Monday, September 16, 2013

ဈေးကွက်အတွင်း ရောင်းချနေသော ငရုတ်သီးမှုန့်များတွင် ကင်ဆာဖြစ်စေနီုင်သော ဇီဝအဆိပ်တစ်မျိုးတွေ့ရှိ


Liked · June 28

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဈေးများ၌ ရောင်းချနေသည့် ငရုတ်သီးမှုန့်များကို စမ်းသပ်စစ်ဆေးခဲ့ရာ ကင်ဆာဖြစ်စေနိုင်သော ဇီဝအဆိပ်တစ်မျိုးဖြစ်သည့် 'Aflatoxcin B1'ကိုစစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) ဇီဝအဆိပ်ဗေဒ သုတေသန ဌာနခွဲမှ သိရသည်။

ဈေးကွက်အတွင်းရှိ ငရုတ်သီးမှုန့်များကို စစ်ဆေးရာတွင် ဈေးဆိုင်များတွင် အလေးချိန်ဖြင့် ချိန်တွယ်ရောင်းချနေသည့် ငရုတ်သီးမှုန့်များနှင့် ထုပ်ပိုးပြင်ဆင်ထားသည့် ငရုတ်သီးမှုန့် နမူနာ ၂၆ ခုကို စစ်ဆေးခဲ့ရာ ယင်းတို့အနက်မှ အလေးချိန်ဖြင့် ချိန်တွယ်ရောင်းချသည့် ငရုတ်သီးမှုန့် နမူနာလေးမျိုးနှင့် ထုပ်ပိုးပြင်ဆင်ထားသည့် ငရုတ်သီးမှုန့် နမူနာ နှစ်မျိုးတို့တွင် ယင်းဇီဝအဆိပ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

''Aflatoxcin B1 ဆိုတာ စနစ်တကျ သိုလှောင်သိမ်းဆည်းမှု အားနည်းတဲ့ စားသောက်ကုန် ပစ္စည်းတွေမှာ ပေါက်ဖွားလေ့ရှိတဲ့ Aspergillus Species တွေကတစ်ဆင့် ဖြစ်လာတာပါ။ Aflatoxcin B1 က စားသောက်ကုန်တွေမှာ ပါဝင်နေပေမယ့် အရောင်၊ အနံ့၊ အရသာ ပြောင်းလဲသွားတာမျိုး မရှိဘူး။ ဒီအဆိပ်က အပူပေးပြီး ချက်ပြုတ်စားသောက်ရင်လည်း အာနိသင် ပျက်ပြယ်မသွားဘူး။ သူက မမြင်နိုင်တဲ့မှိုတစ်မျိုး ဖြစ်တဲ့အတွက် စားသောက်ကုန်တွေမှာ ပါဝင်နေတယ်ဆိုတာ အလွယ်တကူ မသိနိုင်ဘူး'' ဟု ဇီဝအဆိပ် ဗေဒသုတေသန ဌာနခွဲမှ ဒေါက်တာသောင်းလှက ပြောကြားသည်။

Aflatoxcin B1 ပါဝင်သည့် စားသောက်ကုန်များကို စားသုံးမိပါက လတ်တလော အဆိပ်သင့် လက္ခဏာ ဖြစ်ပွားခြင်းမျိုး မရှိသော်လည်း ရေရှည်စားသုံးမိသူများ အနေဖြင့် အသည်းကင်ဆာကို ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။

Credit to Eleven Media Group

(ထပ်ဖြည့် - သက်ဆိုင်ရာ အနေနဲ့ စစ်ဆေးပြီးသည့် နောက် ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်ပေးရန် နှင့် စဉ်ဆက်မပြတ် စစ်ဆေးပေးရန် တောင်းဆိုအပ်ပါသည်)

No comments:

Post a Comment