Wednesday, September 3, 2014

ကျွန်တော်နှင့်လမ်းဆိုတာ

ကျွန်တော် အင်ဂျင်နီယာ (စ) ဘ၀က ကျွန်တော့်ဆရာက ဦးစောစိန်ထွန်းအောင်ပေါ့။ သူက တိုင်း/ဆောက်(၂) ၊ မိတ္ထီလာမြို့ A.C.E။ နောက်တော့ C.E မန္တလေးနဲ့ အငြိမ်းစားယူရင်း သေဆုံးသွားရှာပါပြီ။ သူကကိုရာဇာရေ လမ်းဆိုတာ အနုပညာဆန်တယ်ကွ လို့ပြောတော့ ကျွန်တော်က ဆရာဘာပြောတာလဲမရှင်းဘူး ထပ်ပြီးအသေးစိတ်ရှင်းပြပါဦးဆိုတော့ - လမ်းဆိုတာ သိမ်မွေ့တယ် ၊ နူးညံ့တယ် ၊ ခက်ခဲတယ် ၊ ကျယ်ပြန့်တယ် ၊ နက်ရှိုင်းတယ် ၊ ခန့်ညားတယ်ပေါ့ကွာဟု ဖြေဆိုပါသည်။ ဆရာဦးစောစိန်ထွန်းအောင်ဆိုလိုချင်တာက လမ်းဆိုတဲ့ဘာသာရပ်ဟာ နက်နည်းတယ် ၊ လိုက်စားရန်ကျယ်ဝန်းတယ်ဆိုတာကို ပြောချင်တယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။
ကျွန်တော် S.A.E ဘ၀ A.E ဘ၀များက ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းရုံးချုပ် လမ်းဦးစီး/လမ်းစီမံတွင် E.E အမျိုးသမီးတစ်ဦးရှိခဲ့ဖူးပါသည်။ သူမ၏ အမည်မှာ ဒေါ်ထားထားညွှန့်ဖြစ်ပါသည်။ သူမ၏ အမျိုးသားမှာ လမ်း D.E ဦးငွေထွန်းဖြစ်ပါသည်။ ကျွန်တော်ရုံးကိစ္စများနှင့် အစ်မဒေါ်ထားထားညွှန့်နားသို့ရောက်စဉ်တွင် သူကပြောပါသည်။ ကိုရာဇာရေ ရှင့်ဆရာ D.E ကလေ လမ်းဆိုတာ . . . ဆိုပြီး စလိုက်လျှင် နှစ်ရက်လောက် ထမင်းမစားပဲသူပြောပြလိမ့်မည်။ ရေတော့ သောက်ပြီးပြောလိမ့်မည်ဟု ပြောကြားခဲ့ပါသည်။ ဆရာ D.E ဦးငွေထွန်းလေ့လာသိရှိသိခဲ့သမျှလေးတွေကို တပည့်တွေကိုပြောပြချင်စိတ်နဲ့ တက်ကြွမှုအကြောင်းပြောပြလိုခြင်းဖြစ်သည်ဟု ကျွန်တော်ထင်ပါတယ်ဗျာ။ ယခုတော့ ဆရာ D.E ဦးငွေထွန်းလည်း အငြိမ်းစားယူသွားပါပြီဗျာ။
ကျွန်တော်တို့ (18-8-2014) နေ့မှ (22-8-2014) အထိ E.E များ D.S.E များ C.E များသို့ အရည်အချင်းမြင့်သင်တန်း ပြုလုပ်ခဲ့ပါသည်။ ၀န်ထမ်းများအရည်အချင်းမြင့်တင်ရေး ၊ ဌာနကြီးတစ်ခုလုံး အရည်အချင်းမြင့်တင်ရေးအတွက် လူကြီးများက ရှုထောင့်မျိုးစုံမှ သင်ပြရှင်းလင်းညွှန်ကြားကြပါသည်။ ထိုအကြောင်းအရာများထဲမှတစ်ခုကို တင်ပြလိုပါသည်။
ဆရာ M.D U Kyaw Linn ၏ သင်ပြချက်များမှဖြစ်ပါသည်။ တပည့်တို့ တစ်နိုင်ငံလုံးမှာ Sub Base Course နဲ့ Base Course လမ်းလွှာတွေကို Macadam နည်းနဲ့ခင်း ၊ လမ်း Surfacing Course ကို Semi Grouting နည်းနဲ့ခင်း ၊ စသည်ဖြင့် လမ်းခင်းခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒို့ဌာနကြီးတိုးတက်ဖို့ ၊ ဒို့နိုင်ငံတော်ကြီးခေတ်မီဖို့ Mind-Set တွေ ပြောင်းရမည်။ အဲ့ဒါကတော့ လမ်းလွှာတွေ Base Course တွေကို Well Graded နည်းနဲ့ခင်းဖို့နဲ့ Surfacing Course တွေကို Asphalt Concrete နဲ့ ခင်းဖို့ ၊ ပြင်ဆင်ဖို့ကြိုးစားကြပါလို့ မှာကြားခြင်းပါပဲ။
ဒါကြောင့် ကျွန်တော်တို့တစ်တွေဟာ Well Graded နည်းတွေ လေ့လာဖို့ ၊ Asphalt Concrete နည်းတွေ လေ့လာဖို့ ၀ါယမစိုက်ကြိုးစားရမှာပေါ့ဗျာ။ တစ်နိုင်ငံလုံးမှာ အထူးစီမံကိန်းကြီးအဖွဲ့ (၁) ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးထိန်းသိမ်းရေးအဖွဲ့ ၊ လမ်းအထူးအဖွဲ့ (၄) ၊ လမ်းအထူးအဖွဲ့ (၁၅) ၊ လမ်းအထူးအဖွဲ့ (၁၆) ၊ လေယာဉ်ကွင်းအထူးအဖွဲ့ (၂) စသောအဖွဲ့များသာ Asphalt Concrete ခင်းတတ်တာမဟုတ်ပဲ လမ်းအထူးအဖွဲ့အားလုံး ၊ ခရိုင်အဖွဲ့တွေအားလုံး ခင်းတတ်ဖို့ကြိုးစားရမှာမဟုတ်ပါလားဗျာ။ ဆရာ M.D U Kyaw Linn သင်ပြခဲ့တဲ့ Key Perfomance Indicator ထဲက 31/3/2014 မှာဆိုရင် မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းများအနက် -
ကွန်ကရစ်လမ်း - ၅၈၀ မိုင် ၅ ဖာလုံ
ကတ္တရာလမ်း - ၁၂၆၉၂ မိုင် ၅.၅ ဖာလုံ
ကျောက်လမ်း - ၂၈၇၄ မိုင် ၀.၅ ဖာလုံ
အမာခံလမ်း - ၃၄၄၆ မိုင် ၆ ဖာလုံ
မြေလမ်း - ၄၈၉၂ မိုင် ၇.၅ ဖာလုံ
လားလမ်း - ၄၄၇ မိုင် ၆ ဖာလုံ
စုစုပေါင်း - ၂၄၉၃၄ မိုင် ၆.၅ ဖာလုံ ရှိကြောင်း သိရတယ်ဗျ။ အဲ့ဒီထဲက ကတ္တရာလမ်း ၁၂၆၉၂ မိုင် ၅.၅ ဖာလုံမှာ Asphalt Concrete လမ်းက တော်တော်လေးနည်းသေးတယ်ဗျ။ ဒါကြောင့် ဆရာ M.D U Kyaw Linn ပြောသလိုမျိုး Mind-Set တွေ ပြင်ပြီး နိုင်ငံတော်ခေတ်မှီဖို့ကြိုးစားရဦးမှာပါဗျာ။
ဒုတိယ၀န်ကြီး ဆရာဦးစိုးတင့်ကလည်း သင်ကြားသေးတယ်ဗျ။ မျက်မမြင်ပုဏ္ဏား (၆) ယောက်နှင့် ဆင်တစ်ကောင်ပုံပြင်ထဲကလို အစွယ်ကိုကိုင်မိတဲ့သူက ဆင်ဆိုတာ လှံနဲ့တူတယ်။ နားရွက်ကို ကိုင်မိတဲ့သူက ဆင်ဆိုတာ ယပ်တောင်နဲ့တူတယ်။ ကိုယ်ထည်ကြီးကိုင်မိတဲ့သူက ဆင်ဆိုတာနံရံနဲ့တူတယ် စသည်ဖြင့် မိမိတို့ရဲ့အမြင်လေးကို ကျဉ်းမြောင်းမနေစေပဲ ဆင်ကိုဆင်မှန်းသိဖို့ကြိုးစားကြပါလို့ သင်ကြားပါတယ်။ ဆရာ ဒု-၀န်ကြီး ဆိုလိုချင်တာက လမ်းပေါက်စလေး ၊ တံတားငယ်လေးများနဲ့ ကျေနပ်မနေ ၊ ပျော်မွေ့မနေပဲ တိုးတက်နေတဲ့ ခေတ်မီတဲ့နည်းစနစ်များကို အဆက်မပြတ် လေ့လာသင်ကြားသင့်တယ်ဆိုတာကို ပြောချင်တာလို့ ကျွန်တော်ထင်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ လမ်း/မိုင်တွေ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာဖို့ ၊ တိုးတက်လာတဲ့လမ်းတွေဟာ စံချိန်/စံညွှန်း မီစေဖို့ ၊ နည်းပညာအသစ်တွေကို မျက်ခြည်မပြတ်ဖို့ကြိုးစားရင်း လူ့ဘောင်လောကကြီးတိုးတက်လာဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း Facebook Friend တွေကို မျှဝေချင်တာပါဗျာ။ ကျွန်တော်တို့ရဲ့ ဆရာကြီးတွေ ၊ ကွယ်လွန်တဲ့သူတွေလည်းကွယ်လွန်ကုန်ပြီ ၊ ပင်စင်ယူတဲ့သူတွေကလည်း ယူကုန်ပြီ ၊ အိုတဲ့သူတွေအိုကုန်ပြီဆိုတော့ ညီငယ်/ညီမငယ်များကလည်း လက်ဆင့်ကမ်းတာဝန်တွေကို ထမ်းဆောင်ကြရမှာ မဟုတ်ပါလားဗျာ။ ရောမမြို့ကြီးကို တစ်ရက်ထဲနဲ့ တည်ဆောက်ခဲ့တာမဟုတ်တာတော့သေချာတယ်။ ရောမမြို့ကြီးကို ဆက်လက်တည်ဆောက်ဖို့အတွက်နဲ့ ပြီးဆုံးဖို့အတွက်ကတော့ ညီငယ်/ညီမငယ်များက ဆက်လက်ပြီး ဆောင်ရွက်ကြရဦးမှာကတော့ သေချာပါတယ်ဗျာ။
ဒါကြောင့် ဆင်ကို ဆင်မှန်းသိတဲ့ ၊ လမ်းအကြောင်းကိုကြွယ်ဝစွာ/ပြည့်ဝစွာ သိရှိနိုင်တဲ့ ညီငယ်/ညီမငယ်များ ဖြစ်လာကြစေရန်ရည်ရွယ်ချက်ဖြင့် မျှဝေလိုက်ရပါတယ်ဗျာ။
Shwe Zin (28/8/2014)

Credit to > U Shwe Zin

No comments:

Post a Comment