Friday, August 15, 2014

တစ်ကြောင်းထိုးလမ်း

(၃၄)ပေ အကျယ်မြေသားလမ်း ၊ (၄၀)ပေ အကျယ် မြေသားလမ်း ၊ အမာခံလမ်း ၊ ကျောက်လမ်း ၊ ကတ္တရာလမ်းနှင့် ကွန်ကရစ်လမ်းတို့၏ မူလပထမဆုံး တည်ဆောက်ရမည့်လုပ်ငန်းသည် တစ်ကြောင်းထိုးလမ်း ဖောက်လုပ်ခြင်း ဖြစ်ပါသည်။
တစ်ကြောင်းထိုးလမ်းဖောက်လုပ်ရာတွင် မူလတည်ရှိခဲ့သော လားလမ်းအတိုင်း ဖောက်လုပ်ခြင်း ၊ ရေဝေကုန်းတန်းလေးများအတိုင်းဖောက်လုပ်ခြင်းနှင့် Point to Point ဖောက်လုပ်ခြင်းတို့ဖြင့် ဆောက်ရွက်လေ့ရှိပါသည်။
လားလမ်းအကြောင်းကို ယခင်အပတ်က တင်ပြခဲ့ပြီးဖြစ်ပါသည်။ ရေဝေကုန်းတန်းဆိုသည်မှာ အရပ်အခေါ်အားဖြင့် ကျောတန်း ၊ လက်မောင်းတန်း (တောင်တန်းအငယ်စားပေါ်တွင် လမ်းမှာ အမြင့်ဆုံး၌ တည်ရှိပြီး လမ်း၏ ဘယ်/ညာ သည် လမ်းထက်နိမ့်ဆင်းသော နေရာများကို ဆိုလိုပါသည် )။ ဂျောတန်းကို အသုံးပြု၍ ဖောက်လုပ်သောလမ်းများသည် လမ်းကို ကန့်လန့်ဖြတ်၍ တည်ဆောက်ရသော Culvert များနှင့် တံတားများ အနည်းဆုံးအခြေအနေဖြစ်ပါသည်။ ဥပမာအားဖြင့် ဗျတ္တပန်းဆက်လမ်းမှာ ကျောတန်းများကို အခြေတည်၍ ဖောက်လုပ်ထားသော လမ်းဖြစ်ပါသည်။ Point to Point ဖောက်လုပ်ထားသောလမ်းမှာ မူလစတင်ထွက်ခွာမည့်နေရာ၏ Lattitude and Longitude များကို မှတ်သား၍ ခရီးဆုံးနေရာ၏ Lattitude and Longitude များကို မှတ်သားပါ။ ထို Point နှစ်ခုကို မျဉ်းဖြောင့်ဆက်ခြင်းဖြင့် ဖြစ်ပေါ်လာသော လိုင်းပေါ်တွင် တစ်ကြောင်းထိုးလမ်းဖောက်လုပ်ခြင်း ဖြစ်ပါသည်။ Lattitude and Longitude များကို Coordinate များဟု ခေါ်ဆိုလေ့ရှိပါသည်။ အရပ်ခေါ်အားဖြင့် မြေပုံညွှန်းဟုလည်း ခေါ်လေ့ရှိပါသည်။ ဂဏန်းခြောက်ပေါက်ဟုလည်း ခေါ်လေ့ရှိပါသည်။ Point to Point နည်းဖြင့် ဖောက်လုပ်ထားသော တစ်ကြောင်းထိုးလမ်းမှာ ဥပမာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပန်းတင်-ပေပင်လေး အပိုင်း။
တစ်ကြောင်းထိုးလမ်းဖောက်လုပ်မည့် လမ်းအူကြောင်းကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း (ရုံးချုပ်) ၊ လမ်းဦးစီး (လမ်းပုံထုတ်) အဖွဲ့မှ တိုင်းတာသတ်မှတ်ပေးပါသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်များမှာ ယခုအခါ အင်ဂျင်နီယာမှူး ဦးသက်ဇော်ဝင်း ယခင်က ဆရာ ဦးခင်မောင် ၊ DE ဦးခင်မောင်ကျော် ၊
EE ဒေါ်သင်းသင်းမော်တို့ ဖြစ်ကြပါသည်။
ကျောတန်းလေးအတိုင်း တစ်ကြောင်းထိုးထိုးခြင်းလုပ်ငန်းတွင် ထိုအဖွဲ့မှ စေလွှတ်သော တိုင်းတာရေးပညာရှင်များဖြစ်ကြသည့် ဦးယဉ်ကျော် ၊ ဦးချိုချို ၊ ဦးမြင့်အေး ၊ ဦးကျော်ဆန်း ၊ ဦးသိန်းဟန် စသော လမ်းတိုင်း (ပ) ၊ လမ်းတိုင်း (ဒု) စသည့် ပညာရှင်များမှ လမ်းကြောင်းကို မြေပြင်၌ ရွေးချယ်ပုံထုတ်ပေးကြပါသည်။ ကျောတန်းအတိုင်း ဖောက်လုပ်မည်ဆိုပါက ၄င်းလမ်းအူကြောင်းအတိုင်း A Point မှ B Point အထိ ဆက်သွယ် ဖောက်လုပ်၍ ရမရ လမ်းပုံထုတ်တိုင်းတာရေးအဖွဲ့မှ ကြိုတင်ကွင်းဆင်းစစ်ဆေးရပါမည်။ တိုင်းတာရေးအဖွဲ့ လုံခြုံရေးအတွက် အာဏာပိုင်များနှင့် တာဝန်ခံအင်ဂျင်နီယာအဖွဲ့ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါမည်။ Point to Point အဖြာင့်ဆက်သောနည်းတွင် A Point မှ B Point တို့၏ အချက်အလက်များကို GPS ကိရိယာပေါ်တွင် တင်၍ Lattitude and Longitude များကို ထည့်သွင်းပြီး ဖြစ်ပေါ်လာသော Imaginary လိုင်းလေးအတိုင်း ရှေ့ဆုံးမှ လမ်းပုံထုတ်အဖွဲ့မှ လမ်းလျှောက်၍ သွားရပါသည်။ ၄င်းနောက်မှ လမ်းတည်ဆောက်မည့် အင်ဂျင်နီယာအဖွဲ့မှ လိုက်ရပါသည်။ အင်ဂျင်နီယာအဖွဲ့များ လိုက်စဉ်တွင် ၀ါးလုံးတွင် အလံနီငယ်များချည်၍ ၀ါးလုံးများကို စိုက်ထူသွားရပါသည်။ အလံနီငယ်များ စိုက်ထူထားသော ၀ါးလုံးတိုင်များအတွင်း အကျယ် (၁၂)ပေ အတွင်းရှိသော သစ်ပင်ကြီးများ ၊ သစ်ပင်ငယ်များ ၊ ခြုံငယ်များအား လုပ်သားများဖြင့် ရှင်းလင်းပေးရပါသည်။ ထိုအလံနီငယ်များ တပ်ထားသော အလံတိုင် အတိုင်း Dozer များဖြင့် လိုက်လံ၍ တစ်ကြောင်းထိုးလုပ်ငန်းများကို စတင်ရပါသည်။ Dozer များသည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ချောင်းတွေ့လျှင် ဒဲ့ဖြတ်သန်းရပါသည်။ တောင်တွေ့လျှင် ဒဲ့တက်ရပါသည်။ လမ်းအူကြောင်းသည် ကျေးရွာကြီးများ ၊ အများသုံးရေကန်ကြီးများ ၊ ဆည်ကြီးများ ၊ ဘုရားစေတီများ ၊ ယာဉ်ကျေးမှုဆိုင်ရာအထိမ်းအမှတ်အဆောက်အအုံများ တွေ့ရှိပါက ၊ လမ်းပုံထုတ်မှ အရာရှိများနှင့်တိုင်ပင်၍ အနည်းငယ်ပြောင်းလဲနိုင်ပါသည်။ ဥပမာ - ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းအူကြောင်းဖောက်လုပ်ရာတွင် ပြင်စည် - စကားအင်း အပိုင်း၌ လမ်းအူကြောင်းသည် တံတားဦးအပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်း၏ တောင်ဘက်ရှိ ဥမှင်ကျေးရွာအား အလယ်တည့်တည့် ဖြတ်သန်းသွားပါသည်။
မတ်စောက်လွန်းသော ချောင်းများအား ရင်ခွဲ၍ ဆင်းရပါသည် (Double Cutting ) ။ မတ်စောက်လွန်းသော တောင်များအား ရင်ခွဲ၍ တက်ရပါသည် (Double Cutting) ။ ပြေပြစ်သော တောင်စောင်းများ၌ One Side Cutting နည်းကို အသုံးပြု၍ ချီတက်ရပါသည်။ One Side Cutting နည်းကို အသုံးပြုရာတွင် တောင်၏ အခြေများကို အသုံးပြုခြင်းများပြားပါက တံတားငယ်များ တည်ဆောက်မှုများပြားခြင်း ၊ စိမ့်စမ်းရေများအား ဖြတ်သန်းရခြင်း (Swamp Area ) ၊ နေရောင်ချည်ရရှိရန်ခက်ခဲသော နေရာများဖြစ်ခြင်း စသော ဆိုးကျိုးများ တွေ့ရလေ့ရှိပါသည်။ ( ဥပမာ - မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်း )
တောင်ထိပ်များကို အသုံးပြု၍ One Side Cutting နည်းကို အသုံးပြုပါက ကျောက်ဆောင်များတွေ့လျှင် ရှောင်ရှားရခက်ခြင်း ၊ တောင်ထိပ် တစ်ခုနှင့်တစ်ခု အနိမ့်/အမြင့် ကွာခြားမှုများလျှင် လမ်းအူကြောင်း၏ Gradient များပြားလေ့ရှိခြင်း ချောက်ကမ်းပါးကြီးများနှင့်တွေ့လျှင် လမ်းအူကြောင်း ပြောင်းလဲရခြင်း စသော ဆိုးကျိုးများ တွေ့နိုင်ပါသည်။ ( ဥပမာ - ကျိုင်းတုံ - မိုင်းခွန် - မိုင်းခုတ်လမ်း )
တစ်ကြောင်းထိုးလမ်းဖောက်လုပ်ရာတွင် One Side Cutting ၊ Double Cutting ၊ Cut & Fill နည်းများကို လုပ်ငန်းလိုအပ်ချက်အလိုက် အသုံးပြုရလေ့ ရှိပါသည်။ သဲနှုန်းများ ၊ ဗွက်တန်းများ ၊ မြစ်ဝှမ်းများတွင် Filling လုပ်ရန်အတွက် အနီးဆုံးနေရာမှာ Cutting လုပ်ရန် လိုအပ်သော မြေသားများကို Gradient ကောင်းစေရန်အတွက်လည်းကောင်း ၊ လမ်းသားကျယ်ရန်အတွက် လည်းကောင်း ဖြတ်တောက်၍ သယ်ဆောင်က Filling လုပ်ငန်းများတွင် အသုံးပြုရလေ့ရှိပါသည်။
ယခင်ခေတ်များက တစ်ကြောင်းထိုးလုပ်ငန်းတွင် Dozer တစ်မျိုးတည်းကိုသာ အသုံးပြုလေ့ရှိသဖြင့် Cut & Fill လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သောနေရာများ၌ အားနည်းချက်များရှိခဲ့ပါသည်။ Dozer ကို အသုံးပြု၍ မြေထိုးစုပုံပြီး Loader ဖြင့်တင်ကာ ကားများဖြင့်သယ်ဆောင်၍ လုပ်ငန်းများဆောင်ရွက်ရပါသည်။ ယခုအခါ Excavator နှင့် ကားများကိုအသုံးပြု၍ လုပ်ငန်းများ လျှင်မြန်စွာ ဆောင်ရွက်လာနိုင်ပြီဖြစ်ပါသည်။
တစ်ကြောင်းထိုးလမ်းတွင် အနည်းဆုံး (၁၂)ပေ အကျယ်ခန့် ရရှိရန် ဆောင်ရွက်ရပါသည်။ အုပ်ချုပ်သူ အင်ဂျင်နီယာအကြီးအကဲများ၏ လုပ်ငန်းများ လိုက်လံစစ်ဆေး၍ အတည်ပြုချက်ရရှိမှသာ တစ်ကြောင်းထိုးလမ်းမှ (၃၄)ပေ အကျယ်လမ်းသို့ လမ်းချဲ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရပါသည်။ အုပ်ချုပ်မှုယာဉ်များ ၊ ရိက္ခာယာဉ်များ ၊ လောင်စာဆီသယ်ယာဉ်များ လိုက်ပါနိုင်ရန်အတွက် Swamp Area များနှင့် သဲ ၊ နှုန်း ၊ ဗွက် နေရာများတွင် Transported Soil များကို တင်ပြပါနည်းများအတိုင်း လမ်းတာရိုးငယ်များပြုလုပ်၍ ဖောက်လုပ်ရပါသည်။ ကျောက်တောင်များနှင့် တွေ့ရှိပါက ယာဉ်သွားလမ်းအကျယ် (၁၂)ပေ ရရှိရန် မိုင်းခွဲဆောင်ရွက်ရပါသည်။ ရေချောင်းများဖြင့် တွေ့ပါက ယာယီရေကျော်များပြုလုပ်ခြင်း ၊ တံတားငယ်များပြုလုပ်ခြင်း ၊ ကန့်လန့်ဖြတ်ရေမြောင်းများတူး၍ မြောင်းအတွင်း သစ်တုံးများထည့်ခြင်း ၊ ၀ါးစည်းများထည့်ခြင်းတို့ဖြင့် ဖောက်လုပ်ရပါသည်။ ချောင်းကျယ်များတွင် Transported Soil နည်းဖြင့် ချောင်းအား ကျဉ်းစေပြီး ချောင်းအကျဉ်းဆုံးနေရာ ရေအနက်ဆုံးနေရာတွင် Low Water Bridge များ တည်ဆောက်၍ ဖြတ်သန်းရပါသည်။ ချောင်းရေတိမ်တွင် ယာယီရေကျော်များအဖြစ် ၆”x၉” ကျောက်များ စီခင်းဖြတ်သန်းရပါသည်။
တစ်ချို့လမ်းမကြီးများသည် တစ်ကြောင်းထိုးလမ်းမှ (၃၄)ပေ အကျယ်လမ်းအထိ တိုးတက်ပြုပြင်ခြင်းလုပ်ငန်းများအား လမ်းမိုင်အပြည့် ဆောင်ရွက်နိုင်ခြင်းမရှိသေးပဲ အသုံးပြုလေ့ရှိပါသည်။ ဥပမာ - သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း ၊ မြိုင် - တောမ - ဂန့်ဂေါလမ်း။
တစ်ချို့လမ်းမကြီးများသည် ရှေ့ဆုံးအပိုင်းတွင် တစ်ကြောင်းထိုးလမ်း ဆက်လက်ဖောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိစဉ် တစ်ကြောင်းထိုးလမ်းပြီးစီးသည့် အစိတ်အပိုင်းများ၌ (၃၄)ပေ အကျယ်ချဲ့ခြင်း ၊ အမာခံလမ်းခင်းခြင်း ၊ လိုအပ်သော Structure များ တည်ဆောက်လေ့ရှိပါသည်။ ဥပမာ - မိုင်းပန် - တာဆွတ်ဖ - မုံးထ - မုံးထော်လမ်း ။
Shwe Zin (1/5/2014)

Credit to > U Shwe Zin

No comments:

Post a Comment