Saturday, August 16, 2014

မြန်မာရုပ်သေးသဘင်

မြန်မာရုပ်သေးသဘင်သည် သက္ကရာဇ် ၁၁၃၈-ခုနှစ် ခရစ်နှစ် ၁၇၇၆-ခုနှစ်တွင် နန်းတက်သော စဥ့်ကူးမင်းလက်ထက် သဘင်ဝန်ရာထူးဖြင့် ထမ်းရွက်ရသူ ဦးသော်-က စတင်တီထွင်ခဲ့သည်ဟု ဆိုသည်။
“ရုပ်သေးအစ၊ ကျုံးသုံးတန်နှင့် ပုဂံက”ဟူသော စကားအရ မြန်မာ့ရုပ်သေးသဘင်သည် မြန်မာသက္ကရာဇ် ၁၂၀၈-ခုနှစ် (ခရစ်နှစ် ၁၈၄၆) နန်းတက်သော ကုန်းဘောင်မင်း၏သားတော် ပုဂံမင်း လက်ထက်တွင် စတင်ပေါ်ပေါက်သည်ဟုလည်း ဆိုကြသည်။ တဖန် မြဝတီမင်းကြီး ဦးစ တီထွင်သည်ဟုလည်း အချို့က ဆိုကြသည်။ သက္ကရာဇ် ၁၁၉၉-ခုနှစ် (ခရစ်နှစ် ၁၈၃၇)တွင် ရွှေဘိုမင်းတရား အထွတ်အမြတ်သို့ ရောက်သော အခါ မရီးတော် နန်းမတော်မယ်နု၊ စလင်းမင်းသားကြီး မောင်အိုတို့နှင့် အလိုတူအလိုပါဟူ၍ သတ်မှတ်ကာ မြဝတီမင်းကြီးကိုလည်း အကျဉ်းချထားလေသည်။ ယင်းကဲ့သို့ အကျဉ်းချထားခံနေရစဉ် အတွင်း စိတ်ညစ်ညူးသဖြင့်၎င်း၊ ပျင်းရိငြီးငွေ့သဖြင့်၎င်း၊ အဝတ်စုတ်များကို အရုပ်လုပ်ပြီးလျှင် ကပြစေရာမှ ရုပ်သေးပေါ်ပေါက်လာကြောင်း အချို့က ဆိုသည်။

သို့သော် သက္ကရာဇ် ၁၁၇၀-ပြည့်နှစ်၊ ခရစ်နှစ် ၁၈၀၈-ခုနှစ်လောက်တွင် ရေးသားသော အီနောင်နန်းတွင်းဇာတ်တော်ကြီး၌ သရေဇာတ်ဟူ၍ ရုပ်သေးအကြောင်း ဖော်ပြပါရှိသည်ကို တွေ့ရပြီးလျှင် အင်းဝခေတ်၊ ဒုတိယမင်းခေါင်လက်ထက် သက္ကရာဇ် ၈၄၆-ခုနှစ် (ခရစ်နှစ် ၁၄၈၄) က ရှင်မဟာရဋ္ဌသာရ ရေးသော ဘူရိဒတ်လင်္ကာကြီး၌၄င်း၊ သက္ကရာဇ် ၈၉၁-ခုနှစ်(ခရစ်နှစ် ၁၄၂၉)တွင် ရှင်မဟာရဋ္ဌသာရပင် ရေးသားသော သံဝရပျို့၌၄င်း ရုပ်သေးအကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာ့ရုပ်သေးသဘင်တွင် ရုပ် ၂၈-ပါးကို အစွဲပြုပြီးလျှင် အရုပ် ၂၈-ရုပ် ပါဝင်မြဲဖြစ်သည်ဟု ဆိုသည်။ ထို ၂၈-မျိုးသော အရုပ်တို့မှာ-၁။ နတ်ကတော်ရုပ်၂။ မြင်း၃။ ဆင်၎။ ကျား၅။ ဆင်ထိန်း၆။ ကုမ္ဘောဘီလူး၇။ ကုမ္ဘဏ်ဘီလူး၈။ ကြက်တူရွေး၉။ ငှက်ရုပ်၁၀။ ဂဠုန်၁၁။ နဂါး၁၂။ ဇော်ဂျီ၁၃။ သူဌေး၁၄။ စုန်းမ၁၅။ နတ်၁၆။ နေရာထိုင်ခင်းအရုပ်၁၇။ ရှင်ဘုရင်၁၈။ ရွှေနန်းဆက် မိဖုရား၁၉။ မင်းသားလတ်၂၀။ မင်းသားနုရုပ်၂၁။ မင်းသမီး၂၂။ သံချိုလက်စွဲ၂၃။ သံပျင်လက်စွဲ၂၄။ မင်းကြီး သက်တော်ရှည်၂၅။ ရွှေတိုက်ဝန်၂၆။ ဝန်ထောက်၂၇။ မြို့တော်ဝန်၂၈။ ပုဏ္ဏား (ဆရာတော်ရုပ်) တို့ ဖြစ်သည်။

မြန်မာ့ရုပ်သေးတွင် မင်းသားရုပ်မှာ ဦးခေါင်း-နှစ်ကြိုး၊ ပခုံး-နှစ်ကြိုး၊ ခါး-တကြိုး၊ လက်မောင်း-နှစ်ကြိုး၊ လက်ဖျား-နှစ်ကြိုးတို့ဖြင့် သိမ်မွေ့ယဉ်ကျေးစွာ လက်ဟန်၊ ခြေဟန်ဖြင့် ကြိုးဆွဲကြရသည်။ ရုပ်သေးခေတ် ကောင်းစားစဉ်က အပျိုတော်တွင် ကြိုး ၆၀-ထက်မနည်း ရှိခဲ့ဖူးသည်ဟုဆိုသည်။ ၁၂၉၅-ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ကြိုးဆွဲဦးဝင်း-ဆိုသူ၏ အရုပ်မှာ ကြိုးပေါင်း ၆၀-ရှိသည်ဟု ဆိုသည်။
=================
ဦးမြင့်စော-သမိုင်း(မင်္ဂလာမောင်မယ် )
Tin Maung Hlaing

No comments:

Post a Comment