Tuesday, September 2, 2014

ကျွန်တော်နှင့်စာတွေ့/လက်တွေ့

ကျွန်တော်သည် မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်ပါသည်။ ယခုတင်ပြမည့် Status သည် စက်မှုအထက်တန်းကျောင်းဆင်းသည့် ညီငယ်/ညီမငယ်များ ၊ စက်မှုလက်မှုသိပ္ပံဆင်းသည့် ညီငယ်/ညီမငယ်များ ၊ B-Tech ဘွဲ့ရ ညီငယ်/ညီမငယ်များ ၊ B.E ဘွဲ့ရ ညီငယ်/ညီမငယ်များ၏ မြို့ပြဆိုင်ရာအင်ဂျင်နီယာများအတွက် ရည်စူး၍ ရေးသားပါသည်။ ကျွန်တော်တို့ စတုတ္တနှစ်နှင့် ပဉ္စမနှစ်တွင် (၁၉၈၃-၁၉၈၄) ရန်ကုန်တက္ကသိုလ်များအရံတပ်ရင်း (UTC) တွင် နှစ်နှစ်တာသင်တန်းတက်ရောက်ခဲ့ဖူးပါသည်။ သင်တန်းတွင် လက်နက်ငယ်ဘာသာရပ်ဆိုင်ရာများကို နှစ်နှစ်လုံး သင်ကြားရပါသည်။ တင်ပြလိုသည်မှာ အရံတပ်ရင်းမှ ဆရာကြီး (တပ်ကြပ်ကြီး) များ သည် လက်နက်ငယ်များအကြောင်း စာတွေ့သင်ကြားရာတွင် သင်တန်းသားများ သိရှိနားလည်သည်မှာ (ပညာရပ်၏) ၁၀% ခန့်သာရှိပါသည်။ မိမိတို့သည် စက်တင်ဘာလကျောင်းပိတ်သည့်အခါ ဖူးကြီးကန်စခန်း ၊ ဂျိုးဖြူကန်စခန်းတို့၌ Camp ၀င်၍ နှစ်စဉ် တစ်လတာစီ သင်ကြားရပါသည်။ ထိုအခါ လက်နက်ငယ်များကို ကိုယ်နှင့်မကွာ သိမ်းဆည်းပြီး ဖြုတ်ခြင်း ၊ တပ်ခြင်း ၊ တိုက်ချွတ်ခြင်းများကို သင်ကြား၍ ညအိပ်လျှင် အတူတူလက်နက်များကို သိမ်းဆည်းအိပ်ရပါသည်။ ထိုအခါ ဆရာကြီးများက နောက်ထပ်ပညာရပ်၏ ၂၀% ထပ်မံတပ်မြောက်သည်ဟု ပြောကြားလေ့ရှိပါသည်။ ရန်ကုန်တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း၏စက်ပစ်ကွင်းတွင် လက်နက်ငယ်များကို ကိုယ်တိုင်ကိုယ်ကြ ကျည်ထိုးခြင်း ၊ ပစ်ခတ်ခြင်းများ လက်တွေ့လုပ်ဆောင်ရပါသေးသည်။ နောက်ဆုံးအခါတွင် ကျန်ရှိသော ပညာရပ်၏ ၇၀%ကို တတ်မြောက်ပြီဟု ဆရာကြီးများက သင်ကြားကြပါသည်။
ကျွန်တော်တင်ပြလိုသည်မှာ မြို့ပြအင်ဂျင်နီယာကျောင်းအသီးသီးမှ သင်ကြားလိုက်သော မြို့ပြအင်ဂျင်နီယာဘာသာရပ်များနှင့် သင်တန်းအသီးသီး(လုပ်ငန်ခွင်တွင်းသင်တန်းများ၊ ဆွေးနွေးပွဲများ ၊ Forum များ ၊ Workshop များ ၊ စာတမ်းဖတ်ပွဲများ ၊ အစည်းအဝေးများ ) မှ သင်ကြားတတ်မြောက်ခဲ့ကြသော ညီငယ်/ညီမငယ်များအနေဖြင့် စာတွေ့တတ်မြောက်ခြင်းမှာ ပညာရပ်၏ ၁၀%ခန့်သာရှိပါသည်။ လုပ်ငန်းခွင်တွင် စတင်လုပ်ဆောင်သောအခါ ၂၀%ခန့် ထပ်မံတတ်မြောက်ပါသည်။ လုပ်ငန်းခွင်ထဲတွင် ဆရာခိုင်းသည်ကို ခိုင်းတဲ့အတိုင်းသာလုပ်ပါက ဒုတိယ ၂၀%သာ တတ်မြောက်မည်ဖြစ်ပါသည်။ နောက်ဆုံးကျန်သာ ၇၀% ကို တတ်မြောက်လိုပါက ဘာ့အတွက် ဘာလုပ်ရသည် ၊ ဘာ့ကြောင့် ဘာလုပ်ရသည် ၊ ဘာရည်ရွယ်ချက်ဖြင့် ဘာလုပ်ရသည်ဟု ဆိုလိုသောသဘောတရားကို ပိုင်နိုင်စွာဖမ်းဆုပ်လုပ်ကိုင်နိုင်ပါမှ ၁၀၀% တတ်မြောက်မည်ဟု တင်ပြလိုခြင်းဖြစ်ပါသည်။ ဘယ်လိုပညာရနိုင်သလဲ သိရမည် ၊ ဘယ်လိုလေ့ကျင့်ရမည်ကို သိရမည် ၊ ဘယ်လိုအခြေနေကနေ အတွေ့အကြုံတွေရနိုင်မည်လည်းဆိုတာကို စဉ်းစားတွေးခေါ်တတ်သော ညီငယ်/ညီမငယ်များ ဖြစ်လာနိုင်စေရန် ရည်ရွယ်ပါသည်။ ဥပမာအားဖြင့် လမ်းပေါက်တစ်ခုသည် ဘာ့ကြောင့်ပေါက်သည် ဘာပစ္စည်းဖြင့်ဖာထေးရမည် ၊ ဘယ်လိုလုပ်ငန်းစဉ်ဖြင့် စနစ်ကျအောင်ဆောင်ရွက်ရမည် ၊ နောက်ထပ်မပေါက်အောင် ဘယ်လိုပြင်ဆင်ရမည် စသည်ဖြင့် သဘောတရားပါသော လက်တွေ့များကို မှတ်သားစေလိုသောဆန္ဒဖြင့် ဤStatus ကို ရေးသားလိုက်ရပါသည်။ မိမိတို့သည် အာဂုံဆောင်အလွတ်ကျက်ထားသော ဖိုမင်များမဟုတ်ကြပဲ အသက်သာဆုံးဈေးနှုန်း ၊ အသက်သာဆုံးအတိုင်းအတာတို့ဖြင့် (ခံနိုင်ဝန်အားအကောင်းဆုံး) တို့ကို ရွေးချယ်နိုင်သော အင်ဂျင်နီယာကောင်းများ ဖြစ်ကြရမည်မဟုတ်ပါလားဗျာ။ ဘာ့ကြောင့် ဖြစ်ရသည် ၊ အကြောင်းက ဘာကြောင့် ၊ အကျိုးက ဘာကြောင့်ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး အကြောင်းအရင်းကို ရှာဖွေ၍ ပြီးဆုံးအောင်ဆောင်ရွက်နိုင်ကြပါစေရန် ဆန္ဒပြုလျက် . . . .။
U Shwe ZIn (24/8/2014)


Credit to > U Shwe Zin

No comments:

Post a Comment