Wednesday, August 13, 2014

Russian Trojan horse ထရိုဂျန်မြင်း

• ဒီစာရေးနေချိန်မှာ ရုရှားမြို့တော် မော်စကိုကနေ လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက်ဆိုပြီး၊ ရုရှား ယာဉ်တန်းဟာ ‘ယူကရိန်း’ နယ်စပ်ကို ဦးတည်မောင်းနှင်နေပါတယ်။
• ‘ယူကရိန်း’ အရှေ့ပိုင်းမှာစစ်ပွဲတွေဖြစ်နေတယ်။ အဲဒီမှာ အများစုက ရုရှားသွေးပါသူတွေက ယူကရိန်းအစိုးရကို ပုန်ကန်နေတာကို ရုရှားက စစ်ရေး၊ နိုင်ငံရေးအကူအညီတွေ အကြီးအကျယ်ပေးနေတယ်။ မလေးရှား ခရီးသည်တင်လေယာဉ်ကို ပြစ်ချခံရတဲ့သတင်းကို တကမ္ဘာလုံးကစိတ်ဝင်စားခဲ့တယ်။ ရုရှားလက်ချက်လို့ လူအများကယုံကြည်ကြတယ်။
• အခု အဖြူရောင်ဆေးသုတ်ထားတဲ့ ရုရှားထရပ်ကားပေါင်း ၂၈ဝ စီးထဲမှာ ဘာတွေပါသလဲဆိုတာကို သံသယတွေနဲ့ ပြောနေကြရတယ်။ နိုင်ငံတကာသတင်းတွေမှာ ဒီမော်တော်ကားတွေ မော်စကိုကနေ မထွက်ခင် အောင်မြင်စေကြောင်း ဆုတောင်းသဘောနဲ့ ‘အော်သိုဒေါက်စ်’ ဘုန်းတော်ကြီး တပါးကနေ (ဗုဒ္ဓဘာသာအလိုနဲ့ ပရိတ်ရေဖြန်းသလို) ရေပက်ဖြန်းပေးခဲ့တဲ့ပုံကို မနေ့ညက ပြခဲ့ပါသေးတယ်။
• အဲဒီမှာနေကြသူတွေအတွက် တကယ်ဘဲလိုအပ်နေတဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းတွေ ပါရင်တော့ အကျိုးများပါမယ်။ ဒါပေမဲ့ ကွန်မြူနစ်စနစ်နဲ့ အုပ်စိုးခဲ့တဲ့ ဆိုဗီယက်ခေတ်ကအတိုင်း ကနေ့ရုရှားဟာ သိုသိပ်မှု ထိန်ချန်မှုတွေအားကြီးတယ်။
• NATO ‘နေတိုး’ ကတော့ အဲတာဟာ ယူကရိန်းကို စစ်ရေးအရ ကျူးကျော်ဘို့အတွက် အယောင်ဆောင်တာလို့ သံသယရှိတယ်။ ယူကရိန်းအစိုးရကလဲ စစ်လက်နက်တွေ ပါနိုင်တယ်လို့ ပြောနေတယ်။ ယူကရိန်း-ရုရှား နယ်စပ်မှာ ရုရှားက စစ်သည်ပေါင်း ၅ သောင်းချထားပြီးဖြစ်တယ်။
• ပူတင် က နိုင်ငံတကာကြက်ခြေနီအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တယ်လို့ပြောပေမဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က အဲလို ကားတန်းလွှတ်ဘို့အတွက် သဘောတူညီချက်ရထားတာ မရှိသေးဘူးလို့ပြောတယ်။
• မီဒီယာကတော့ Russian Trojan horse ‘ရုရှားထရိုဂျန်မြင်း’ လားလို့ပြောတယ်။

Trojan horse ထရိုဂျန်မြင်း ဆိုတာဘာလဲ။ Trojan War ထရိုဂျန်စစ်ပွဲဆိုတာဘာလဲ။
• ဂရိတွေကနေ Troy ‘ထရွိုင်’ မြို့ထဲကို ကြီးမားတဲ့ ထရိုဂျန်မြင်းကိုလုပ်၊ အထဲမှာ စစ်သားတွေထည့်ပြီး ၁ဝ နှစ် တိုက်နေခဲ့တဲ့စစ်ပွဲကို အောင်နိုင်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းနဲ့ ဒဏ္ဍာရီပုံပြင်ဖြစ်ပါတယ်။
• မူရင်းဇာတ်လမ်းဟာ ‘လက်တင် အီပစ်’ ကဗျာရှည်ကြီးကနေလာတယ်။ ‘သြဂတ်စ်တပ်’ လက်ထက်ကဖြစ်တယ်။ Homer's Odyssey ‘ဟိုးမား’ ရဲ့ ‘အိုဒက်ဆေး’ ကဗျာရှည်ကြီးကနေ ယူတာဖြစ်မယ်။ ဂရိတွေကအစဉ်အလာ Wooden Horse သစ်သားမြင်းရုပ်ကြီး လို့ခေါ်ပါတယ်။ ဝေါဟာရသုံးအရ Trojan Horse ကို လှည့်စားမှုလို့သုံးပါတယ်။
• ‘ထရိုဂျန်စစ်ပွဲ’ ဖြစ်ခဲ့တာကတော့ ‘ပီလိယပ်စ်’ နဲ့ ‘သည်းတစ်’ ခေါ်တဲ့ ပင်လယ်နတ်သမီးနှစ်ပါးကနေစတယ်။ သူတို့ကနေ မင်္ဂလာပွဲကို Eris ‘အဲရစ်’ ခေါ်တဲ့ ‘ဝိရောဓိမင်းသမီး’ ကို မဖိတ်ခဲ့တော့ မင်္ဂလာပွဲကိုဖျက်ဆီးတယ်။ စားပွဲပေါ်မှာ ရွှေပန်းသီးတလုံး တင်လိုက်တယ်။
• ‘ဟာရာ’၊ ‘အက်သီနာ’ နဲ့ ‘အဖရိုဒိုက်’ တို့က ပန်းသီးကိုရချင်ကြတယ်။
• ‘ဇီးယပ်စ်’ မင်းကြီးကနေ ‘ထရွိုင်’ မင်းသား ‘ပဲရစ်’ ကို တရားသူကြီးလုပ်ဘို့ ဆုံးဖြတ်တယ်။
• ‘ဟားမီးစ်’ တွေက ‘ပဲရစ်’ ဆီသွားကြတယ်။ ‘ဟာရာ’ က သူ့ပါဝါ၊ ‘အက်သီနာ’ က သူ့စည်းစိမ် နဲ့ ‘အဖရိုဒိုက်’ က လောကကြီးမှာ အချောဆုံးမိန်းမ တာဝန်ယူလိုက်ကြတယ်။
• ‘ပဲရစ်’ က ‘အဖရိုဒိုက်စ်’ ကိုရွေးလိုက်တယ်။ အဲတာနဲ့ ‘ဟယ်လင်’ မင်းသမီးကို ‘ပဲရစ်’ ရတယ်။ ပြဿနာက ‘ဟယ်လင်’ ဟာ အပျိုမဟုတ်ဘဲ၊ ‘မနဲလော့စ်’ ရဲ့ဇနီးဖြစ်နေတယ်။

• ‘ပဲရစ်’ က ‘ဟယ်လင်’ ကိုဖမ်းခေါ်ဆောင်ဘို့ရာ စီစဉ်တယ်။ ပရောဟိတ် ‘ကက်ဆန်ဒရာ’ နဲ့ ‘ဟယ်လင်းနပ်စ်’ တို့အပြင် သူ့အမေ ‘ဟီကျူဘား’ တို့က အဲလိုမလုပ်ဘို့ပြောသေးတယ်။ နားမထောင်ပါ။
• ‘စပါတာ’ ကိုရောက်တော့ ‘ပဲရစ်’ ကို ‘ဟယ်လင်’ ယောက်ျား ‘မနဲလော့စ်’ က တော်ဝင်ဧည့်သည်လို ဆက်ဆံတယ်။ ဒါပေမဲ့ ‘ဟယ်လင်’ ကိုရအောင်ခိုးသွားတယ်။ ‘ဟယ်လင်’ က ကလဲ နောက်လင်နောက် လိုက်တာမှာ သူ့ယောက်ျားရဲ့ ရတနာတွေကိုပါ ယူသွားတယ်။ ‘ထရွိုင်’ ရောက်တော့ ‘ဟယ်လင်’ နဲ့ လက်ထပ်ပွဲကျင်းပတယ်။ ဒီဇာတ်လမ်းကို ဘီစီ ၁၂ဝဝ ကဖြစ်တယ်။
• ‘မနဲလော့စ်’ ဟာ သူ့မိန်းမကိုပြန်ရရေးအတွက် စီမံချက်ချတော့တယ်။ ‘ဟယ်လင်’ ရဲ့ အထိန်းတော်တွေကို စည်းရုံးတယ်။ အထိန်းတော် မဟုတ်ပေမဲ့ Achilles ‘အာချီးလိစစ်’ ပါမှသာ ‘ထရွိုင်’ ကိုနိုင်မယ်လို့ နိမိတ်ဖတ်တာမို့ စည်းရုံးတော့တယ်။
• စစ်ပွဲ ၉ နှစ်ကြာပါပြီ၊ ‘ထရွိုင်’ ကို မနိုင်သေးပါ။ မြို့ထဲကိုမဝင်နိုင်ပါ။ Odysseus ‘အိုဒက်ဆီးယပ်စ်’ ဆိုသူရဲ့ အကြံဥာဏ်ကနေ စစ်ပွဲရဲ့ ရလဒ်ကိုအဆုံးအဖြတ်ပေးပါတော့မယ်။ သူက ‘အက်သီနာ’ ရဲ့လူဖြစ်တယ်။ သူကနေ တချိန်မှာ ‘ထရိုဂျန်မြင်းရုပ်’ လို့ နာမည်တွင်လာမဲ့ အလွန်ကြီးမားတဲ့ သစ်သားမြင်းရုပ်ကြီး တည်ဆောက်စေတယ်။ မြင်းရုပ်ဗိုက်က်ခေါင်းထဲမှာ စစ်သားတွေ ခိုအောင်းနေနိုင်အောင်စီမံတယ်။ ‘ထရွိုင်’ ကိုဝိုင်းရံထားတဲ့ ရေတပ်ကို ဆုတ်ခွါဟန်ပြုလိုက်တယ်။
• ‘ဆီနွမ်’ ဆိုသူကိုချန်ထားခဲ့တယ်။ ဂရိတွေလာမေးတော့ သူ့ကိုချန်ထားရကောင်းလားဆိုပြီး စိတ်ဆိုးဟန် ဆောင်တယ်။ ‘ထရိုဂျန်မြင်းရုပ်’ ဟာ အန္တ္တရာယ်မရှိဘူးလို့ အယုံသွင်းတယ်။ ဂရိတွေကယုံပြီး ‘ထရိုဂျန်မြင်းရုပ်ကြီး’ ကို မြို့ထဲဆွဲသွင်းယူကြတယ်။
• မြင်းရုပ်ကြီးမြို့ထဲရောက်တဲ့ညမှာ ဂရိတွေ အရက်သေစာသောက်စားမူးနေကြချိန် ‘ဆီနွမ်’ က မြင်းရုပ်ထဲက စစ်သားတွေကို ထွက်လာနိုင်အောင်လုပ်ပေးတယ်။ ဂရိတွေကိုသတ်ဖြတ်ကြတော့တယ်။
• ‘မနဲလော့စ်’ မှာ သစ္စာဖေါက်တဲ့သူ့မိန်းမ ‘ဟယ်လင်’ ကိုသတ်ပြစ်ဘို့စိတ်ကူးရှိပေမဲ့ ‘ဟယ်လင်’ က မူယာ၊ မာယာတွေနဲ့ ဆွဲဆောင်တော့ နစ်မျောပြီး မသတ်ဘဲထားလိုက်တယ်။

ေ ဒေါက်တာတင့်ဆွေ
၁၃-၈-၂ဝ၁၄ 


Credit to> Dr Tint Swe

No comments:

Post a Comment