Wednesday, September 3, 2014

ကျွန်တော်နှင့်လမ်းခင်းကျောက်များ

ကမ္ဘာပေါ်ရှိကျောက်များကို သုံးအုပ်စုခွဲခြား၍ရသည်ဟု သင်ကြားခဲ့ရဖူးပါသည်။ ၄င်းတို့မှာ မီးသင့်ကျောက် ၊ အနည်ကျကျောက် ၊ အသွင်ပြောင်းကျောက် တို့ဖြစ်ကြောင်း သိရှိရပါသည်။ မီးသင့်ကျောက်အုပ်စုဝင် နှမ်းဖက်ကျောက် ၊ လိပ်သဲကျောက်များမှာ အကောင်းဆုံးသော လမ်းခင်းကျောက်များဖြစ်ကြပါသည်။ မြန်မာနိုင်ငံရှိ ကျောက်ဆည်မြို့အနီး ဘဲလင်းကျောက်ထုတ်စခန်း ၊ သာစည်မြို့နယ် ဘုရားငါးဆူကျောက်ထုတ်စခန်း ၊ ပျဉ်းမနားမြို့နယ် ရေဆင်းကျောက်ထုတ်စခန်း ၊ မွန်ပြည်နယ် သိန်ဇရပ် ၊ မုပ္ပလင် ၊ ရင်းငြိမ် ၊ တောင်စွန်း စသည့်ကျောက်ထုတ်စခန်းများမှ လိပ်သဲကျောက်များထုတ်လုပ်ပါသည်။ တင်ပြပါကျောက်ကွင်းများမှ ကျောက်များသည် မြန်မာနိုင်ငံတွင်အကောင်းဆုံးကျောက်များဖြစ်သည်ဟု မှတ်သားဖူးပါသည်။
မန္တလေး-ပြင်ဦးလွင်လမ်းပေါ်ရှိ အုန်းကျော/ထုံးဖိုဟုခေါ်သောဒေသမှ ကျောက်များသည် ထုံးကျောက်အမျိုးအစားများဖြစ်ကြပါသည်။ ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သော ကိုစံတင်မှ ပြောပြဖူးသည်ကို မှတ်သားရဖူးပါသည်။ ကျောက်တောင်တစ်ခုမှ ရေစီးကြောင်းတွေဟာ ရေတိုက်စားပြီး လိမ္မော်ရောင်ကဲ့သို့ ( ထုံးကျောက်ရောင်ဟုလည်းခေါ်ဆိုကြပါသည် ) အရောင်စင်းကြီးများရှိနေလျှင် တင်ပြပါထုံးကျောက်နှင့် ရေတို့ ဓါတ်ပြုပြီး လိမ္မော်ရောင် ၊ သုံးဘီးကားရောင် ၊ ထုံးကျောက်ရောင်တို့ ဖြစ်ကြခြင်းဖြစ်ပါသည်။ ထိုတောင်များသည် ထုံးကျောက်တောင်များဖြစ်ကြပါသည်။ ထိုသို့သော ကျောက်တောင်မျိုးမှာ တကောင်း-ကသာ-ဗန်းမော်လမ်းပေါ်ရှိ ဥဒေါင်းတောင်နှင့် မျက်နှာချင်းဆိုင် နတ်မျက်နှာတောင် ၊ မိုင်းဆတ်-မိုင်းတုံလမ်းပေါ်ရှိ မိုင်းတုံမြို့အနီးမှ ကျောက်တောင်များ ၊ မော်လမြိုင် - ဘားအံလမ်းပေါ်ရှိ ဘုရင်ညီဂူရှိသော ကျောင်တောင် ၊ ပျဉ်းမနား-ပင်လောင်းလမ်းပေါ်ရှိ ဂျယ်တွင်းအရပ်၌ရှိသော ထုံးကျောက်တောင်များ စသည်တို့သည် ထုံးကျောက်တောင်များဖြစ်ကြပြီး ယင်းကျောက်တောင်များမှ လမ်းခင်းကျောက်များ ထုတ်ယူနိုင်ပါသည်။ သို့ပါ၍ အဆိုပါထုံးကျောက်တောင်တန်းကြီးများထဲမှ ကျောက်များကို လက်အားဖြင့်ဖြစ်စေ (သံတူရွင်း ၊ စို့များ ၊ တူများသုံး၍ ) ၊ ယမ်းဘီလူးများသုံး၍ဖြစ်စေ လမ်းခင်းကျောက်များထုတ်ယူနိုင်ပါသည်။
အနောက်ရိုးမတောင်တန်း ( ရခိုင်ရိုးမ ၊ ချင်းရိုးမနှင့် နာဂတောင်တန်း ) များသည် သက်နုကျောက်ပေါများပါသည်။ ပဲခူးရိုးမသည်လည်း သက်နုကျောက်များသာ ပေါများပါသည်။ ပုပ္ပါးတောင်အနီးတစ်ဝိုက်တွင်တော့ မီးသင့်ကျောက်အုပ်စုဝင် ကျောက်များရှိပါသည်။ အားလုံးတော့မဟုတ်ပါ ချော်ခဲများလည်းရှိပါသည်။
အရှေ့ရိုးမ ( ရှမ်းရိုးမ / ကယားတောင်တန်း / ကရင်တောင်တန်း/ မွန်တောင်တန်း ) များကတော့ သက်ရင့်အုပ်စု များပါသည်။ ရှမ်းရိုးမတိုင်းတွင်လည်း စံချိန်စံညွှန်းမှီသော လမ်းခင်းကျောက်များ မပေါများပါ။ #C.E U Hla Tun Oo နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မက်မန်းမြို့သို့ခရီးထွက်စဉ်တွင် ကိုရာဇာရေ လျှိုတွေထဲကို Excavator နဲ့ တူးကြည့်ပါ။ လျှိုအတွင်းမှာ လမ်းခင်းကျောက်များရှိတတ်တယ်ဟု သင်ပြဖူးပါသည်။ သူ၏ အယူအဆအတိုင်း MTKT ( မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း) လမ်းပေါ်ရှိ လျှိုများတွင် ကျွန်တော်မှ A.E Ko Kaung Zan ကို ရှာဖွေခိုင်းရာတွင် ရှေးယခင်အကျဉ်းဦးစီးဌာနမှ ထုတ်ယူခဲ့သော ကျောက်ထုတ်အလုပ်စခန်းအဟောင်းများပင် ပြန်လည်တွေ့ရှိရပါသည်။ ကျောက်ကွင်းများလေလေ အလုပ်ပြီးလေလေပင်ဖြစ်ပါသည်။ ကျောက်ကွင်းနှင့် Work Site နီးလေလေ အလုပ်ပြီးလေလေပဲဖြစ်သည် မဟုတ်လားဗျာ။
ကိုရာဇာတို့ A.E ဘ၀က လမ်းအထူး (၁) ဖလမ်းမြို့၌ တာဝန်ကျစဉ်က မဏိပူရမြစ်အတွင်းရှိသော သောင်ခုံများမှ အုန်းသီးလုံးအရွယ်ထက်ကြီးသော ကျောက်များကို ထုခွဲကာ 2”-4” ကျောက် ၊ 1”-2” ကျောက်များအဖြစ်သုံးစွဲခဲ့ဖူးပါသည်။ တချို့ 2”-4” ကျောက်များကို ခွဲစက်အတွင်းထည့်ကာ 1 ½” – 2” ကျောက် ¾” ကျောက် 3/8” ကျောက်များအား ကတ္တရာ ခင်းရာတွင် အသုံးပြုဖူးပါသည်။ လမ်းခင်းကျောက်များအဖြစ်အသုံးပြုရာတွင်တော့ နှစ်ခြမ်းခြမ်းထားသော လုံးခြမ်းခွဲများ မသုံးသင့်ပါ။ ကျောက်တစ်ခုနှင့်တစ်ခု Inter Locking ဖြစ်စေရန် ချွန်ထက်သော မျက်နှာပြင်များများပါသော ကျောက်များသာသုံးသင့်ပါသည်။ ချင်းပြည်နယ် တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီးသီတင်းသုံးရာ လုံပီးတောင်မှလည်း လမ်းခင်းကျောက်များထုတ်ယူဖူးပါသည်။ ထုံးကျောက်တောင်ဖြစ်ပါသည်။ ကျွန်တော်တို့ ခန္တီးခရိုင် ထမံသီ-လေရှီးလမ်းဖောက်လုပ်စဉ်မှာတော့ လမ်းရဲ့ဘယ်ဖက်မှာရှိတဲ့ နမ့်သလက်ချောင်းထဲကကျောက်တွေကိုထုခွဲပြီးခင်းခဲ့ရတာဗျ။ ကချင်ပြည်နယ်မှာလည်း ကျောက်ကောင်းရှားတယ်ဗျို့။ ကျွန်တော်တို့ကတော့ မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း မိုင် ၁၁၀/၀ မှာရှိတဲ့ ဇနန်ရွာဟောင်းကကျောက်တွေကို လူနဲ့ မီးဖုတ်ပြီးထုခဲ့ရတာဗျ။
ယခုအချိန်ထိ တင်ပြခဲ့သောကျောက်များမှာ မြန်မာနိုင်ငံတွင် ကျွန်တော်ရောက်ရှိခဲ့သော နေရာများမှ ကျောက်များကိုဖော်ပြထားခြင်းသာဖြစ်ပါသည်။ ထိုကျောက်များကိုသာ အသုံးပြုရမည် အခြားကျောက်ကွင်းများမကောင်းပါဟု ဆိုလိုခြင်းမဟုတ်ပါ။ မိမိတို့လုပ်ငန်းတည်ရှိရာဒေသများတွင် ရနိုင်သောလမ်းခင်းကျောက်များကို အရည်အသွေးစစ်ဆေးကြည့်ရပါမည်။ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ်/လမ်းဦးစီး/လမ်းသုသေတနဓါတ်ခွဲခန်းသို့ပို့၍ စမ်းသပ်ရပါမည်။ ဓါတ်ခွဲခန်း Result များအရ Sub Grade တွင် သုံးသင့်သည် ၊ Sub-Base တွင်သုံးသင့်သည် ၊ Base Course တွင်သုံးသင့်သည် ၊ Wearing Surface Course တွင် သုံးသင့်သည် စသည်ဖြင့်ခွဲခြား၍ ဖော်ပြပေးလိမ့်မည်ဖြစ်သည်။
Facebook မှ ညီငယ်/ညီမငယ်များမှလည်း မှတ်သားထားပြီး ဘယ်ကျောက်ကွင်းက ကျောက်ကိုတော့ ဘယ်အလွှာမှာသုံးမယ် ၊ ဘယ်ကျောက်ကွင်းကတော့ ညံ့တယ် ၊ ကျောက်ကိုကြည့်ရင်ဖြင့် ဘယ်ကျောက်က အရောင်မလှဘူး ၊ ဘယ်ကျောက်က ရေစုတ်တယ် ( Absorption ) ၊ ဘယ်ကျောက်ကဖြင့်တော့ ကြွပ်ဆတ်တယ် ( Brittle ) ၊ ဘယ်ကျောက်က ဖိအားဒဏ်မခံနိုင်ဘူး ၊ ဘယ်ကျောက်က ပွတယ် ( Specific Gravity ညံ့တယ် ) ၊ ဘယ်ကျောက်က မျက်နှာပြင်လုံးတယ် (Interlocking မကောင်းဘူး) ၊ ဘယ်ကျောက်က ပွတ်စားမှုဒဏ်မခံဘူး (Abrasion) ၊ ဘယ်ကျောက်က အပြားအချပ်များတယ် (Flakiness Index) စသည်ဖြင့် ခွဲခြားတတ်အောင် အတွေ့အကြုံများမှ ပညာများယူတတ်ကြစေလိုသောစေတနာဖြင့်ရေးသားခြင်းဖြစ်ပါသည်။ မုဆိုးဆိုင်သင်ဆိုတဲ့ စကားလိုပေါ့ဗျာ။
ကျွန်တော်တို့ယခု 18-8-2014 ရက်နေ့မှ 22-8-2014 အတွင်း C.E များ ၊ D.S.E များ ၊ E.E. များ အရည်အချင်းမြှင့်တင်ရေးသင်တန်းတွင် လမ်းသုတေသနဓါတ်ခွဲခန်းမှ D.S.E ဒေါ်မြမြ၀င်းမှ သင်ကြားရာတွင် လမ်း Layer တိုင်းအတွက် C.B.R သတ်မှတ်ချက်များမတူပါ။ အပေါ်ဆုံးအလွှာမှာ CBR 100% ရရှိရန်လိုပြီး Base Course တွင် 80% ၊ Sub Base Course တွင် 40% စသည်ဖြင့် သတ်မှတ်ပါသည်။ Layer တိုင်း တသမတ်တည်းရှိရန်မလိုပါ။ ဘီးတစ်ခု၏ ၀န်ကို ခံစားရာတွင် အပေါ်ဆုံးအလွှာက Area နည်းပြီး အောက်အလွှာများက Area များပါသည်။ သို့ပါ၍ အပေါ်ဆုံးအလွှာက pressure များများခံရပြီး ၊ အောက်အလွှာများက pressure နည်းနည်းသာခံရပါသည်။ ထို့ကြောင့် အပေါ်ဆုံးအလွှာများမှ CBR များပြီး အောက်အလွှာများမှာ CBR နည်းရခြင်း ဖြစ်ပါသည်။ တင်ပြလိုသည်မှာ အပေါ်ဆုံးအလွှာမှာ ကျောက်များအရည်အသွေးကောင်းပြီး CBR များရပါမည်။ အောက်အလွှာမှာ ကျောက်များအရည်အသွေးကို လျှော့ချနိုင်ပြီး CBR နည်းနိုင်ပါသည်။ အပေါ်အလွှာအတွက်ကတော့ မဖြစ်မနေအကောင်းဆုံးကိုသုံးသင့်သည်ဟာ တင်ပြလိုခြင်းဖြစ်ပါသည်။
ကျွန်တောတို့ကံမပြည်လမ်းတွင် ဂုတ်ဂက်ကျောက်ကွင်းမှ ကျောက်များကို Base Course အတွက်သုံး၍ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်း မိုင် ၂၄/၀ တွင် ရှိသော ညောင်ခြေထောက်ကျောက်ကွင်းက ပိုကောင်းတဲ့ကျောက်ကိုတော့ Surfacing Course အတွက် သုံးပါသည်။
လမ်းတစ်လမ်းကောင်းဖို့ဆိုတာကလည်း ကတ္တရာအချိုးအစားမှန်အောင်သုံးဖို့ ၊ တန်ပိုယာဉ်များမဖြတ်သန်းနိုင်အောင်ထိန်းသိမ်းဖို့ ၊ လမ်းလွှာ Design မှန်ကန်ဖို့ ၊ ခင်းတဲ့နည်းစနစ်တွေမှန်ကန်ဖို့နဲ့ လမ်းခင်းကျောက်များအရည်အသွေးကောင်းဖို့ဆိုတဲ့အချက်တွေက အဓိကပဲမဟုတ်ပါလားဗျာ။ ဒါကြောင့် မိမိတို့ Open Tender ပစ်မဲ့ကျောက်ကွင်းမှာရှိတဲ့ ကျောက်ရဲ့အရည်အေသွေးတွေကို ကြိုတင်ပြီး လမ်းသုတေသနဓါတ်ခွဲခန်းမှာ စစ်ဆေးဖို့ ၊ Tender အောင်မြင်ပြီးပေးသွင်းလာမဲ့ ကျောက်တွေကို အရည်အသွေးမှန်ကန်စွာရရှိစေဖို့ အရည်အတွက်ပြည့်ဝစွာရရှိစေဖို့ဆိုတာကလည်း ကျွန်တော်တို့တစ်တွေရဲ့ တာဝန်တွေဖြစ်ကြောင်းမျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (26/8/2014)

Credit to > U Shwe Zin


No comments:

Post a Comment