"ဘာလဲကွ...မင်းတို့က။ ဂျပန်တွေကားစီးပြီး အဝတ်ကောင်းဝတ်တာတွေအားကျလို့လား။ ဟေ့... မင်းတို့မှတ်ထား။ ငါတို့တပ်မတော်ဆိုတာ ပြည်သူလူထုရဲ့သားသမီးတွေဆိုတာ... ကြည့်လိုက်စမ်းတို့ပြည်သူလူထုတွေဟာ စစ်ဘေးဒဏ်သင့်ပြီး တစ်ဖက်ကငပုတွေက တွေ့ကရာဆွဲယူအနိုင်ကျင့်ချင်တိုင်း အကျင့်ခံနေရတဲ့ဘဝမှာ မင်းတို့လိုအကောင်တွေက ဇိမ်ခံချင်တယ်။ ဒုက္ခရောက်နေတဲ့ပြည်သူလူထုထက် အခွင့်အရေးပိုယူချင်ကြတယ်။
အစားကောင်းတွေစားချင်ကြတယ်။ လူထုဝတ်စရာပုဆိုးအင်္ကျီမရှိတဲ့ဘဝမှာ
မင်းတို့လိုအလိုက်ကမ်းဆိုးမသိတဲ့ အကောင်မိုက်တွေက
စစ်ဝတ်စုံအကောင်းတွေဝတ်ချင်ကြတယ် ဟုတ်လား။ မှတ်ထားကွ ဒီလိုစိတ်မျိုး
ဒီလိုအမြင်မျိုး ဒီလိုအကျင့်မျိုးတွေရှိသမျှ ငါမျှော်မှန်းလာတဲ့
ပြည်သူ့တပ်မတော်နဲ့တော့ ဝေးပါသေးတယ်ကွာ။ ရှက်စရာသိပ်ကောင်းတယ်။
မင်းတို့ပြည်သူလူထုအတွက် စစ်တိုက်နေတယ်ဆိုတာ အလကားပဲ။
လုံးဝအဓိပ္ပာယ်မရှိတော့ဘူး" လို့ကြိမ်းမောင်းပါတယ်။
ဂျပန်ခေတ်မှာဝတ်ဆင်ရတဲ့ စစ်ဝတ်စုံများက ကြမ်တမ်းလွန်းလှသလို စားနပ်ရိက္ခာကလည်း ဆိုးဝါးကြမ်းတမ်းလွန်းလို့ ညည်းညူပြောဆိုတာကိုကြားသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဒေါသပေါက်ကွဲသွားခဲ့တာပါ။
"မင်းတို့နားလည်ရဲ့လား စဉ်းစားမိရဲ့လား။ မင်းတို့ဗိုလ်တွေစစ်သားတွေဆိုပြီးတော့ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးဘဝင်မြင့်နေတဲ့အကောင်စားတွေ မင်းတို့ကိုဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲစိတ်တွေထားကြ ငပုတွေကမင်းတို့ကိုဆော်ဖို့ အမြဲတမ်းအသင့်ရှိနေတယ်ဆိုတာ မြင်ရဲ့လား။ မင်းတို့အသုံးမကျတဲ့ကောင်တွေ ပြည်သူတွေထက်ပိုပြီး အခွင့်ထူးခံချင်တဲ့ကောင်တွေ တပ်ကထုတ်ပစ်ရမယ်" လို့ပြောဆိုကြိမ်းမောင်းခဲ့ပါတယ်။
အဲ့ဒီအခါမှာဒီလိုပြောဆိုညည်းညူမိတာမှားပါကြောင်း နောက်တရပါကြောင်း အရာရှိနှစ်ဦးက ဝန်ချတောင်းပန်ကြပါတယ်။ အဲဒီအခါမှာဗိုလ်ချုပ်အောင်ဆန်းက စိတ်အနည်းငယ်ပျော့သွားပုံရပြီး သူဝတ်ထားတဲ့ဝတ်စုံကို လက်နဲ့ပုတ်ပြလို့
"ငါဘယ်လိုဝတ်ထားသလဲ ကြည့်ကြစမ်း မင်းတို့နဲ့ဘာခြားလို့လဲ မင်းတို့ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ... မှတ်ထား... ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့ကောင် တစ်ယောက်မှမရှိရဘူး။ မပါစေရဘူးကွ။ လူထုငတ်ရင် အားလုံးငတ်ရမယ်။ လူထုဆင်းရဲရင် ဒို့ရဲဘော်တွေအားလုံး ဆင်းရဲရမယ်။ ငါလည်းဆင်းရဲရမယ်။ ငါတို့တွေတည်ဆောက်ခဲ့တဲ့တပ်မတော်ဟာ ဒီဝါဒ ဒီလိုအမိန့်နဲ့ချီတက်ဖို့ အရေးကြီးတယ်" လို့ပြောခဲ့ပါတယ်...။
Credit to > Ko Htut Myanmar

No comments:
Post a Comment