Wednesday, August 13, 2014

Kinwunmingyi U Kaung ကင်းဝန်မင်းကြီး ဦးကောင်း

Britney Honey: သမိုင်းဆရာတော်တော်များများက ကင်းဝန်မင်းကြီးကို သစ္စာဖောက်လို ရေးသားကြတယ်။ ကျမကတော့ အဲလိုမမြင်ဘူး။ သူကနိုင်ငံခြားတိုင်းပြည်တွေ လေ့လာဖူးတော့ အတွေးအခေါ်ခေတ်မှီသူ။ လွှတ်တော်နိုင်ငံရေးစနစ်ကို အကောင်ထည်ဖော်ချင်တဲ့ မျိုးချစ်စိတ်ရှိသူ တိုင်းပြည်ကို တိုးတက်စေချင်သူလို့မြင်တယ်။ တချိန်မှာ စာရေးဖြစ်ရင် ကင်းဝန်အကြောင်း စာတစ်အုပ်ရေးချင်တယ်။
ကျွန်တော့်အမေ့ရွာ ‘မင်းတိုင်ပင်’ ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေးတော်တယ်။ ဦးကောင်းမှာ သားသမီးအရင်း မထွန်းကားပါ။ အရင်က ‘မုံတိုင်ပင်’ လို့ ရာဇဝင်-စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန်ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ကိုးတန်း-ဆယ်တန်း ကဗျာလေးစာလေး ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင်က ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ‘ပုလဲသွယ်’ နံရံကပ်စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ ကျွန်တော့် နိုင်ငံရေး ‘ဘလော့ခ်’ ကို ‘ပုလဲသွယ်’ လို့ နာမည်ပေးလိုက်တယ်။
နောင် နှစ် (၄ဝ) ကျော်တော့ ကယားလူမျိုး နိုင်ငံရေးမိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်းကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ပဒေါင်-ကယား-ကယန်း-ကရင်နီတွေက သူများတွေထက် သိကြတယ်။
ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ‘ဦးကောင်းလိမ်ထုတ်’ ဆိုတာရော၊ နှစ်ခုလုံးကို သူ့အမျိုးတွေက အမွေခံရမှာပါ။ ကင်းဝန်မင်းကြီးနဲ့ ပတ်သက်ရင် ဆရာမြသန်းတင့်ရဲ့ ‘တောင်သမန်အင်းက လေညှင်းဆော်တော့’ ထဲမှာ ရေးသားချက်ကိုတော့ မြန်မာ့စွယ်စုံကျမ်းထက် နှစ်သက်ပါတယ်။
The Express Times မှာ သန်းဝင်းလှိုင် ရေးထားတာကို ကနေ့ ဖေ့စ်ဘွတ်မှာဖတ်ရပါတယ်။
“ကင်းဝန်မင်းကြီးသည် မိမိ၏ အရှင်ပေါ်၌ သစ္စာရှိသည်။ `ဦးကောင်းလိမ်ထုတ်၊ သီပေါပြုတ်´ ဆိုသော စကားတို့မှာ မမှန်ချေ။ အင်္ဂလိပ်တို့ ချီတက်လာစဉ် သီပေါမင်းတရား လွတ်ရာသို့ရှောင်ရှားကာ ပြန်လည်ခုခံနိုင်ဖို့ အကြံဥာဏ်ပေးခဲ့၏။ သို့ရာတွင် ယောက္ခမတော် ဆင်ဖြူမရှင်မိဘုရားနှင့် မိဘုရားခေါင်ကြီး စုဘုရားလတ်တို့ မမာမကျန်းဖြစ်ခြင်း၊ သမီးတော်များ ငယ်ရွယ်ခြင်းစသည့် အကြောင်းတို့ကြောင့် ဘုရင်ကိုယ်တိုင်က မထွက်ခွာလိုဟု ငြင်းဆိုးခဲ့၏။ ကင်းဝန်မင်းကြီးသည် လူသတ်ဝါဒကို လုံးဝမနှစ်မြို့။ မင်းတုန်းမင်း နတ်ပြည်စံ၍ မင်းပြောင်းမင်းလွှဲတွင် မင်းညီမင်းသားတို့အား စီစဉ်ရန် ကြံစည်ကြစဉ် မိမိစွမ်းအားရှိသမျှ ဟန့်တားကန့်ကွက်ခဲ့၏။”
ကျွန်တော်က သမိုင်းသမားမဟုတ်ပါ။ သမိုင်းကိုဖတ်တဲ့သူသာဖြစ်တယ်။ ကင်းဝန်မင်းကြီးအကြောင်းကို အမျိုးမစပ်သူတွေကနေရေးတာ ပိုသင့်မြတ်မယ် ထင်ပါတယ်။ ညှာစရာ၊ သာစရာမလိုပါ။ မင်းတိုင်ပင်ရွာက ဦးကောင်း ကောင်းမှုဘုန်းတော်ကြီးကျောင်းပုံ တနေ့က ရထားတာ ပြန်ရှာမရသေးလို့။ ကျွန်တော်ငယ်ငယ်က ဆော့ကစားဘူးတဲ့ နေရာလေးပါ။ မယ်မင်းဆီ အုတ်ဂူလေးလဲ ခြုံနွယ်တွေကြားထဲမှာ ငယ်တုံးကသွားကြည့်ဘူးသေးတယ်။ ယက်သွား (ရက်ကန်းသုံး) ရောင်းခဲ့တဲ့ အမျိုးကလို့လဲ သိရပါတယ်။
ဦးကောင်းမွေးနေ့ နှစ် (၁၄ဝ) တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။ ကျွန်တော့်အမေရဲ့ အဖေ ဦးထင် က မင်းတိုင်ပင် တိုက်နယ်သူကြီး။ သူဆုံးတော့ မုံရွာ၊ ဆူးလေကုန်းရပ်မှာပါ။ ဆောင်းတွင်းမှာ ကျွန်တော့်အစ်ကိုကြီးနဲ့ နှစ်ယောက်သား သစ်ကိုင်းခြောက်လေးတွေကို ဘကြီး သူကြီးဟောင်း ဦးထင် မီးလှုံဘို့ ဆွဲယူသွားခဲ့ကြရတာကို အခုထိမှတ်မိနေသေးတယ်။
ေေ ဒေါက်တာတင့်ဆွေ
၁၁-၁၁-၂ဝ၁၃
၁၂-၈-၂ဝ၁၄
Credit to > Dr Tint Swe

No comments:

Post a Comment