စတုတ္ထ အကြိမ် တရုတ်တို့ မြန်မာနိုင်ငံသို့ ချီတက်ခြင်း
၁၇၆၉ ခုနှစ် ကုန်ဆုံး လုချိန်တွင် မြန်မာတို့သည် တရုတ်တပ်ကြီး ချီတက်လာ
ပြန်ချေပြီ ဟူသော သတင်းကို ရကြသည်။ ဤ အချိန်၌ တရုတ်တို့သည် နယ်စပ်တွင်
၆၀,၀၀၀ ထက် မနည်းသော စစ်သည်များကို စုရုံးပြီး ဖြစ်လေသည်။
စစ်မှူးကြီးမှာလည်း မန်ချူး အစိုးရတို့ လွန်စွာ အားထားရသော မန်ချူးလူမျိုး
နယ်စားကြီး ဖူဟင်း ဖြစ်လေသည်။ မူလ အစီအစဉ်၌ ဖူဟင်းသည် ဧရာဝတီမြစ်ကို
ဝိုင်းမော်၌ ဖြတ်ပြီးလျှင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဒေသများကို
တဆင့်ပြီး တဆင့် တိုက်ခိုက်၍ ရွှေဘိုကို သိမ်းယူရန် ဖြစ်သည်။ ရွှေဘိုမှ တဆင့်
အင်းဝသို့ ဆက်လက် ချီတက်ရန် ဖြစ်သည်။ ဗိုလ်ချုပ် အီလယ်တူ အုပ်ချုပ်သော
တပ်ကြီးသည် ဧရာဝတီမြစ်၏ အရှေ့ဘက်မှ ဆင်း၍ ဖူဟင်း တပ်ကို ကူညီရန် ဖြစ်သည်။
တတိယ တရုတ်တပ်သည် မန်းဝန်းမှ ဗန်းမော်သို့ ချီတက်ရန် ဖြစ်လေသည်။ တရုတ်တို့
အစီအစဉ်မှာ ကနဦးကပင် ခြေလှမ်း မှားလေတော့သည်။
ဖူဟင်း၏ တပ်သည်
ငှက်ဖျားရောဂါ ထူထပ်လှသော မိုးကောင်း နယ်မြေတွင် အလဟဿ လှည့်လည်၍
နှစ်လတိုင်တိုင် အချိန်ဖြုံးခဲ့သည်။ မြန်မာတပ်ကြီး မိုးကောင်းနယ်သို့
ရောက်သော အခါ တရုတ်တို့သည် ဧရာဝတီ မြစ်ဘက်သို့ ပြန်၍ လှည့်ကြသည်။ ရွှေကူ
မြောက်ဘက်တွင် ဖူဟင်း၏ တပ်သည် အီလယ်တူ စစ်တပ်နှင့် ပေါင်းမိသည်။ ထို့နောက်
မန်းဝန်းမှ ချီလာသော တပ်နှင့် တဖန် ပေါင်းမိပြန်၍ ဗန်းမော်ကို တိုက်ခိုက်
သိမ်းပိုက်ကြသည်။ သို့သော် ဗန်းမော်သည် မြန်မာတို့ အဖို့ အရေးပါ အားထားသော
စခန်းဌာန မဟုတ်ချေ။ ဗန်းမော်ကို သိမ်းပိုက်ပြီးနောက် တရုတ်တို့သည်
မြို့တမျှ ကြီးမားလှသော ခံတပ်ကို ကောင်းတုံ အရှေ့ဘက် ၁၂ မိုင် အကွာရှိ
ရွှေညောင်ပင် စခန်းတွင် တည်ဆောက်ကြသည်။ ထို့နောက် စစ်တပ်နှင့်အတူ ပါလာသော
လက်သမားများကို လှေသမ္ပာန် ရာပေါင်းများစွာ တည်ဆောက်စေ၍ ကောင်းတုံကို
လှေတပ်ဖြင့် ဝိုင်းကြသည်။ ထို့နောက် တရုတ်တို့သည် ကြံ့ကြံ့ခိုင်စွာ
အတင်းအမာ ခုခံနေသော မြန်မာတို့၏ ကောင်းတုံ ခံတပ်ကို အမြောက် လက်နက်များ
စုံလင်စွာဖြင့် ရက်သတ္တပတ် ပေါင်းများစွာ အပြင်းအထန် တိုက်ခိုက်ကြသည်။
တရုတ်တို့ အရေး နိမ့်ပြန်ခြင်း
မြန်မာ စစ်မှူး စစ်ကဲတို့ သည် ယခင်အတိုင်း တရုတ် ရိက္ခာထောက် စစ်တပ်ကို
ဖြတ်တောက်ရန် စစ်တပ်ကြီး တတပ် စေလွှတ်ပြီးနောက် တရုတ်တို့ကို ဝိုင်းညှပ်ကာ
တဖြေးဖြေး ချီတက်ကြသည်။ ကောင်းတုံသို့ မြန်မာ့ ရေတပ်မှ အကူအညီ
ရောက်လာပြီးနောက် တရုတ်တို့၏ လှေသမ္ပာန် များသည်လည်း မြန်မာတပ်၏
ထွင်းဖောက်ခြင်းကို ခံကြရသည်။ ထို့နောက် ရွှေညောင်ပင်တွင် တိုက်ပွဲဖြစ်၍
ရွှေညောင်ပင် ခံတပ်ကို မြန်မာတို့ ရသောအခါ တရုတ်တို့သည် ကောင်းတုံကို
ဝန်းရံနေသော တပ်နှင့် သွားရောက် ပူးပေါင်းကြသည်။ ဤတွင် မြန်မာတို့၏ ခံတပ်
အခြေ၌ တရုတ်တို့သည် အတုံးအရုံး စုပုံ ကျဆုံးကြရ လေတော့သည်။ တရုတ်တို့၏
ထွက်ပေါက် အားလုံးကိုလည်း မြန်မာများက ပိတ်ဆို့ပြီး ဖြစ်လေသည်။
ဤအချိန်တွင် တရုတ် ဧကရာဇ် ချင်းလုံသည် မြန်မာနိုင်ငံတွင်းမှ တရုတ်တပ်ကြီး
ပြန်လည် ဆုတ်ခွာရန် အမိန့် ချလိုက်ပြီ ဖြစ်၍ အမိန့်တော် ပြန်တမ်း
သဝဏ်လွှာတွင် မြန်မာတို့သည် အပြီးတိုင် ချေမှုန်း ဖျက်ဆီးခြင်း ခံရလောက်အောင်
အပြစ်ကြီးမားသော်လည်း ဧကရာဇ်သည် ကရုဏာ သက်စွာဖြင့် ဆက်လက်
တိုက်ခိုက်ခြင်းကို ရပ်စဲရန် ဆုံးဖြတ်လိုက်ကြောင်း အကြောင်းကြားစေသည်။
တရုတ် သမိုင်းများတွင် မြန်မာတို့က စစ်ပြေငြိမ်းရန် တောင်းပန်၍ တရုတ်တို့၏
သြဇာခံ နိုင်ငံအဖြစ် နေထိုင်မည့် အကြောင်း ရိုကျိုးစွာ ကတိပြုသည်ဟု
ရေးသားထားသည်။ မြန်မာတို့ကမူ တရုတ်စစ်မှူး စစ်ကဲတို့က စတင်၍
စစ်ပြေငြိမ်းရန် စကားဆိုလာသည်ဟု မှတ်တမ်း တင်ထားသည်။ တရုတ် စစ်တပ်ကြီးကို
မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာစေပြီးလျှင် တရုတ် မြန်မာ စစ်မဖြစ်မီ
အချိန်ကကဲ့သို့ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံမည်ဟု တရုတ်တို့က ကတိပေးကြောင်း
ရေးသား ထားလေသည်။ တရုတ်တို့ မြန်မာနိုင်ငံကို စစ်ပြုသည့် အကြောင်းရင်းမှာ
ရှမ်းစော်ဘွားတို့၏ ကုန်းချော တိုက်တွန်းမှုကြောင့် ဖြစ်သည်ဟု တရုတ်တို့က
ပြောကြောင်း အဆိုရှိလေသည်။
တရုတ် မြန်မာ စစ်ပြေငြိမ်းခြင်း
မြန်မာ
စစ်မှူး စစ်ကဲ အားလုံးလိုလိုသည် တရုတ်တို့နှင့် စစ်ပြေငြိမ်းရန်
လိုလားခြင်း မရှိလှချေ။ သို့သော် စစ်မှူးချုပ် မဟာ သီဟသူရက ဤအခါသည်
မြန်မာတို့ အလိုကျ အချက်များ တောင်းဆို၍ စစ်ပြေငြိမ်းနိုင်သည့် အခါကောင်း
ဖြစ်သည်ဟု ဆုံးဖြတ်ကာ ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် တရုတ် မြန်မာ
စစ်ပြေငြိမ်းရေး စာချုပ်ကို ချုပ်ဆိုကြလေသည်။ စာချုပ်ပါ အချက်အလက်များမှာ
အတိုချုပ် အားဖြင့် တရုတ် မြန်မာ ချစ်ကြည်စွာ ဆက်ဆံရန်၊ တရုတ်ဘက်သို့
ခိုလှုံသော စော်ဘွားများကို ပြန်လည် အပ်နှင်းရန်၊ နှစ်ဖက်
စစ်သုံ့ပန်းများကို ဆိုင်ရာသို့ အသီးသီး ပြန်လည် အပ်နှင်းရန်၊ မြန်မာ့
လက်အောက်ခံ မှန်သမျှကို ရှေးယခင် ထုံးတမ်းအတိုင်း ဆက်ဆံရန်နှင့်၊
နှစ်ပြည်ထောင် မင်းနှစ်ပါးတို့ ရှေးယခင် အတိုင်း လက်ဆောင်ပဏ္ဏာ၊ အကြည်တော်၊
သဝဏ်လွှာ အပြန်အလှန် ကမ်းလှမ်းကြရန် ဖြစ်လေသည်။
ရှေးယခင်က အတိုင်း
နှစ်ပြည်ထောင် ပြန်လည် ဆက်ဆံမည် ဟူသော အချက်တွင် ရှုပ်ထွေးချက် တရပ်
ပေါ်ပေါက်ခဲ့သည်။ ၎င်းမှာ တရုတ် ယူဆပုံနှင့် မြန်မာ ယူဆပုံတို့
ကွဲလွဲခြင်းကြောင့် ဖြစ်လေသည်။ ထိုခေတ်က ဥရောပ တိုက်သားများကဲ့သို့
မြန်မာတို့သည်လည်း သတိမမူခဲ့သော အချက်တခု ရှိလေသည်။ ထိုအချက်မှာ တရုတ်များက
သာလျှင် တရားဖြောင့်မှန်၍ တရုတ်နိုင်ငံသည် သာလျှင် ကမ္ဘာတွင်
အယဉ်ကျေးဆုံးသော တိုင်းနိုင်ငံ ဖြစ်သောကြောင့် အခြားသော တိုင်းနိုင်ငံ
မှန်သမျှကို မိမိတို့ နိုင်ငံထက် အဆင့်အတန်း နိမ့်စွာထား၍ ဆက်ဆံရမည် ဟူသော
တရုတ်တို့၏ သဘောထားကို သတိမူခြင်း မရှိခဲ့သော အချက် ဖြစ်လေသည်။ တရုတ်တို့၏
ယူဆပုံမှာ မြန်မာတို့က ရှေးယခင်အတိုင်း နှစ်ပြည်ထောင် ပြန်လည် ဆက်ဆံမည်
ဆိုခြင်းသည် တရုတ်တို့ သြဇာခံ နိုင်ငံအဖြစ် နေရန် လက်ခံခြင်း ဖြစ်သည်ဟူ၏။
မြန်မာ စစ်မှူး စစ်ကဲတို့သည် မိမိတို့အား လှည့်ဖျားခြင်းကို ရိပ်စားမိခြင်း
မရှိကြချေ။ တရုတ်များနှင့် နောင်ရင်း ညီဘွားကဲ့သို့ ဆက်ဆံကြသည်။
မိမိတို့ဘက်မှ စစ်အောင်မြင်သော စစ်မှူး စစ်ကဲများ၏ ဂုဏ်ရှိန်တက်လျက်
ရှိကြသည်။ နှစ်ဖက်သော စစ်မှူးများသည် လက်ဆောင်ပဏ္ဏာ အပြန်အလှန်
လဲလှယ်ပြီးသော အခါ တရုတ် စစ်တပ်ကြီးကို ၁၇၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅
ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ဆုတ်ခွာ စေလေသည်။
တရုတ်
ဧကရာဇ် ချင်းလုံသည် တရုတ် မြန်မာ စစ်ပြေငြိမ်းရေ စာချုပ်ကို တရုတ်စစ်မှူး
စစ်ကဲများ တင်လျှောက်ချက် အတိုင်း သာမန် လက်ခံခဲ့သည်။ မြန်မာတို့
ယူဆပုံနှင့် တရုတ်တို့ ယူဆပုံ ကွဲလွဲကြောင်း ထင်ရှားလာသော အခါ လွန်စွာ
မျက်မာန် ရှတော်မူသည်။ သို့သော် တရုတ် ဧကရာဇ်သည် မြန်မာတို့က
လှည့်ဖျားခြင်း ဖြစ်သည်ဟု ရာဇပရိယာယ် ဆင်၍ ရာဇဣဏ္ဍေန္ဒ ထိန်းချုပ် ထားလေသည်။
ဆင်ဖြူရှင် မင်းတရားကလည်း မိမိထံ အကြောင်း မကြားဘဲ စစ်ပြေငြိမ်း ရမည်လောဟု
ရာဇမာန် ပွားသဖြင့် တာဝန်ရှိသော စစ်မှူး စစ်ကဲတို့သည် မင်း၏ အမျက်တော်
ပြေစေရန် မဏိပူရသို့ သွားရောက် တိုက်ခိုက်ပြီးလျှင် ရွှေ၊ ငွေ၊ ဘဏ္ဍာ၊
ကျေးကျွန်၊ အမြောက်အများ သယ်ဆောင် လာကြသည်။ မဏိပူရသို့ မြန်မာ စစ်မှူး
စစ်ကဲများ စစ်ချီနေသည့် အတောအတွင်း ဆင်ဖြူရှင်သည် အမျက် မပြေနိုင်ဘဲ
စစ်မှူး စစ်ကဲတို့၏ သား မယားများကိုပင် ဒဏ်ခတ်ခြင်း ပြုလေသည်။
ဆင်ဖြူရှင်နှင့် နောက် ထီးနန်းဆက်ခံသူ စဥ့်ကူးမင်းတို့သည် တရုတ် ဧကရာဇ်ထံမှ
စော်ကားစွာ ရေးသားထားသော သဝဏ်လွှာများကို ရကြသည်။ သို့သော် တရုတ် ဧကရာဇ်သည်
မိမိ ဂုဏ်သိက္ခာကို မထိခိုက်စေရန် ယူနန် ဘုရင်ခံ၏ အမည်ဖြင့် သဝဏ်လွှာများကို
ပေးပို့လေ့ ရှိသည်။ မြန်မာတို့ကမူ မြန်မာ့ သစ္စာကို သွေဖီသွားသော ရှမ်း
စော်ဘွားများကို ပေးအပ်ခြင်း မပြုသ၍ တရုတ် သုံ့ပန်းများကို ပြန်လည်
အပ်နှင်းခြင်း မပြုဘဲ သိမ်းပိုက်ထားသော နယ်မြေများကိုလည်း လက်လွှတ်ခြင်း
မပြုချေ။
မန်ချူးနိုင်ငံ၏ အင်အားသည် လက်နက် အင်အား မပြည့်စုံသော
ရှေးကျသည့် စစ်တပ်ကြီးပေါ်တွင် တည်၍ နေလေရာ တနေ့တခြား အင်အား ဆုတ်ယုတ်၍
တရုတ် ပြည်တွင်းရေးပင် ခိုင်လုံခြင်း မရှိတော့သည့် အခြေသို့ ရောက်လာ
လေတော့သည်။ မကြာမြင့်မီ ဥရောပ တိုက်သားများ၏ နယ်ချဲ့ခြင်းကို အာရုံ
စူးစိုက်လျက် ရှိသမျှ အင်အားကို အသုံးချ၍ နေရတော့မည် ဖြစ်သည်။ ထိုကြောင့်
တရုတ် တပ်ကြီးသည် မြန်မာနိုင်ငံမှ ဤ တကြိမ် ဆုတ်ခွာ ပြီးသည့်နောက် တဖန်
ပေါ်ပေါက်လာခြင်း မရှိတော့ချေ။ ထိုအချိန်မှ စ၍ တရုတ်တို့သည် နှစ်ပေါင်း ၂၀၀
ကျော်တိုင်အောင် အင်အား ဆုတ်ယုတ်၍ လာခဲ့သည်။ သို့သော် ချင်းလုံမင်းသည်
မြန်မာတို့ကို မကျေချမ်းသော စိတ်ဖြင့် ဗန်းမော်မှ တဆင့် တရုတ်နိုင်ငံနှင့်
ကူးသန်း ရောင်းဝယ် ပြုခြင်းကို လည်းကောင်း၊ ရေလမ်းဖြင့် ဆက်သွယ်
ဖောက်ကားခြင်းကို လည်းကောင်း၊ ရပ်တန့် လိုက်လေသည်။
ကိုးကား
1. ↑ ၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင်
ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း'
စာအုပ်ကနေ 'ဆင်ဖြူရှင်မင်း (၁၇၆၃ - ၁၇၇၆) အကြောင်းနဲ့ ၎င်းလက်ထက်
မြန်မာနိုင်ငံ အခြေအနေ'
==================
copy from sites google com
No comments:
Post a Comment