Monday, August 18, 2014

မြန်မာ့ သေနတ်မှတ်တမ်း

၁၆ရာစုဦး ဥရောပမှ သေနတ်များ ရောက်ရှိမလာခင်အချိန်ကတည်းကပင်
တရုတ်ပြည်ဘက်မှ ၀င်ရောက်လာသော သေနတ်နှင့် အမြောက်ငယ်များ
ကို မြန်မာတို့ အကျွှမ်းတ၀င် အသုံးပြုနေခဲ့ကြပြီးဖြစ်ပါသည်။
အင်းဝမှ ပြည် အောက်ဘက်ဒေသများအထိ သေနတ်အမျိုးမျိုး ကို ကျယ်ပြန့်စွာ
အသုံးပြုနေကြပြီး ၁၅ ရာစု ၀န်းကျင်တွင် ယူနန်ကို ဖြတ်သန်းလာသော
ရှေးဟောင်းကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် အထက်မြန်မာပြည်သို့
လက်နက်များဝင်ရောက်လာနေခဲ့ပါသည်။

ဥရောပ သေနတ်များမှာမူ ၁၆ရာစုအလယ်ခန့် ဘုရင့်နောင် ခေတ်တွင်မှ
မြန်မာ စစ်တပ်ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။သို့သော် ထိုသေနတ်များက
မြန်မာစစ်တပ်၏ ရှေးရိုးစစ်နည်းဗျူဟာကို ပြောင်းလဲပစ်နိုင်စွမ်းမရှိသကဲ့သို့
သေနတ်များ နှင့်လိုက်ဖက်သော စစ်နည်းဗျူဟာ အသစ်ကိုလည်း တီထွင်
ဆန်းသစ် အသုံးပြုခြင်း မရှိခဲ့ပါ။ရှေးရိုး စစ်လက်နက်များဖြစ်သော စစ်ဆင်များ၊
လှံတိုများ၊ ဓါးများ၊လှံရှည် များဖြင့်တိုက်ခိုက်ရာတွင် ပစ်ကူ အထောက်အပံ့
အနေဖြင့် သာ သေနတ်များကို အသုံးပြုခဲ့ကြပါသည်။မြန်မာများသည်
၎င်းတို့၏တပ်မတော်တွင် သေနတ်ကိုင်တပ်ဖွဲ့များကို အထူးတပ်ဖွဲ့တစ်ရပ်အနေဖြင့်
ထည့်သွင်းဖွဲ့စည်းထားခဲ့ကြပြီး ပေါ်တူဂီနှင့် မူဆလင်ကြေးစားစစ်သားများ
ပါဝင်သည်။ထို့အပြင် နောက်ပိုင်းတွင် မြန်မာလူမျိုး သေနတ်ကိုင်တပ်များကိုပါ
ဖွဲ့စည်းလာပြီး စစ်ဆင် များကိုလည်း အမြောက်တင်ဆင်တပ် အဖြစ် ပြောင်းလဲဖွဲ့စည်းလာကြသည်။

သေနတ်အသုံးပြုမှုသည် တဖြည်းဖြည်း ကျယ်ပြန့်လာရာ ၁၆ ရာစုအကုန်ပိုင်း
စစ်ပွဲများတွင်ပါဝင်ကြသောစစ်သည်များ၏ ၂၀ရာခိုင်နှုန်းမှ ၃၃ ရာခိုင်နှုန်းအထိ
သေနတ်များကိုင်ဆောင်ခဲ့ကြသည်ကို တွေ့ရပါသည်။၁၆၀၅ ခုနှစ်တော်ဝင် အမိန့်ပြန်တမ်းတစ်ခုအရတပ်သား၁၀၀၀ ပါ တပ်ဖွဲ့တစ်ဖွဲ့တွင် အကြပ် ၁၀၀ ဦး၊
အဆော် ၁၀ ဦး ၊အကဲ တစ်ဦး အဆင့်ဆင့်ကွပ်ကဲရန်နှင့် တပ်သားအားလုံးတွင်
သေနတ်နှင့် အမြောက်ငယ်များ လုံလောက်စွာပါရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် ဆင်ဖမ်းသမားများ၊စည်တော်ရွှန်းသူများ၊ဗြဟ္မဏများ၊
ပါဝင်ရမည်ဖြစ်ကြောင်းဖေါ်ပြထားပါသည်။

၁၇ ရာစုအစပိုင်းတွင် တပ်သား ၁၀၀၀ ပါ သာမန်တိုက်ခိုက်ရေးတပ်ဖွဲ့ တစ်ဖွဲ့တွင်
အမြောက်ငယ်၁၀လက်၊သေနတ်၁၀၀လက်နှင့် လေး ၃၀၀ လက်ပါဝင်ကြောင်းတွေ့
ရှိရပါသည်။ ၁၆၃၅ခုနှစ်တွင် မြန်မာ့ဘုရင့်တပ်မတော်၏ ၁၄-၁၈ ရာခိုင်နှုန်းခန့်သာ
သေနတ် အသုံးပြုရာမှ ၁၈၂၄ ခုနှစ်တွင် ၂၉-၈၉ ရာခိုင်နှုန်းခန့်အထိတိုးတက်လာပါသည်။
ပျှမ်းမျှအားဖြင့် အင်္ဂလိပ်-မြန်မာပထမ စစ်ပွဲတွင် ၆၀ ရာခိုင်နှုန်းမျှ သေနတ် အသုံးပြုခဲ့
သည်ဟုဆိုနိုင်ပါသည်။

သို့သော် မြန်မာများသည် အမြောက်ထက် အမြောက်ကျွှမ်းကျင်စွာ ပစ်ခတ်တတ်သူများ
ပိုမိုလိုအပ်ကြောင်း ၁၇ရာစု နှောင်း ဒတ်ချပ်မှတ်တမ်းတခုက အောက်ပါ
အတိုင်းဖေါ်ပြထားပါသည်။

“ .....အင်္ဂလိပ်ကုန်သည်များအနေဖြင့် ပြည်ဘုရင်ထံသို့လက်နက်ခဲယမ်းများအား လက်ဆောင်များအဖြစ်ဆက်သသည်မှာယခုအကြိမ်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။
သို့သော်ဘုရင်မှာအရမ်းဝမ်းမြောက်ဝမ်းသာ ဖြစ်ပုံမရပါ။ပြည်ဘုရင်တွင်
ယခုရက်ပိုင်းအတွင်းရန်သူ့ထံမှ သေနတ်များဖမ်းဆီးရရှိခဲ့သလို
ပေါ်တူဂီများထံမှလက်ဆောင်ရရှိထားသောအမြောက်များနှင့် သဘောင်္ပျက်များမှ
ရရှိသော အမြောက်များရှိနေပေသည်။
သို့သော်သူ့တွင် ကျွှမ်းကျင်သော အမြောက်သမားများမရှိပါ။
အမြောက်အများစုအားအသုံးမပြုဘဲ ဒီအတိုင်းသိမ်းထားနေရခြင်းဖြစ်သည်။....”

မြန်မာဘုရင်များသည် တခါတရံ ဒတ်ချပ်များထံသို့ အထူးလက်နက်များမှာ
ယူလေ့ရှိသည်။၁၆၆၆ ခုနှစ်တွင် ပြည်ဘုရင်က ဓါးရှည် ၆လက်နှင့်
သေနတ် ၉ လက်မှာယူခဲ့သည်။လိုချင်သော အတိုင်းအတာကို
သစ်သားနှင့် ပုံစံတူပြုလုပ်၍ မှာယူခဲ့ခြင်းဖြစ်ပြီး
သေနတ်များအားရွှေချထားရန်လည်း မှာကြားခဲ့သည်။မြန်မာဘုရင်မှာယူသော
ပစ္စည်းများသည်အမှန်တကယ်ပင် ကုန်ကျစရိတ်များပါသည်။သို့သော်
ပြည်ဘုရင်သည် တန်ဖိုးညီမျှသော လက်ဆောင်ပြန်ပေးလေ့ရှိသည့်
အကြောင်းသိသော ဒတ်ချတ်တို့က လက်ဆောင်အဖြစ်ပေးခဲ့သည်။
၁၆၆၆ခုဇွန်လတွင် ဒတ်ချတ်ပိုင် အိန္ဒိယရှိ ပူလီကတ်ဒေသ လက်နက်စက်ရုံမှ
အကောင်းဆုံးဓါးရှည်လေးလက်နှင့်ဓါးကောက်နှစ်လက်ပေးပို့ခဲ့သည်။
ထို့အပြင် ပြောင်းတိုသေနတ်များကိုလည်းပေးပို့ခဲ့သည်။သို့သော် ပူလီကတ်စက်ရုံတွင် ရွှေချနိုင်သည့်ပစ္စည်းကိရိယာများမရှိသဖြင့်
ရွှေချပေးနိုင်ခြင်းတော့မရှိခဲ့ပေ။

သေချာပြောနိုင်သည်မှာ ၁၇ရာစုတွင် ဥရောပလက်နက်ခဲယမ်းများသည်
အာရှဘုရင်များနှင့် ခင်မင်ရင်းနှီးမှုရစေရန် အကောင်းဆုံးလက်ဆောင်များ
ဖြစ်ခဲ့ပါသည်။

ဒတ်ချတ်များသည် မြန်မာများ၏ အမြောက်ပစ်ပုံနှင့်ပတ်သတ်၍လည်း
နားမလည်နိုင်အောင်ဖြစ်ရသည်။မြန်မာတို့သည်အမြောက်အား
အမြောက်တင်ခုံ မပါဘဲ မြေကြီးပေါ်ချ၍ပစ်ခတ်ကြခြင်းဖြစ်သည်။
အမြောက်တင်ခုံသည်အမြောက်တင်ရန်သက်သက်သာမက
အမြောက်အားအထိရောက်ဆုံးပစ်ခတ်နိုင်ရန် ပြုလုပ်
ထားသော အစိတ်အပိုင်းဖြစ်ကြောင်း သူတို့သတိမပြုမိခဲ့ကြပေ။
ထို့အပြင် မြန်မာများသည် မြို့ရိုးများကိုစီးနင်းရာတွင် အသုံးပြုသော
သစ်သားမျှော်စင်များတွင် အမြောက်များတပ်ဆင်လေ့ရှိကြောင်း
လည်းတွေ့ရပါသည်။
======================
(17th Century Burma & Dutch East India Company မှ
Burma’s Weaponry ကိုဆီလျော်အောင်ပြန်ဆိုပါသည်။)

Sinyaw Kyaw's

No comments:

Post a Comment