Wednesday, August 20, 2014

တောလမ်းရဲ့ ဝဲယာ တဖက်တချက် မြင်မြင်သမျှ မက်မန်းခြံ လိမ္မော်ခြံများဟာ စစ်တပ်က သိမ်းဆည်းထားလိုက်ပြီဖြစ်ကြောင်း ရေချမ်းအိုးရွာမှ ဒကာကြီးတစ်ယောက် ပြောပြချက်အရ သိလာရပါတယ်

စစ်အစိုးရလက်ထက်က သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး ကြိုးပမ်းကြတဲ့ လယ်သမားများကိုယ်တိုင် တရားစွဲခံရတာတွေ အမှုရင်ဆိုင်ရတာတွေ အဖမ်းခံရတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။

လယ်ယာမြေများ အသိမ်းခံရတာတွေနဲ့ ပတ်သက်ပြီး မိမိကိုယ်တွေ့ ဖြစ်ရပ်များ ရှိပါတယ်။ အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ နွေရာသီ ဆန်အလှူခံထွက်တဲ့ အစီအစဉ်ရှိပါတယ်။ တစ်နှစ်မှာ တံတားဦးနယ်ဘက် ဆန်အလှူခံထွက်တဲ့ ခရီးစဉ်မှာ လိုက်ပါခွင့် ရခဲ့ပါတယ်။ ထိုအချိန်က တံတားဦး အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း တည်ဆောက်နေချိန် ဖြစ်ပါတယ်။ လေယာဉ်ကွင်း မြေနေရာအတွက် ရွာပေါင်းများစွာနဲ့ လယ်ယာမြေ ဧကပေါင်းများစွာ အသိမ်းခံခဲ့ရပါတယ်။ ရွာသားများဟာ မိမိတို့ ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ရာ ရွာများမှ အစိုးရ ချထားပေးတဲ့ ရွာသစ်တွေဆီကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရွာသစ်တွေမှာ အစစအရာရာ မပြည့်မစုံနဲ့ ဖြစ်သလို နေကြရတဲ့အပြင် မိမိတို့ နေရာဟောင်းကို လွမ်းတဲ့စိတ်တွေ ဖိစီးပြီး အသက် (၆၀) အထက် လူကြီး အတော်များများ တဖြုတ်ဖြုတ် ကွယ်လွန်ကုန်ကြတယ်လို့ ဒေသခံများ ပြောပြကြပါတယ်။

လယ်ယာမြေများ ဆုံးရှုံးသွားကြရတဲ့ လယ်သမား ယာသမားများ ခက်ခက်ခဲခဲ ဘဝကို ရုန်းကန်နေကြရချိန်မှာ လေယာဉ်ကွင်းတည်ဆောက်ရေးလုပ်ငန်းခွင်မှ အရာရှိများ အင်ဂျင်နီယာများ ဘူဒိုဇာ ထရပ်ကားမောင်းသူများရဲ့ ဘဝတွေက သာယာစိုပြေနေကြတာကို တွေ့ ခဲ့ရပါတယ်။ သံဃာတော်များအတွက် ဆွမ်းဆန်စိမ်းများကို စေတနာသဒ္ဓါ ထက်သန်စွာ လှူဒါန်းခဲ့ကြတာကိုလည်း မှတ်မိနေဆဲပါ။

မဟာဂန္ဓာရုံကျောင်းတိုက်မှာ သီတင်းသုံးနေစဉ်အတွင်း မေမြို့ စစ်အင်ဂျင်နီယာတက္ကသိုလ်အနီးမှာ တည်ရှိတဲ့ မိဂဒါဝုန်တောရမှာ တစ်လလောက် နေခဲ့ပါသေးတယ်။ ညနေတိုင်း တောရကျောင်း အနီးပတ်ဝန်းကျင်မှာ လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ တောလမ်းရဲ့ ဝဲယာ တဖက်တချက် မြင်မြင်သမျှ မက်မန်းခြံ လိမ္မော်ခြံများဟာ စစ်တပ်က သိမ်းဆည်းထားလိုက်ပြီဖြစ်ကြောင်း ရေချမ်းအိုးရွာမှ ဒကာကြီးတစ်ယောက် ပြောပြချက်အရ သိလာရပါတယ်။ စစ်အင်ဂျင်နီယာတက္ကသိုလ်၊ တိုးချဲ့ ဖွင့်လှစ်တဲ့ အမြှောက်တပ်ရင်းနဲ့ အခြားသောတပ်ရင်းမြေနေရာများဟာလည်း လယ်သမားများထံမှ သိမ်းဆည်းထားခဲ့တဲ့ မြေများဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

မိမိရဲ့ ဇာတိ ရေးမြို့နယ်မှာ ဆိုရင်လည်း ကွမ်းသီးခြံ ရာဘာခြံများစွာဟာ အသစ်တိုးချဲ့ တဲ့ တပ်မ တပ်ရင်းများအဖြစ် ဘဝပြောင်းခဲ့ရပါတယ်။ အသိမ်းခံကြရတဲ့ ခြံများဟာ အသီးအထွက်ကောင်းတဲ့ ကွမ်းသီးခြံများ၊ အစေးအထွက်ကောင်းတဲ့ ရာဘာခြံများသာ ဖြစ်နေတတ်ပါတယ်။ တပ်မြေအဖြစ် သိမ်းထားသော်လည်း အဆောက်အဦ အနည်းငယ်သာ တွေ့ ရတာကြောင့် စီးပွါးဖြစ် သိမ်းတဲ့သဘော ဖြစ်နေကြောင်း ရင်းနှီးတဲ့ ခြံသမား ဒကာကြီးတစ်ယောက်က မိမိကို ပြောပြခဲ့ဖူးပါတယ်။

မဟာဂန္ဓာရုံကျောင်းတိုက်မှာ (၇) နှစ်တာ နေထိုင်ခဲ့စဉ်က အစိုးရသတင်းစာကို နေ့စဉ်မှန်မှန် ဖတ်တဲ့ ရင်းနှီးတဲ့ သီတင်းသုံးဖေါ်ရဟန်းတစ်ပါး ရှိပါတယ်။ သူဟာ အစိုးရကို ဝေဖန်ရင် ပြန်လည်ခုံခံကာကွယ် ချေပလေ့ရှိပါတယ်။ တစ်နေ့ သူ့ဇာတိနယ်ဘက်မှာ ဆည်ကြီးတစ်ခု တည်ဆောက်ပါတယ်။ သူ့မိဘများ နေထိုင်ရာ ရွာလည်း အရွှေ့ခံရတဲ့အထဲ ပါသွားပါတယ်။ ရွာသစ်မှာ သူ့မိဘဆွေမျိုးများအပါအဝင် ရွာသားများ အတိဒုက္ခ ရောက်ကြရပါတယ်။ ထိုအချိန်မှ စပြီး မိမိမိတ်ဆွေ သီတင်းသုံးဖေါ်ရဟန်းဟာ အစိုးရဖက်မှ ခုခံကာကွယ်ခြင်း မပြုတော့ပါဘူး။
ဒီကိစ္စနဲ့ စပ်ပြီး ပရိယတ္တိသာသနာမှာ ကျေးဇူးကြီးတော်မူတဲ့ ဆရာတော်ကြီး တစ်ပါးအကြောင်းကို ပြောပြချင်ပါတယ်။ ဆရာတော်ကြီးဟာလည်း အစိုးရသတင်းစာကို နေ့စဉ်မပျက် ဖတ်သူပါ။ ဆရာတော်ကြီးကို နဝတအစိုးရမှ ဘွဲ့တံဆိပ်များ ဆပ်ကပ်လှူဒါန်းထားပါတယ်။ ဆရာတော်ကြီး မိန့်လေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီအစိုးရလောက် သာသနာတော်ကို ချီးမြှောက်ထောက်ပံ့တဲ့ အစိုးရ မတွေ့ဖူးသေးပါဘူးတဲ့။

ပြည်တွင်းမှာသာမက ပြည်ပမှာပါ ကြည်ညိုလေးစားမှုခံရပြီး ထင်ရှားတဲ့ အခြားဆရာတော်ကြီး တစ်ပါးအကြောင်းကိုလည်း ပြောပြလိုပါတယ်။ စစ်အစိုးရက ဆရာတော်ကြီးကို ဘွဲ့တံဆိပ်တစ်ခု ဆက်ကပ်လှူဒါန်းပါတယ်။ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲ ကျင်းပချိန်ဟာ ဆရာတော်ကြီး ပြည်ပသာသနာပြုခရီး ကြွနေချိန် ဖြစ်ပါတယ်။ ဘွဲ့တံဆိပ်ဆက်ကပ်ပွဲ အခမ်းအနားကို မတက်ရောက်လိုသဖြင့် ဆရာတော်ကြီးဟာ ပြည်ပမှာပဲ ဆက်လက်သီတင်းသုံးနေတော်မူပါတယ်။ ထိုအချိန်မှာ ဆရာတော်ကြီး ရောက်ရှိနေတဲ့ နိုင်ငံမှ မြန်မာသံအမတ်ကြီးက ဆရာတော်ကြီးကို မြန်မာပြည် ပြန်ကြွပြီး ဘွဲ့တံဆိပ်ကို အလှူခံတော်မူပါရန် လျောက်ထားလာပါတယ်။ ဆရာတော်ကြီးလည်း မနေသာတော့ဘဲ မြန်မာပြည်ကို ပြန်ကြွပြီး ဘွဲ့တံဆိပ်ကို လက်ခံလိုက်ရပါတယ်။ မိမိရောက်ခဲ့ဖူးသမျှ ကျောင်းတွေမှာ ထိုကဲ့သို့သော ဘွဲ့တံဆိပ်မျိုးကို သီးသန့်မှန်ဘီဒိုထဲမှာထည့်ကာ ဧည့်ခန်းလူမြင်ကွင်းမှာသာ ထားလေ့ရှိပါတယ်။ တစ်နေ့ တစ်စုံတစ်ခုကို ရှာဖွေရင်း ဆရာတော်ကြီး သီတင်းသုံးတော်မူတဲ့ ကျောင်းရဲ့ စာအုပ်ဘီဒိုတစ်လုံးပေါ်မှာ စက္ကူပုံကြား ရောနှောသောကော ညှပ်နေတဲ့ ဆရာတော်ကြီးအတွက် ဆပ်ကပ်ထားတဲ့ အဆိုပါ ဘွဲ့တံဆိပ်ကို တွေ့ ခဲ့ရပါတယ်။ အများအတွက်တော့ အံ့သြဖွယ် ဖြစ်နေမှာ အမှန်ပါ။

ရဟန်းတစ်ပါးအနေဖြင့် မည်သည့် ဆရာတော် သံဃာတော်ကိုမျှ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ရေးနေခြင်းမဟုတ်ပါ။ မြန်မာပြည်မှာ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ကို အဂတိတရားကင်းကင်းဖြင့် မြင်တတ်ရန်နှင့် အမှန်တရားကို မြတ်နိုးတန်ဘိုးထားကာ ဓမ္မဘက်မှ ရပ်တည်နိုင်ရန် ခဲယဉ်းတတ်ပုံကို ထောက်ပြလိုရင်းသာ ဖြစ်ပါတယ်။

သတင်းအမှောင်ချခြင်းဖြင့် သတင်းအမှန်ကို သိခွင့်မရအောင်လုပ်ခြင်း။ သတင်းအမှားကို အမှန်အဖြစ် လှည့်စားခြင်းတွေဟာ စစ်အစိုးရရဲ့ အကွက်ကျကျ စီမံလုပ်ဆောင်ခဲ့မှုတွေပဲ ဖြစ်ပါတယ်။ မိုးလုံးပြည့် မုသာဝါဒ ဟူ၍ BBC VOA RFA အစရှိတဲ့ ပြည်ပသတင်းဌါနမှ ထုတ်လွှင့်တဲ့ ရေဒီယိုသတင်းအစီအစဉ်တွေကို လူတွေယုံကြည်မှုကင်းအောင် ဝါဒဖြန့်ခဲ့ဖူးပါတယ်။

မိမိသည်ပင် မူလတန်းကျောင်းသားဘဝမှ ဆယ်တန်းကျောင်းသားဘဝအထိ အစိုးရထုတ်သတင်းစာများကို ပုံမှန်ဖတ်ပြီး ယခင် ဦးနေဝင်းရဲ့ မဆလအစိုးရကို ဆယ်ကျော်သက် လူငယ်တစ်ယောက်အနေနဲ့ အကောင်းမြင် ယုံကြည်ခဲ့ဖူးပါတယ်။ ဦးသန့်အရေးအခင်းကို ဝိုးတိုးဝါးတားမျှသာ မှတ်မိပြီး ဂဃနဏ သိခွင့်မရခဲ့ပါ။ ဇူလိုင် (၇) အရေးအခင်းအကြောင်းဆိုလျှင် ၈၈ နောက်ပိုင်းကျမှသာ သိလာခဲ့ရပါတယ်။

၈၈ အရေးအခင်းကာလကို မမှတ်မိကြတဲ့ လူငယ်များနဲ့ ၈၈ နောက်ပိုင်း မွေးဖွားခဲ့ကြတဲ့ လူငယ်များ အနေဖြင့် ယနေ့ခေတ် မီဒီယာများကျေးဇူးကြောင့် မဆလခေတ်နဲ့စာရင် သတင်းအမှောင်ချမှု နဲလာတယ်လို့ ပြောရမှာပါ။

ဒါကြောင့် အခြေအနေမှန်ကို အမှန်အတိုင်း မြင်တတ်ရန်အတွက် အဂတိတရား ၄ ပါးမှ ကင်းရှင်းရန် လိုအပ်တာ အမှန်ပါ။

၁။ ဆန္ဒာဂတိ - ခင်မင်ရင်းနှီးမှုကြောင့် ဖြစ်စေ၊ လာဘ်လာဘ ကိုယ်ကျိုးစီးပွါး ရာထူးအာဏာကို ငဲ့ကွက်၍ ဖြစ်စေ။
၂။ ဒေါသာဂတိ - မုန်းတီးမှု ရန်ငြှိုးအာဃာတကြောင့် ဖြစ်စေ။
၃။ မောဟာဂတိ - အကောင်းအဆိုး အကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ဆန်းစစ်နိုင်သည့် အသိဥာဏ် ခေါင်းပါးမှုကြောင့် ဖြစ်စေ။
၎။ ဘယာဂတိ - ခြိမ်းခြောက်အကြပ်ကိုင်ခံရ၍ အကြောက်တရား ဖိစီးနှိပ်စက်မှုကြောင့် ဖြစ်စေ။

ကိုယ်ကျင့်သီလ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဘိုးထားမှုမရှိဘဲ ကိုယ်ချင်းစာနာတရားကင်းမဲ့စွာ မပြုသင့်မပြုထိုက်သည့် အမှုကိစ္စမှန်သမျှမှ ရှောင်ကြဉ်ကြရန် ဗုဒ္ဓရှင်တော်မြတ် သြဝါဒစကား မိန့်မှာထားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။


Credit to > APRIL MAUNG MAUNG


No comments:

Post a Comment