Sunday, August 10, 2014

Side Drain (or) လမ်းဘေးရေမြောင်းများ

(၁) လမ်းတာရိုးမြေဖို့စဉ် ( Filling ) အပိုင်းများ၌ လမ်းတာရိုးကို အမြင့်ဆုံးတက်လေ့ရှိသောနေရမျက်နှာပြင် High Flood Level အထက် ( ၃ ပေ ) ခန့် မြင့်တင်၍ ဖို့ရမည်ဟု တင်ပြခဲ့ဖူးပါသည်။ H.F.L နှင့် လမ်းတာရိုး ( Formation ) Level တိုက်နေလျှင် လမ်းတာရိုးပေါ်ရေကျော်နိုင်ပါသည်။ လမ်းတာရိုးရေမြုပ်လျှင် OMC ( Optimum Moisture Contents ) ကို ကျော်၍ Saturated ဖြစ်ကာ အောက်ခံ Sub Grade သည် ၀န်ထမ်းအား ( Bearing Capacity ) နည်းသွားမည်။ Sub Grade သည် Sub Base နှင့် Base Course မှ Weight များကို ထမ်းနိုင်တော့မည်မဟုတ်ပါ။ ထိုအခါ Depression ခေါ် Weak Spot များ ဖြစ်ပေါ်လာနိုင်ပါသည်။
(၂) One Side Cutting အပိုင်း၌ Side Drain (လမ်းဘေးရေမြောင်း) များကို တောင်ရှိသောဘက်ခြမ်း၌ တူးရပါမည်။ တူးလျှင် အနက် ( ၃ ပေ ) ခန့်ထိ တူးသင့်ပါသည်။ ပထမအပိုဒ်တွင် တင်ပြသောအယူအဆအရ Water Table ကို နိမ့်ချထားလိုခြင်းဖြစ်ပါသည်။ Side Slope ၏ အခြေ၌ ကပ်၍မတူးရ Step Berm ကို ( ၁ ပေ ) အနည်းဆုံး ခွာထားရမည်။ Slope ၏ အမြင့် ပိုမမြင့်လာစေရန်ဖြစ်ပါသည်။
(၃) Side Drain ( လမ်းဘေးရေမြောင်း ) များ၏ ပုံသဏ္ဍာန်ကို Rectangle ၏ ပုံစံ (သို့မဟုတ်) Trapezium ပုံစံများ တည်ဆောက်လေ့ရှိပါသည်။ Rectangle မှာ တူးရလွယ်သော်လည်း Trapezium မှာ တူးရခက်ပါသည်။ Trapezium ပုံစံမှာ ရေစားခြင်းသက်သာပါသည်။ မျက်နှာပြင်ပြိုကျခြင်းသက်သာပါသည်။ Side Drain ပိတ်ဆို့ခြင်းမှလည်း သက်သာပါမည်။ တူးသောမြေများကို လမ်းဘေးတွင်မပုံရပါ။ လမ်း၏ အခြားတစ်ဖက်တွင်လည်း မပုံရပါ။ ချောက်ထဲသို့ စွန့်ပစ်ရပါမည်။ Earth Shoulder အနေနှင့်အသုံးပြုနိုင်သော်လည်း Compaction ပေးပြီး ၅% ရေဆင်းရှိစေရပါမည်။ ( ရန်ကုန် - တောင်ငူ - မန္တလေးလမ်း ) ပဲခူးဘုရားကြီးအပိုင်းတွင် တူးထားသောမြေစာများလမ်းပေါ်ရောက်ရှိနေသဖြင့် ကားဘီးများတွင် ကပ်ပါလာပြီး Pavement (လမ်းသား) ပေါ်တွင် ယာဉ်များ စလစ်ဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိရပါသည်။
(၄) One Side Cutting အပိုင်း၌ Side Drain တစ်ဖက်တည်းတူးရန်လိုသော်လည်း Both Side Cutting များတွင် နှစ်ဖက်လုံး၌ တူးရန်လိုအပ်ပါသည်။
(၅) Side Drain လေးများအစား Pucca Drain များ အစားထိုးတည်ဆောက်နိုင်ပါသည်။ ထို Pucca Drain ၏ လမ်းဖက်ခြမ်း၌ ရှိသောအပိုင်းမှာ လမ်းထက်နိမ့်ရပါမည်။ လမ်းပေါ်ရှိရေများ Side Drain နှုတ်ခမ်းပေါ်သို့ ဖြတ်သန်းစီးဆင်းစေရန်ဖြစ်ပါသည်။ လမ်းဖက်မှရှိသော Side Drain နှုတ်ခမ်းသည် လမ်းထက်မြင့်နေပါက လမ်းပေါ်မှရေများ Side Drain ထဲသို့ မလာနိုင်သဖြင့် Function မဖြစ်တော့ပါ။ တောင်နံရံဖက်မှနံရံသည် နိမ့်သောနံရံထက် ၁ ပေ (သို့) ၂ ပေ ခန့်မြင့်ရပါမည်။ ထိုအခါ တောင်ကမ်းပါးယံသည် (၁၀ ပေ) ခန့် မြင့်နေလျှင် အဆိုပါ ( ၂ ပေ ) ဖြင့် မြေထိန်းပြီးဖြစ်နေပါမည်။
(၆) တောင်ပေါ်အပိုင်းများတွင် Side Drain များသည် မရှိမဖြစ်လိုအပ်ပါသည်။ Side Drain မရှိပါက အပိုဒ် (၁) တွင် တင်ပြသော အယူအဆအရ လမ်းပျက်စီးမှုများဖြစ်ပွားလေ့ရှိပါသည်။ Pucca Side Drain များတွင် အနည်များ ( Deposit ) များကို အခါအားလျော်စွာ ဖယ်ရှားရှင်းလင်းပေးရပါမည်။ ယာယီမြေသား Side Drain များ ပြိုကျလျှင် ၊ ပိတ်နေလျှင် ရှင်းလင်းပေးရပါမည်။
(၇) ကျောတန်းလေးများပေါ်တွင် တည်ဆောက်ထားသောလမ်းအပိုင်း၌ လမ်း Sagging ဖြစ်သော နေရာတိုင်းတွင် Culvert ထည့်ရန်မလိုပါ။ လမ်းသားထက် ဘယ်/ညာ နှစ်ဖက်စလုံးမှ နိမ့်နေပါက Camber ပေါ်မှ စီးလာသောရေများကိုလည်း ဘယ်ညာနှစ်ဖက်စလုံးသို့ Cross Drain များတူး၍ ထုတ်နိုင်ပါသည်။ လိုအပ်ပါက ကျယ်ကျယ်နက်နက်တူးနိုင်ပါသည်။
(၈) Side Drain ရှည်လာပါက ရေပမာဏများပြားလာပြီး ရေတိုက်စားမှုများပြားလာတတ်ပါသည်။ သို့ပါ၍ သင့်လျှော်သောနေရာများ ( တောင်နံရံနိမ့်သော/တောင်နံရံပါးသော) တွင် တောင်နံရံကိုဖောက်ကာ Cross Drain တူး၍ ထုတ်နိုင်ပါသည်။
(၉) တောင်ပေါ်ဒေသအပိုင်းများ၌ လမ်းတစ်ဆစ်ချိုးကွေ့များရှိပါသည်။ တစ်တောင်ဆစ်ချိုးကွေ့ဟုလည်း ခေါ်ပါသည်။ ( Hair Pin ) ကွေ့ဟုလည်း ခေါ်ကြပါသည်။ ယင်းကွေ့များတွင် တောင်ကမ်းပါးယံရှိသော ဘေးဖက်၌ Side Drain ( လမ်းဘေးရေမြောင်း ) များသည် ကွေ့ပြီးလျှင် Curve ၏ အပြင်ဘက်သို့ ရောက်သွားပါသည်။ ထိုအခြေအနေမျိုး၌ Side Drain ကို Curve နှင့်အပြိုင်မခေါ်ပဲ ချောက်ထဲသို့ အဖြောင့်ဆင်းသွားစေရန် တူးပေးရပါသည်။
(၁၀) လမ်းတာရိုးနှင့်အပြိုင်တည်ဆောက်သော Drain များကို Side Drain ဟု ခေါ်ဆို၍ လမ်းတာရိုးနှင့် ကန့်လန့်ဖြတ်တည်ဆောက်သော ( Perpendicular ) Drain များကို Cross Drain ဟု ခေါ်ဆိုပါသည်။ Side Drain များကို Pavement ( လမ်းသား၏ဘေး ) (၁၄ပေ) အကွာ၌ တည်ဆောက်ရမည်ဖြစ်ပါသည်။ သို့သော်လည်း One Side Cutting နှင့် Both Side Cutting များတွင် အခြေအနေပေးသလိုဆောင်ရွက်နိုင်ပါသည်။
ယခုအခါ မိုးရာသီသို့ ၀င်ရောက်ခဲ့ပြီဖြစ်ပါသည်။ တောင်ပေါ်အပိုင်း/ကုန်းမြင့်အပိုင်းများတွင် တာဝန်ယူရသော အင်ဂျင်နီယာများအနေဖြင့် မိမိတို့၏ လမ်းသား ( Pavement ) နှင့် လမ်းတာရိုးများအား ကြံ့ခိုင်မှုရှိစေရန် Side Drain ( လမ်းဘေးရေမြောင်း ) များကို အထူးဂရုပြုနိုင်ကြပါစေရန်နှင့် Cross Drain များ လိုအပ်သလိုတည်ဆောက်၍ မိမိတို့၏ Pavement အနီး ရေမ၀ပ်စေရန် ရည်ရွယ်၍ စေတနာဖြင့် ဝေမျှလိုက်ရပါသည်။


Credit to > U Shwe Zin

No comments:

Post a Comment