်လုံးတွင် တစ်ကြိမ်နှစ်ကြိမ်။ တစ်ကြိမ်တွင်လည်း (၅) နာရီခန့်သာ ရေကျော်ပြီး ထိုအခိုက်အတန့်လေးကို တောင့်ခံထားနိုင်လျှင် ထိုလမ်းတာရိုးပြတ်ကျမသွားနိုင်ပါဟု ယူဆပါသည်။ Box Culvert သည် လမ်း၏အနိမ့်ဆုံးအပိုင်း ၊ လမ်းသားညွတ်သောအပိုင်း ၊ လမ်းတာရိုး Sagging ဖြစ်သောအပိုင်း၌တည်ရှိပြီးဖြစ်ပါ၍ လမ်းအူကြောင်းနှင့်အပြိုင် လေးဘက်စလုံး၌ ( Up Stream ဘက်တွင် နှစ်ခု ၊ Down Stream ဘက်တွင် နှစ်ခု ) Permanent မြေကာနံရံများကို ကမ်းကပ်ခုံနှင့်တွဲလျက် တည်ဆောက်၍ ကာကွယ်နိုင်လျှင် အခိုက်အတန့်ရေကြီးမှုမျိုးကို တောင့်ခံနိုင်မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ ရံပုံငွေအခက်အခဲအရ မြေကာနံရံ နှစ်ခုတည်းသာ တည်ဆောက်နိုင်မည်ဆိုပါက Down Stream ဘက်မှ နှစ်ခုကို ဦးစားပေး တည်ဆောက်ရမည်ဖြစ်ပါသည်။ လမ်းတာရိုးများရေကျော်မှုဖြစ်ပါက တိုက်စားခံရဆုံးသော အပိုင်းသည် Down Stream ဘက်ဖြစ်ပါသည်။
သို့ပါ၍ ၁၉၉၅ ခုနှစ် ပဲခူးခရိုင်အင်ဂျင်နီယာမှူး ဆရာ(ဦးဝင်းဖေ) ၏ အယူအဆအား Facebook Friend များ သိသာစေရန်နှင့် လိုအပ်လျှင်အသုံးချနိုင်ပါရန် Facebook Friend များအား မျှဝေလိုက်ရပါသည်။ နောက်ဆုံးတင်ပြသော တံတား၏ Up Stream ၊ Down Stream လေးဘက်စလုံး၌ Permanent မြေကာနံရံများကို ကမ်းကပ်ခုံနှင့်တွဲလျက် တည်ဆောက်၍ Submerge Bridge Function ကဲ့သို့ ဖြစ်စေရန် တည်ဆောက်နိုင်ပါက ခန်းဖွင့်(Span) ကျယ်တံတားများ တည်ဆောက်သည့်ကုန်ကျစရိတ်များထက် သက်သာနိုင်မည်ဖြစ်ကြောင်း တင်ပြရင်း မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (16/8/2014)


Credit to> U Shwe Zin


HPV Vaccine for Ca Cx သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး

1. ဆရာရှင့် အသက် ၄ဝ ကျော် အပျိုကြီးတွေ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးလို့ရပါသလား။
2. မိန်းကလေးတွေအတွက် သားအိမ်ခေါင်းကင်ဆာအကြောင်း သိချင်ပါတယ်ဆရာ။ ကာကွယ်ဆေးကို ဘယ်အချိန်မှာ ထိုးသင့်တယ် ဘယ်မှာထိုးရမယ်ဆိုတာ သိချင်ပါတယ်ဆရာ။
သားအိမ်အဝ (ခေါင်း) ကင်ဆာ ကာကွယ်ဆေးကို ဝ-၂-၆ ဆိုတဲ့ ဖေါ်မြူလာအတိုင်း ထိုးပါတယ်။ အခုတခါပဌမဆေးထိုး၊ ဒုတိယဆေးကို ပဌမတခါပြီးနောက် ၂ လမှာထိုးပါ။ ပဌမတခါပြီးနောက် ၆ လမှာ တတိယဆေးထိုးပါ။
• အမေရိကားမှာ နှစ်တိုင်း အမျိုးသမီးပေါင်း ၁၂ဝဝဝ ယောက်မှာ သားအိမ်အဝကင်ဆာ တွေ့နေပြီး၊ ၄ဝဝဝ လောက် သေဆုံးကြရတယ်။ မျိုးပွါးနိုင်တဲ့အရွယ်ရှိ မိန်းမ၊ ယောက်ျား ၁% မှာ လိင်လမ်းကြွက်နို့ရှိကြတယ်။
• သားအိမ်အဝ-ကင်ဆာ ကာကွယ်ဆေး (၂) မျိုးရှိတယ်။ ကင်ဆာကိုဖြစ်စေနိုင်တဲ့ Human papillomavirus (HPV) ဗိုင်းရပ်စ်တွေကို ကာကွယ်ပေးတယ်။ Cervarix ဆိုတာကို Bivalent vaccine လို့ခေါ်ပြီး၊ Gardasil ကို Quadrivalent vaccine လို့ ခေါ်တယ်။
• Gardasil ကာကွယ်ဆေးဟာ လိင်လမ်းမှာပေါက်တဲ့ ကြွက်နို့ကိုလဲ ကာကွယ်နိုင်တယ်။ ဒါ့ပြင် စအို ကင်ဆာ၊ မိန်းမကိုယ် ကင်ဆာ၊ မွေးလမ်းကြောင်း ကင်ဆာတွေကိုလဲ ကာကွယ်နိုင်တယ်။ ကာကွယ်ဆေး ၂ မျိုးလုံးက ၆ လအတွင်းမှာ ၃ ခါ ထိုးရတယ်။
• Genital HPV ဗိုင်းရပ်စ်ဟာ လိင်ဆက်ဆံရာကနေ အရေပြားချင်းထိတွေ့မိလို့ ကူးစက်တယ်။ အတော်များများမှာ တချိန်မှာ ဒီပိုးဝင်တာခံရပေမဲ့ ပိုးရှိနေမှန်းမသိကြတာဘူး။ ငယ်ရွယ်သူတွေမှာ ပိုများကြတယ်။ ပိုးအမျိုးအစားပေါင်း ၄ဝ လောက်ရှိတယ်။ အများစုကတော့ ရောဂါမရစေပါ။ ကူးစက်လာလဲ သူ့ဖါသူ ပျောက်သွားနိုင်တယ်။ တချို့အမျိုးအစား တွေကနေ မိန်းမသားအိမ်အဝ၊ ယောက်ျားလိင်တံ၊ မွေးလမ်းကြောင်း၊ မိန်းမကိုယ်၊ အာခေါင်နေရာတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ်။ တချို့အမျိုးအစားတွေက ယောက်ျားရောမိန်းမပါ လိင်လမ်းကြွက်နို့ ဖြစ်စေနိုင်တယ်။ အသက်ကို ရန်မရှာပါ။ ဒါပေမဲ့ စိတ်မသန့်ဖြစ်နေမယ်။ ကုသရတာလဲခက်တယ်။
• မိန်းကလေးတွေ အသက် ၁၁-၁၂-၁၃ နှစ်မှာ ထိုးသင့်ကြတယ်။ မထိုးရသေးရင်လဲ ၂၆ နှစ်အထိ ထိုးနိုင်တယ်။ အငယ်ဆုံး ၉ နှစ်သမီးတွေထိုးနိုင်တယ်။ လိင်ကိစ္စနဲ့လုံးဝ မပတ်သက်ခင်မှာ ထိုးရတာ ဖြစ်တယ်။
• ၂၆ နှစ်ကျော်ရင် သိပ်မထူးတော့လို့ မထိုးစေတာပါ။
• ကိုယ်ဝန်ဆောင်နေရင် ကာကွယ်ဆေး မထိုးသေဘဲ နေသင့်တယ်။ ကာကွယ်ဆေးက ကိုယ်ဝန်ကို ထိခိုက်စေတာ မတွေ့ရသေးပေမဲ့ သုတေသနတွေက မပြည့်စုံသေးပါ။ ကိုယ်ဝန်ဆောင်နေမှန်းမသိဘဲ ကာကွယ်ဆေး ထိုးမိရင်လဲ ကိုယ်ဝန်ကျဖျက်ပြစ်ဘို့ မလိုအပ်ပါ။ ဆက်ထိုးရမဲ့ ဆေးကိုတော့ ကလေးမွေးပြီးမှ ထိုးသင့်တယ်။
• ကာကွယ်ဆေးမထိုးခင် သားအိမ်အဝကင်ဆာရှိ-မရှိစစ်တဲ့ Pap test ရော၊ HPV test ပါ စစ်ကြည့်ဘို့မလိုအပ်ပါ။ ဒါပေမဲ့ ဆေးထိုးထားလဲ ဆေးက အကုန်လုံးကို ကာကွယ်နိုင်တာမဟုတ်လို့ သားအိမ်အဝကင်ဆာရှိ-မရှိဆိုတာကို စစ်ဘို့တော့ လိုအပ်ပါမယ်။
• ပိုးဝင်ထားပြီးအမျိုးသမီးတွေက ရောဂါဖြစ်ချင်ဖြစ်လာနိုင်တယ်။ ပိုးကိုရော ရောဂါကိုပါ ကာကွယ်ဆေးက ပျောက်အောင် လုပ်မပေးနိုင်ပါ။
• သုတေသနတွေ ဆက်လုပ်နေပါတယ်။ ဆေး ၃ လုံးထိုးထားပြီးရင် ၆ နှစ်အထိကာကွယ်တာ သေခြာတယ်။ ဒိနောက်လဲ ကာကွယ်နိုင်စွမ်း မလျှော့သေးပါ။
• တခြားလိင်ကတဆင့်ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါ။
• ကာကွယ်ဆေး ၁ လုံးတည်း၊ ၂ လုံးတည်းထိုးရင် ကာကွယ်ပေးနိုင်မှု နည်းလို့ ၃ လုံးပြည့်အောင်ထိုးပါ။
• အမေရိကားမှာ ၂ဝ၁၂ အထိ စုစုပေါင်။ ၄၆ သန်းကျော်ကို ထိုးထားပြီးပြီ။ စိတ်ချရပါတယ်။ ဆေးတလုံးကို ဒေါ်လာ ၁၃ဝ ကျတယ်။
• ဆေးထိုးပြီး ၁၅ မိနစ်ကြာနားနေသင့်တယ်။
• Gardasil ကာကွယ်ဆေးကို ယောက်ျားလေးတွေ ၉-၂၆ နှစ်ကိုထိုးလဲ စိတ်ချရတယ်။ တချို့နိုင်ငံတွေမှာ ၁၁-၁၂ နှစ်သားလေးတွေကို ၃ ခါပြည့်အောင်ထိုးစေတယ်။
HPV Vaccine 0.5 mL ကို IM အသားဆေးထိုးရတယ်။ စုစုပေါင်း (၃) ခါထိုးရမယ်။ ဒုတိယဆေးကို ပဌမဆေးနောက် ၁-၂ လအကွာမှာထိုးတယ်။ တတိယဆေးကို ပဌမေးထိုးပြီးနောက် ၆ လအကြာမှာထိုးတယ်။ အနည်းဆုံး ၂၄ ပါတ် ခြာပြီး ထိုးတာလဲ ရှိတယ်။
HPV Vaccines သားအိမ်ဝကင်ဆာကာကွယ်ဆေးတွေရဲ့ထိရောက်မှု
သားအိမ်ဝကင်ဆာ ကာကွယ်ဆေးတွေက အများဆုံးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် အမျိုးအစားတွေကို ပြစ်မှတ်ထားတယ်။ Gardasil ကနေ လိင်လမ်းကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုပါ ကာကွယ်မယ်။ ကာကွယ်ဆေး ၂ မျိုးလုံးကနေ ကင်ဆာဖြစ်စေနိုင်တဲ့ပိုး အများစုကိုထိထိရောက်ရောက်ကာကွယ်မှုပေးပါမယ်။ အမျိုးသမီးငယ်တယောက်ဟာ တကယ်လို့ ကာကွယ်ဆေးမထိုးခင်က HPV ပိုးတမျိုး ဒါမှမဟုတ် တမျိုးမကနဲ့ ထိတွေ့ဘူးပြီးသားဖြစ်နေရင် ကာကွယ်ဆေးရဲ့ ထိရောက်မှု နည်းနိုင်ပါတယ်။ HPV vaccines ကာကွယ်ဆေးတွေက ပိုးကြောင့်ဖြစ်နေပြီးသား ရောဂါကိုတော့ မကာကွယ်နိုင်ပါ။
  ဒေါက်တာတင့်ဆွေ

Credit to> Dr Tint Swe

ကျွန်တော်နှင့် မြေကာနံရံများ ( Retaining Wall )

ယာယီမြေကာနံရံများကို အရေးပေါ်သစ်တုံး ( မျောတုံးများ 6”x9” ) များဖြင့် ကာလေ့ရှိပါသည်။ ကတ္တရာပီပါခွံအပြားများဖြင့်လည်း ကာရံလေ့ရှိပါသည်။ ကတ္တရာပီပါခွံကို ထောင်လိုက်ဖြစ်စေ ၊ အလျားလိုက်ဖြစ်စေ ( တုံးလုံးခင်း၍ ) ကာရံလေ့ရှိပါသည်။ ဆာလာအိတ်များတွင် သဲများထဲ့ပြီး လှေကားထစ်များကဲ့သို့ အစီးအနင်းကောင်းစီမံပြီး တထစ်စီနောက်ဆုတ်၍ စီသောနည်းကိုလည်း အသုံးပြုနိုင်ပေါသည်။ သစ်ပင်အမြန်ပေါက်လွယ်သော (ပိတောက်ပင်၊တောဂွေးပင်) အစရှိသော မျောတုံးများကိုအသုံးပြုကာ သစ်သားခရစ်များလည်း ရိုက်နိုင်ပါသည်။ တောင်ပြိုထားသောနေရာများတွင် မိုးကာဖြင့်အုတ်သောနည်းဖြင့် ထပ်မံမပြိုကျအောင် ခေတ္တထိန်းသိမ်းထားနိုင်ပါသည်။ ဤသို့ ဆောင်ရွက်ခြင်းမျိုးကို ယာယီမြေကာနံရံများဟု ခေါ်ဆိုလေ့ရှိပါသည်။
အမြဲတမ်းမြေကာနံရံများကိုမူ 6”x9” ကျောက်များ (1:3) Motor များဖြင့် တည်ဆောက်လေ့ရှိပါသည်။ ဤတို့တည်ဆောက်ရာတွင် One Side Cutting အပိုင်းများ၌ လမ်း၏အထက်ရှိ တောင်နံရံမှမြေသားများ ပြိုကျမလာစေရန်ကာရံခြင်းမျိုးလည်းရှိပါသည်။ လမ်း၏အောက်ဖက်မှလည်း လမ်းသားပြတ်ကျခြင်းကို ကာကွယ်ရန်တည်ဆောက်ခြင်းမျိုးလည်း ရှိပါသည်။ မည်သို့ပင်ဖြစ်စေ မြေကာနံရံများကိုတည်ဆောက်ပါက လမ်းဦးစီး/လမ်းဘဏ္ဍာမှာ အမြင့် (၁၅) ပေ ထက် ပိုခွင့်ပြုလေ့မရှိပါ။ မြေကာနံရံ၏ အောက်ခြေတွင်ရှိသော 1st Step အကျယ်သည် အမြင့်၏ 2/3 ခန့်ရှိရမည်ဟု အကြမ်းဖြင်းသတ်မှတ်လေ့ရှိပါသည်။
အလျား 1’-0” ၊ အနံ 1’-0” ၊ အမြင့် 1’-0” ရှိသော သံပုံးတစ်ပုံးအတွင်းသို့ ရေထည့်ပါက ( 62.4 ပေါင် ) အလေးချိန်ရှိမည်ဖြစ်ပါသည်။ ၄င်းသံပုံးအတွင်းသို့ မြေကြီးထည့်ပါက ( 62.4 x 2.65 ပေါင် ) လေးမည်ဖြစ်ပါသည်။ ၄င်းမြေကြီးအတွင်းသို့ ရေထည့်ပါက ပိုမို၍လေးမည်ဖြစ်ကြောင်း Facebook Friend တို့ သိရှိပြီးဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ ရေ၏ Specific Gravity မှာ ( 1.0 ) ဖြစ်၍ မြေကြီး၏ Specific Gravity မှာ ( 2.65 ) ဖြစ်ပါသည်။ ခြောက်သွေ့သောမြေထက် စိုစွတ်သောမြေမှာ ပိုလေးပါသည်။ သို့ပါ၍ ရေထည့်ထားသော အုတ်ကန်တစ်ကန်တွင် ရေ၏ဘေးတိုက်တွန်းအား (Lateral Force) ထက် မြေကြီးထည့်ထားသောအုတ်ကန်တွင် မြေကြီး၏ဘေးတိုက်တွန်းအား (Lateral Force) က ပိုများပေလိမ့်မည်။ မြေကြီးခြင်းတူလျှင် ရေစိုသောမြေကြီးကပို၍ တွန်းအားများပေလိမ့်မည်။
သို့ပါ၍ ရေစိုသော Saturated ဖြစ်နေသော မြေကြီးက ပို၍ တွန်းပေလိမ့်မည်။ ထိုအခြေအနေအား Weep Hole များကို ထည့်ပေးခြင်းဖြင့် ရေထုတ်ပစ်ပြီး မြေကြီး၏တွန်းအားကို အနည်းငယ် လျှော့ချနိုင်ပါသည်။ သို့ပါ၍ တည်ဆောက်ထားသော မြေကာနံရံ၏ Back Fill အတွင်းသို့ ဖြည့်တင်းသောမြေများသည် ရေကိုကြာရှည်စွာစုတ်ယူထားနိုင်ခြင်းမရှိသော မြေအမျိုးအစားများဖြစ်ရပါမည်။ ( ဥပမာ - သဲမြေ ၊ ကျောက်ရောမြေ ၊ ရွံ့မပါဝင်သောမြေများ )
ကိုရာဇာတို့ လမ်းအထူးအဖွဲ့ (၁၁) ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်က V Shape ပုံသဏ္ဍာန် ကျောက်လွှာချပ်ကြီးနှစ်ခု၏အထဲတွင်တည်ရှိသော လမ်းသားမြေကြီးသည် ကျောက်လွှာချပ်ကြီးနှင့်မညှိတွယ်ပဲ အောက်ဖက်သို့လျှောဆင်းလေ့ရှိကြောင်း မှတ်သားရဖူးပါသည်။ D.S.E ဦးသန်းတိုးအောင်မှ နေပြည်တော် - မြို့သစ် - ကံပြား - မကွေးလမ်း မိုင် ၂၁/၀-၂၃/၀ အတွင်း မြေကာနံရံများသည် High အလွန်မြင့်စွာတည်ဆောက်ရပါသည်။ သို့သော်လည်း တည်ငြိမ်မှုမရှိကြောင်း တင်ပြဆွေးနွေးသည်ကို မှတ်သားရဖူးပါသည်။ ထိုအခါ အင်ဂျင်နီယာချုပ် (လမ်း) ဦးခင်မောင်ကျော်မှ ပုပ္ပါးတောင်ကလပ်တွင် Mini Bore PiPe နှင့် Deep Foundation ဆောင်ရွက်လျှင်အောင်မြင်ကြောင်း ၊ ထိုကဲ့သို့ ဆောင်ရွက်ရန် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်သို့ ပုံစံတင်ပြတောင်းခံရန် မှာကြားကြောင်း လေ့လာဖူးပါသည်။ ပုပ္ပါးတောင်ကလပ်တွင် တံတားအထူးအဖွဲ့ (၄) ဒု-အင်ဂျင်နီယာမှူးကြီး ဦးဝင်းမင်းထွဋ်မှ Mini Bore Pile များကို 0.8meter Ø အတွက် အနက် 100’ အထိ တူးနိုင်ကြောင်း 2 Meter Ø အတွက် အနက် 100 Meter အထိ တူးနိုင်ကြောင်း ရှင်းပြသည်ကို မှတ်သားရဖူးပါသည်။
သို့ပါ၍ Facebook Friend အများအနေဖြင့် အမြင့်ပေများပြားသော မြေကာနံရံများအတွက် (ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် (တောင်/မြောက်/အရှေ့) လမ်းများအတွက် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်သို့ ပုံစံများတင်ပြတောင်းခံကြပါရန်နှင့် Open Foundation နည်းအစား Deep Foundation နည်းအား အသုံးပြုတည်ဆောက်ပါက ပိုမို၍ကြံ့ခိုင်နိုင်မည်ဖြစ်ပါကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်ဗျာ။
Shwe Zin (20/8/2014)


Credit to > U Shwe Zin

မိန်းကလေးများရဲ့ ထက်မြတ်မှုများ

၁) မိန်းကလေးရဲ့ ဦးနှောက်ဟာ ယောက်ျားလေးထက် သေး တယ် ဆိုသော်ငြားလည်း မိန်းကလေးတွေရဲ့ မှတ်ဥာဏ်က ယောက်ျားလေးထက် ၃%မြင့်ကြောင်း စမ်းသပ်မှုအရ သိရ တယ်။ ဒါပေမယ့် မိန်းကလေးအများစုက ကိုယ့်ချစ်သူ
ပိုထက်တယ်လို့ ထင်မြင်စေအောင် လူအများရှေ့မှာ တုံးအချင် ဟန်ဆောင် တတ်ကြသည်။

၂) မိန်းကလေးတွေက ရေတာဖမ်းစက်နဲ့ တူတယ်။ သူတို့ရှေ့မှာ လိမ်ဖို့ ကြိုးစားလို့ မရဘူး။ မိန်းကလေးတွေရဲ့ ဦးနှောက်မှာ ခန္ဓာစကား (body language) ကို နားလည်တဲ့ အစွမ်းရှိတာ ကြောင့် ယောက်ျားလေးတွေကို ကိုယ်အမှုအရာတွေနဲ့
လှည့်စား လို့ရတယ်။
၃) မိန်းကလေးတွေက တစ်ဖက်မှာ စကားကို အကျယ်ကြီး ပြောရင်း တစ်ဖက်မှာ စဉ်းစားတယ်။ ယောက်ျားလေးတွေက အဲဒီလို မဟုတ်ဘူး။ ဒါကြောင့်ယောက်ျားလေးတွေက မိန်းကလေးတွေကို ပစိပစပ်များတယ်လို့ ထင်ကြတယ်။
၎) မိန်းကလေးတွေက သူတို့မကျေနပ်တာ၊ စိတ်ညစ်တာတွေကို ရင်ဖွင့်တာဟာစိတ်ဖိအားကို လျော့စေချင်လို့ဖြစ်တယ်။ ယောက်ျားလေးတွေ ဆီကနေ အကြံဥာဏ်ရချင်လို့ မဟုတ်ပါဘူး။ သူတို့ရင်ဖွင့်တာကို
နားထောင်ပေးမယ့်လူရှိဖို့ပါပဲ။
၅) ယောက်ျားလေးတွေက ကိုယ့်ချစ်သူကို ချစ်တဲ့အကြောင်း စိတ်ခံစားမှုကိုစာစီပြီး မဖွဲ့နွဲ့ပြတတ်ဘူး။ဒါကြောင့် ကိုယ့်ချစ်သူကို ကတ်လေးတွေ လက်ဆောင်ပေးတဲ့အခါ ကိုယ်ရေးဖို့နေရာမရှိအောင် စာတွေ
အများကြီးပါတဲ့ ကတ်ကိုပဲ ရွေးဝယ်တတ်ကြတယ်။
၆) မိန်းကလေးတွေက စပြီး လမ်းခွဲစကား ပြောတာဟာ ယောက်ျားလေးတွေ ပေးကမ်းတဲ့ လက်ဆောင် ပစ္စည်းတွေ မလုံလောက်လို့ မဟုတ်ဘူး။ သူတို့အတွက် အချစ်တွေ မလုံလောက်ဘူးလို့ ထင်လို့ပါ။
၇) မိန်းကလေးတွေက တစ်နေ့ကို စကားလုံးပေါင်း ၂သောင်းကျော် သုံးပြီး စကားပြောတတ်ကြတယ်။ ယောက်ျားလေးတွေက ၇ထောင်ကျော်ပဲ သုံးတယ်။
၈) အချစ်ရေးမှာ အဆင်မပြေတဲ့ မိန်းကလေးတွေက အလုပ်ကို စိတ်ဝင်တစား မလုပ်တတ်ကြဘူး။ အလုပ်အဆင်မပြေတဲ့ ယောက်ျားလေးတွေက အချစ်ရေးကို စိတ်ဝင်မစားကြဘူး။
၉) ယောက်ျားလေးတွေက တစ်ကြိမ်မှာ အလုပ်တစ်ခုပဲ လုပ်နိုင်တယ်။
ဥပမာ ကားရပ်ပြီး ကားကက်ဆက်ကို ပိတ်ပြီးမှ လမ်းညွှန် မြေပုံကို ကြည့်တတ်ကြတယ်။ မိန်းကလေးတွေက တစ်ကြိမ်ထဲမှာ အလုပ်အများကြီး လုပ်နိုင်တယ်။
ဥပမာ တီဗွီကြည့်ရင်း ဖုန်းပြောရင်း လက်သည်းတွေ ပြင်နေတတ်သလို ဖုန်းပြောရင်းကြော်လှော်နေလို့ရတယ်။
၁၀) ယောက်ျားလေးအများစုက ကိုယ့်ချစ်သူနဲ့ ဈေးဝယ်ထွက်ပြီး မိနစ်၂၀ ကြာရင် ဦးနှောက် သွေးယိုစီးတဲ့ လက္ခဏာ ဖြစ်တတ်တယ်။
၁၁) ယောက်ျားလေးတွေရဲ့ ဦးနှောက်ထဲမှာ ၁၅% ကနေ ၂၀% အထိလောက်က မိန်းကလေးဆန်တဲ့ အစိတ်အပိုင်းရှိပြီး မိန်းကလေးတွေမှာ ၁၀% လောက်သာ ယောက်ျားဆန်တဲ့ အစိတ်အပိုင်းရှိတယ်။ ဒါကြောင့် ယောက်ျားလိင်တူ
ချစ်ကြိုက်နှုန်းဟာ မိန်းကလေးလိင်တူ ချစ်ကြိုက်နှုန်းထက် များခြင်းဖြစ်တယ်။
Credit - Original Writer

Monday, August 18, 2014

ကျွန်တော်နှင့် ကလေးမြို့သို့ချီတက်ခြင်း

၁။ ကိုရာဇာ ၁၉၉၆ ခုနှစ် ခန့်က လက်ထောက်အင်ဂျင်နီယာဘ၀တွင် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ လမ်းအထူး (၁၁) ၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကိုရာဇာတို့သည် Hilux ငါးချိတ်ကားလေးဖြင့် မိတ္ထီလာမှ မန္တလေး ၊ မန္တလေးမှ မုံရွာ ခရီးစဉ်အတိုင်းချီတက်ခဲ့ပါသည်။ မုံရွာမှ မြောက်ဘက် (၅၆) မိုင်ဝေးသော ရေဦးမြို့သို့ ဆက်လက်ချီတက်ခဲ့ပါသည်။ ရေဦးမြို့မှ အနောက်ဘက်သို့ ဆက်လက်ချီတက်ရာတွင် တန့်ဆယ်မြို့ ၊ သစ်ဖြူတောင်စခန်း ၊ ပျဉ်းကိုင်းစခန်း ၊ မောက်ကတော်ချောင်း ၊ ယုဇလယ်အတက် စသည့်စခန်းများကိုကျော်ဖြတ်ပြီး ချင်းတွင်းမြစ်ကမ်း ကလေးဝမြို့၏အရှေ့ဘက် ကိုင်းစခန်းသို့ ရောက်ရှိခဲ့ပါသည်။ ကိုင်းစခန်းမှ အနောက်ဘက် ကလေးဝမြို့သို့ ချင်းတွင်းမြစ်အား ဇက်ဖြင့်ကူးခဲ့ပါသည်။ ယခုအခါတွင် ကလေးဝမြို့နှင့် မြစ်အရှေ့ဘက် ကိုင်းစခန်းတို့အား ချင်းတွင်းမြစ်ကူးတံတား စတင်၍ တည်ဆောက်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ ကလေးဝမြို့သည် ချင်းတွင်းမြစ်ဘေးတွင်ရှိသော ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်ပါသည်။ ကျောက်မီးသွေးများထွက်ရှိပါသည်။ ကလေးဝမြို့မှ အနောက်ဘက် ကလေးမြို့သို့ (၂၄)မိုင် ကွာဝေးပါသည်။ ကလေးမြို့သည် ခရိုင်မြို့ကြီးဖြစ်ပါသည်။ ထိုစဉ်က ကလေးခရိုင်အတွင်း ကလေးမြို့ ၊ ကလေးဝမြို့ ၊ မော်လိုက်မြို့ ၊ မင်းကင်းမြို့ ၊ တမူးမြို့များပါဝင်ပါသည်။ ကလေးမြို့၏ မြောက်ဖက် (၈၂) မိုင်ခန့်တွင် တမူးမြို့ရှိပါသည်။ အန္ဒိယ-မြန်မာနယ်စပ် စခန်းမြို့လေးဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်တွင် နမ့်ဖာလုံဈေးတည်ရှိပြီး အန္ဒိယနိုင်ငံဘက်တွင် မိုရေးမြို့လေးရှိပါသည်။ ချင်းပြည်နယ်မြောက်ပိုင်း၏ ထွက်ပေါက်လည်းဖြစ်ပါသည်။ ကလေးမြို့မှ ကျွန်တော်တို့ရုံးစိုက်ရာ ဖလမ်းမြို့သို့ (၈၄)မိုင် ကွာဝေးပါသည်။ ကလေး-ဖလမ်း-ဟားခါးလမ်းမှာ (၁၂၄)မိုင် ရှည်လျားပါသည်။ ချင်းပြည်နယ်မြောက်ပိုင်း၏ မြို့နယ်များဖြစ်သော ဟားခါး ၊ ထန်တလန် ၊ ဖလမ်း ၊ တီးတိန် ၊ တွန်းဇံ ၊ ရိဒ် ၊ ကျည်ခါး စသောမြို့နယ်များမှ လုပ်သားပြည်သူများသည် ကလေးမြို့ကိုဖြတ်သန်း၍ မြန်မာပြည်အနှံ့အပြားသို့ သွားလာနိုင်ပါသည်။ ကလေးမြို့တွင် လေဆိပ်လည်းရှိပါသည်။ ကလေးလေဆိပ်မှ မန္တလေး ၊ ရန်ကုန်မြို့များသို့ မြန်မာ့လေကြောင်းဖြင့်သော်၎င်း ၊ ပုဂ္ဂလိက လေကြောင်းလိုင်းများဖြင့်သော်၎င်း သွားလာ၍ ရနိုင်ပါသည်။ ကလေးမြို့မှ တောင်ဘက် ဂန့်ဂေါမြို့သို့ မီးရထားလမ်းလည်း ရှိပါသည်။ သို့ပါ၍ ကလေးမြို့သည် လေကြောင်း ၊ ရေကြောင်း ၊ မီးရထားလမ်း နှင့် မော်တော်ကားလမ်းများရှိကြသော်လည်း အများပြည်သူတို့၏ အားထားရာမှာ မော်တော်ကားလမ်းများသာဖြစ်ကြောင်း သိရှိရပါသည်။
မုံရွာ-ရေဦး-ကလေးဝ-ကလေးလမ်းသည် ၅၆ မိုင် + ၁၀၅ မိုင် + ၂၄ မိုင် = ၁၈၅ မိုင် ကွာပေးပါသည်။ မိုးတွင်းအခါတွင် ရေဦး-ကလေးဝလမ်းမှာ လမ်းပန်းဆက်သွယ်ရေးဆိုးရွားပါသည်။ ထိုအခါ ကလေးမြို့မှ လုပ်သားပြည်သူများသည် ကလေးဝမြို့သို့ ကုန်းလမ်းခရီးဖြင့်ချီတက်ပြီး ကလေးဝမှ မုံရွာသို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ချီတက်လေ့ရှိပါသည်။ ကလေးဝမြို့နှင့် မုံရွာမြို့အတွင်း ချင်းတွင်းမြစ်ကြောင်းတွင် ရွှေစာရေး ၊ ၀က်သိုက် ၊ ပေတလူ စသော နာမည်ကြီး ၀ဲကြီးများရှိပါသည်။ အထက်မှာပေ အောက်မှာရွှေ အလယ်ဝက်သိုက် မျက်ဖြူဆိုက် စသော ဆိုရိုးစကားကိုပင် ကြားဖူးခဲ့ပါသည်။
၂။ ကိုရာဇာ အင်ဂျင်နီယာမှူးဘ၀ ( ၂၀၀၈) ခုနှစ်တွင် ခန္တီးခရိုင်၌ တာဝန်ကျပါသည်။ ထိုစဉ်က မုံရွာမြို့မှ ကလေးမြို့သို့ တာဝန်တစ်ခုဖြင့်သွားရောက်ရာ မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း ချီတက်ခဲ့ပါသည်။ ဤလမ်းသည် မုံရွာမြို့မှ အနောက်ဘက်သို့ ချင်းတွင်းမြစ်ကူးတံတား(အလုံ) ဖြင့် စတင်၍ ဖြတ်သန်းခဲ့ပါသည်။ ချင်းတွင်းမြစ်အနောက်ဘက်မှ ချီတက်ပြီး ကလေးဝမြို့မရောက်ခင်၌ မြစ်သာမြစ်ဖြတ်ကူးသည့် တံတားကြီးတစ်စင်းအား ဖြတ်သန်းခဲ့ရပါသေးသည်။ ဤတံတားကြီးအား ဆရာ MD U Kyaw Linn တို့ ငယ်စဉ်ဘ၀က တည်ဆောက်ခဲ့ကြောင်း မှတ်သားရဖူးပါသည်။ ကလေးဝမှ ကလေးမြို့သို့ ဆက်လက်ချီတက်ပါသည်။ သို့ပါ၍ မုံရွာ-ယာကြီး-ကလေးဝ-ကလေးလမ်းသည် ၁၁၅ မိုင် + ၂၄ မိုင် = ၁၃၉ မိုင် ကွာဝေးပါသည်။ ဤလမ်းသည် မုံရွာမြို့နှင့် ကလေးမြို့သို့ ဆက်သွယ်ရာတွင် အတိုဆုံးလမ်းပင်ဖြစ်ပါသည်။ ဤလမ်းကို မူလက စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူ၍ ဖောက်လုပ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ ထိန်းသိမ်းခဲ့ပါသည်။ နောင်လာမည့်နှစ်များတွင် အန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဤလမ်းအား အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
၃။ မုံရွာမြို့မှ အနေက်ဖက်ကမ်းသို့ အလုံတံတားဖြင့်ကူး၍ ထိုမှတဆင့် မုံရွာ-ပုလဲ-ဂန့်ဂေါလမ်းအတိုင်း ပုံတောင်/ပုံညာ တောင်တန်းကြီးကိုကျော်ဖြတ်ကာ ဂန့်ဂေါမြို့သို့ ချီတက်ရာလမ်းကြောင်းတစ်ခုရှိပါသေးသည်။ မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးလမ်းမှာ ၁၁၂ မိုင် + ၉၁ မိုင် = ၂၀၃ မိုင် ကွာဝေးပါသည်။ မိုးတွင်းအခါတွင် မုံရွာ-ရေဦး-ကလေးဝ-ကလေးလမ်းမှာ လမ်းဆိုး၍၄င်း ၊ မုံရွာ-ယာကြီး-ကလေးဝလမ်းမှာ ယာဉ်ငယ်များသာ သွားလာနိုင်သဖြင့်၎င်း ကလေးမြို့မှ လုပ်သားပြည်သူများသည် မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးလမ်းအတိုင်း ချီတက်သွားလာကြပါသည်။ ပုံတောင်/ပုံညာ တောင်တန်းကြီးပေါ်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ၊ အထူးစီမံကိန်းကြီးအဖွဲ့ (၁) မှ ဦးဆောင်၍ လမ်းတာရိုးအကျယ် (၄၀)ပေ ရရန် တည်ဆောက်ခြင်း ၊ အရေးကြီးနေရာများတွင် ကွန်ကရစ်လမ်းခင်းပေးခြင်း ၊ ကတ္တရာလမ်းတိုးချဲ့ခြင်း ၊ လက်ရှိကတ္တရာလမ်းအား အဆင့်မြှင့်တင်ခြင်း ၊ တံတားများအား တိုးချဲ့ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း စီမံကိန်းကာလအတွင်း တောင်ချဲ့ရာတွင် ဖယ်ရှားသောမြေများကြောင့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုများ အနည်းငယ်တွေ့ရှိရပါသည်။
၎။ ပခုက္ကူမြို့မှ အနောက်မြောက်ဖက်သို့ (၂၇) မိုင်ခန့်သွားလျှင် မြိုင်မြို့သို့ရောက်ရှိပါသည်။ မြိုင်မြို့မှ အနောက်ဖက်သို့ မြိုင် - ဗဟင်း - ခင်အေးလမ်းပေါ်တွင် မိုင် (၃/၆) မှ စတင်၍ ဂန့်ဂေါမြို့သို့ ချီတက်ရာလမ်းကြောင်းတစ်ခု တည်ဆောက်နေပြီဖြစ်ပါသည်။ ဤလမ်းပြီးစီးသွားပါက ပခုက္ကူ-မြိုင်-တောမ-ဂန့်ဂေါ မြို့သို့ ၂၇ မိုင် + ၃/၆ မိုင် + ၉၃/၅ မိုင် = ၁၂၄ /၃ မိုင် ကွာဝေးမည်ဖြစ်ပါသည်။ သို့ပါ၍ ပခုက္ကူမှ ဤလမ်းအတိုင်း ကလေးမြို့ထိဆိုလျှင် ၁၂၄/၃ မိုင် + ၉၁ မိုင် = ၂၁၅/၃ မိုင် ကွာဝေးမည်ဖြစ်ကြောင်း တင်ပြအပ်ပေသည်။ ပခုက္ကူမှ မြိုင်အထိ လမ်းအပိုင်းသည် မြတ်နိုးသူကုမ္ပဏီမှ BOT ယူ၍ ဆောင်ရွက်နေသောလမ်းဖြစ်ပါသည်။ လက်ရှိကတ္တရာလမ်း (၁၂)ပေ အကျယ်အား (၁၈)ပေ အကျယ် တိုးမြှင့်တည်ဆောက်လျက်ရှိပါသည်။ မြိုင် - တောမ - ဂန့်ဂေါလမ်းအား ၂၀၁၅ မတ်လတွင် (၄၀)ပေ အကျယ်လမ်းတာရိုးနှင့် (၁၆)ပေ အကျယ် အမာခံလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါသဖြင့် (၁၂)လ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ပါသည်။ သို့သော်လည်း ကြက်ရင်းချောင်း ၊ ကျောသာချောင်း ၊ သံသေချောင်း (၁) (၂) စသော ချောင်းကြီးလေးခုကိုတော့ ရာသီမရွေးသွားလာနိုင်အောင် တံတားကြီး (၄)စင်း တည်ဆောက်ပေးရပေဦးမည် ဖြစ်ပါသည်။
၅။ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ-ကလေးလမ်း တစ်ခုလည်း ရှိပါသေးသည်။ အဆိုပါ ပခုက္ကူ-ပေါက်-ထီးလင်း-ဂန့်ဂေါ-ကလေးလမ်းသည် ၁၃၈/၃ မိုင် + ၉၁/၀ မိုင် = ၂၂၉/၃ မိုင် ကွာဝေးသည်ဟု သိရှိရပါသည်။ ထိုလမ်းမကြီးသည် ပခုက္ကူမြို့မှ အနောက်ဘက် ပေါက်မြို့သို့ချီတက်ရာတွင် နာမည်ကြော် ကျောချောင်း ၊ ယောချောင်းများကိုဖြတ်သန်း၍ ပေါက်မြို့သို့ ချီတက်ရပါသည်။ ပေါက်မြို့နှင့် ထီးလင်းမြို့ကြားတွင်လည်း ဆူးပုတ်ခုံချောင်း ၊ ပေါက်ချောင်း စသော သဲချောင်းကြီးများကိုလည်း ဖြတ်သန်းရပါသေးသည်။ ပေါက်မြို့နှင့် ထီးလင်းမြို့ကြားတွင် ပုံတောင်/ပုံညာတောင်တန်းနှစ်ခုကို ဖြတ်သန်းရပါသေးသည်။ တောင်တန်းနှစ်ခုကြား၏ ရွာမှာ ကျင်းဟူသော သစ်ထုတ်လုပ်ရေးစခန်းရွာကြီးဖြစ်ပါသည်။ အစိုးရအထက်တန်းကျောင်း ၊ တိုက်နယ်ဆေးရုံနှင့် ရဲစခန်းများရှိသော ကျေးရွာကြီးဖြစ်ပါသည်။
သို့ပါ၍ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ကလေးမြို့သို့ သွားရာ လမ်းမကြီး (၅) ခုအား Facebook Friend များအနေဖြင့် ဗဟုသုတရရှိနိုင်ပါစေရန်အလို့ငှာ တင်ပြလိုက်ရခြင်းပဲ ဖြစ်ပါတယ်ဗျာ . . .။

Shwe Zin (17/8/2014)

Credit to > U Shwe Zin

ကျွန်တော်နှင့်SKEW BRIDGE


၁။ မိမိတို့ငယ်စဉ်က လမ်းနှင့်ချောင်းမှ ထောင့်မှန်ပြု၍ ဖြတ်သန်းရမည်။ ချောင်းနှင့်အပြိုင် ကမ်းကပ်ခုံ ( Abutment ) ကို တည်ဆောက်၍ Abutment သည် လမ်းအူကြောင်းနှင့် ထောင့်မှန်ခံတည်ဆောက်ရမည်ဟု သိရှိခဲ့ပါသည်။
၂။ မိမိတို့တည်ဆောက်သော လမ်းတာရိုးများသည် အခါအားလျော်စွာ ချောင်းများနှင့် ထောင့်မှန်အနေအထားရှိခဲ့ပြီး တင်ပြပါအယူအဆသည် မှန်ကန်ခဲ့ပါသည်။ တစ်ခါတစ်ရံ ချောင်းနှင့် လမ်းသည် ထောင့်မှန်ခံအနေအထားမရှိပဲ ထောင့်ကျဉ်းအနေအထားတွေ့ဆုံတတ်ပါသည် (အရပ်စကားနဲ့ပြောရမယ်ဆိုရင် ခပ်စွေစွေလေးပေါ့ဗျာ) ။ ထိုအခါ Abutment ကို လမ်းနှင့် ထောင့်မှန်ခံတည်ဆောက်ပါက Water Way (Opening) ကျဉ်းသွားတတ်ပါသည်။ Opening ကျဉ်းသွားလျှင် ထူးကဲချောင်းရေများသောအချိန်များ၌ တံတား၏ Span မလုံလောက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။ လမ်းတာရိုးပေါ်ရေကျော်မှုများ ဖြစ်ပွားတတ်ပါသည်။ လမ်းအူကြောင်းကို Abutment နှင့် ထောင့်မှန်ပြု၍၀င်ရန် လမ်းအူကြောင်းကို ပြောင်းလဲပါက မလိုအပ်သောလမ်းအူကြောင်းကွေ့ကောက်မှုများ ဖြစ်ပေါ်စေပါသည်။ ရေဦးတိုက်ရာဖက်မှ ကမ်းကပ်ခုံမှာလည်း ရေတိုက်စားခံရခြင်းများဖြစ်ပွားလေ့ရှိပါသည်။ Mini Bore Pile Foundation များ Spen Pipe Foundation များဆိုလျှင် ခံနိုင်ရည်ရှိသော်လည်း Open Foundation စနစ်များတွင် ရေတိုက်စားမှုကြောင့် ဆိုးကျိုးများကြုံတွေ့နိုင်ပါသည်။
၃။ ယခုတင်ပြသော Skew Bridge ၏ အယူအဆမှာ လမ်းနှင့်ချောင်း ခပ်စွေစွေလေးရှိနေလျှင် Abutment (ကမ်းကပ်ခုံ) ကို ချောင်းနှင့်အပြိုင်တည်ဆောက်မည်။ Long Girder များ ၊ လက်ရမ်းများကိုတော့ လမ်းအူကြောင်းနှင့်အပြိုင်တည်ဆောက်မည်။ Slab များသည် ထောင့်မှန်စတုဂံမဟုတ်ပဲ Rombarg မှန်ကူကွက်ပုံစံ တည်ဆောက်မည်။ တည်ဆောက်ရာတွင်/တွက်ချက်ရာတွင် ခက်ခဲမှုအနည်းငယ်ရှိမည်။ တည်ဆောက်ရာတွင် ကနဦးကုန်ကျစရိတ် (Start-Up Cost) များပြားမည်။ Innitial Cost များပြားမည်။ သို့သော်လည်း ရေရှည်သဖြင့် တာယာပွန်းစားမှုသက်သာမည် ၊ လောင်စာဆီသုံးစွဲမှုသက်သာမည် ၊ စက်ယာဉ်ယန္တရားပြင်ဆင်ခသက်သာမည်။
၎။ သို့သော် အကျိုးကျေးဇူးအားဖြင့် ရေသွားလမ်း Water Way ဖြောင့်တန်းမည်။ Driving Quality ကောင်းမည်။ Abutment များ ရေစားခံရမှုကို ကာကွယ်နိုင်မည်။ လမ်း Aligment ကောင်းမည် . . . စသည့် အကျိုးကျေးဇူးများကို ရရှိစေမှာဖြစ်ပါတယ်ဗျာ။
၅။ Abutment နှင့် လမ်းအူကြောင်း Aligment မှာ ထောင့်မှန်ခံစရာမလိုပဲ ပကတိတည်ရှိနေသည့်အတိုင်း တွေ့ဆုံရန်သာဖြစ်ပါသည်။ ထိုအခါ လမ်းအူကြောင်း Aligment မှာ တဖြောင့်တည်းတည်ရှိပြီး Driving Quality ကောင်းမွန်မည်ဖြစ်ပါသည်။
မိမိတို့ Site အင်ဂျင်နီယာများအနေဖြင့် မိမိတို့လမ်းပေါ်၌တည်ဆောက်မည့် တံတားသည် ပုံမှန်အခြေအနေလား ? ဒါမှမဟုတ် SKEW TYPE တည်ဆောက်ရမှာလားဆိုတာ ခွဲခြားသုံးသပ်နိုင်ဖို့နဲ့ ထိုကဲ့သို့ ကြုံဆုံလာရလျှင် ရွေးချယ်နိုင်စေဖို့ Facebook Friend တို့အား မျှဝေလိုက်ရပါတယ်ဗျာ။
Shwe ZIn (19/8/2014)
 
Credit to> U Shwe Zin