Thursday, June 25, 2015

အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆေဖြူ များလက်မှ ကယ်တင်ပေးပါ။ အပိုင်း၂


အပူပိုင်းဒေသနှင့် ဧရာဝတီကို တစ္ဆဖြူများလက်မှ ကယ်တင်ပေးပါဆိုတဲ့ ဆောင်းပါး အပိုင်း ၁ မှာ ယူကလစ်ပင်များသည် စက်မှုထွန်းကားသည့် နိုင်ငံများအတွက် အရေးကြီးပြီး အလွန်အသုံးဝင်သည့် စက်မှုကုန်ကြမ်းများ ဖြစ်ကြောင်း၊ထိုအပင်များ အလုံးအရင်း စိုက်ပျိုးပြီး ယူကလစ်တောများဖော်ဆောင်ခြင်းခံရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရေရှား ရပ်ဝန်းအပေါ် ထိခိုက်နစ်နာစေသည့် ဆိုးကျိုးများ၊မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်နှင့် လူနေမှုဘဝတွေအပေါ်ဆိုးကျိုးရှိစေရုံမျှမကဘဲ သံယံဇာတ ထုတ်ယူသူများက နိုင်ငံတော်အတွက်လှူဒါန်းထည့်ဝင်ရသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ရန်ပုံငွေများကိုပါNGOs များက ယူကလစ်စိုက်ရာမှာ ထည့်သွင်းအသုံးပြုခဲ့လျှင်သော်လည်းကောင်း ဖြစ်ပေါ်ခံစားရမည့် နစ်နာချက်များအပါအဝင် အချက်၁၀ချက်ကို ဖော်ပြရေးသားခဲ့ပါတယ်။
ယခုဒီဆောင်းပါးဟာ ယူကလစ်တောများ အလုံးအရင်း စိုက်ပျိုးထုတ်လုပ်ရန် ကြိုးစားမှုများနှင့် ယူကလစ်စိုက်ပျိုးရန်အတွက် နေရာအခင်းအကျင်း ရွေးချယ်မှုတွေအပေါ် နိုင်ငံရေး ပထဝီဝင် Political Geography ရှူ့ထောင့်အရ နိုင်ငံတော်ကို စောင့်ရှောက်နိုင်ရေး အမြင်ဖြင့် လက်မခံသင့်သည့် အချက်များကို အနည်းငယ်ထည့်သွင်း ရေးသားထားပါတယ်။ လူအများထင်သာမြင်သာ နားလည်နိုင်စွမ်းမရှိအောင်နှင့် မူလရည်ရွယ်ချက်နှင့် လမ်းကြောင်းကို အလွယ်တကူ ကြည့်မြင်မရအောင် ဖုံးကွယ်ဆောင်ရွက်ရသော ရှုပ်ထွေးနက်ရှိုင်းသည့် မဟာဗျူဟာများကို စစ်ရေးတင်သာမကပဲ ကဏ္ဍစုံ နေရာစုံမှာပါသုံးချပြီး မိမိတို့နိုင်ငံ၏ တန်ခိုးသြဇာ ကြီးမားရေးနှင့် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်များ အလုံးအရင်းရယူရန် အားထုတ်ခြင်းဆိုင်ရာ နေရာများတွင်ပါ အသုံးချခြင်းများကို လုပ်ကိုင်ဆောင်ရွက်နေကြပါသည်။ထိုသို့ ဆောင်ရွက်နေကြသည့် သက်ဆိုင်ရာနိုင်ငံကြီးများ၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်ချက်များအပေါ် သာမာန်အမြင်ငယ်လေးဖြင့် မကြည့်မြင်ကြဘဲ ချဲ့ထွင်တွေးတော ထွင်းဖောက်မြင်သာအောင် ကြည့်မြင်ရင်းဖြင့် ယခုဆောင်းပါးကို ဖတ်ရှုပေးကြပါလို့ တိုက်တွန်းပါတယ်။
ယူကလစ်ပင်မှာလည်း သူ့အားသာချက်နှင့်ကောင်းကွက်တွေ ရှိပါတယ်။ယူကလစ်ပင်ရဲ့ မူလအစဒေသဟာ သြစတေးလျတိုက် ဖြစ်ပါတယ်။Wallace Line of Flora Diversity ၏Endemic Fauna ကွားလားဝက်ဝံတွေအတွက် အမှီပြုအားထားရာ အပင်လည်း ဖြစ်ပါတယ်။ Biodiversity Conservation အရ ကြည့်လျှင် Wallace of Fauna and Flora အတွက် ယူကလစ်ပင်ဟာ အရေးကြီးတဲ့အပင်လည်း ဖြစ်ပါတယ်။အဲ့ဒီလို ယူကလစ်ပင်၏ အားသာချက် ကောင်းကွက်နှင့် အချက်အလက်တွေဟာ မြန်မာ့ရေမြေ ရာသီဥတုနှင့် ဂေဟစနစ်တွေအတွက် မသင့်တော်တဲ့အပြင် ပျက်စီးထိခိုက်မှုတွေကိုပါ ဖြစ်စေပါတယ်။ယခုလို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းဒေသနှင့် ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသတွေမှာအဖိုးတန်မူရင်း ဓမ္မတာတောတွေကို ခုတ်ထွင်ရှင်းလင်းပြီး ယူကလစ်ပင်တွေချည်း အလုံးအရင်းစိုက်ပျိုးကာ တောအုပ်ထူထောင် စိုက်ပျိုးနေခြင်းဟာမြန်မာ့သဘာဝပတ်ဝန်းကျင်နှင့်တကွ မှီတင်းနေထိုင်ကြသူတွေအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ပျက်စီးထိခိုက်မှုတွေကို ဖြစ်ပွားလာစေမှာမို့ ဒီအပင်ကို တစ္ဆေဖြူလို့ နာမည်ပေးပြီး ကန့်ကွက်ရတာပါ။
အစ္စရေးတွေက ယူကလစ်စိုက်တယ်ဆိုတာ သဲကန္တာရမှာ သစ်တောပြန်လည်ထူထောင်ဖို့ စိုက်ပျိုးတာပါ။ယူကလစ်ပင်တွေ ဖြစ်ထွန်းလာတော့ သူ့အရိပ်အောက်မှာတခြားသော သစ်ပင်တွေကို စိုက်တာပါ။ သစ်ပင်တွေကို ရေနှင့်တကွ တခြားသော ထိန်းသိမ်းစောင့်ရှောက်မှု အပြည့်ပေးပါတယ်။သစ်ပင်တွေ ကောင်းစွာရှင်သန်နိုင်တဲ့ အခါမှာ ယူကလစ်ပင်ကို ခုတ်ပစ်ပါတယ်။ဒီနည်းလမ်းနှင့် သဲကန္တာရကို ပြောင်းလဲပစ်ပါတယ်။အစ္စရေးနိုင်ငံ ထူထောင်ခါစမှာပါလက်စတိုင်းတွေဆီက စိုက်ပျိုးလို့၊နေထိုင်လို့ မရတဲ့ ရွှံ့နွံတောတွေကို ဈေးပေါပေါနှင့် ဝယ်ယူပြီးယူကလစ်ပင်တွေ စိုက်ပါတယ်။ ရေတွေစုပ်လို့ ကုန်သွားတော့ ခုတ်ပစ်ခဲ့ပါတယ်။ ဒီနမူနာကို ကြည့်တတ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ မြေအောက်ရေများနှင့် စိုက်ပျိုးမြေများ ပျက်သုန်းပြီး စိုက်ပျိုးလုပ်ကိုင် စားသောက်လို့ မရဖြစ်ကာ ပေးတဲ့ဈေးနှင့်ထိုးရောင်းရတော့မည့် အဖြစ်အပျက်ကို ဦးတည်ရည်ရွယ်နေတာ ထင်ရှားပါတယ်။ဒါ့ကြောင့် သဘာဝတောတွေခုတ်ပစ်ပြီး ယူကလစ်တွေကို အလုံးအရင်း စိုက်ပျိုးနေမှုနှင့် အညာမြေက လယ်ယာမြေတွေဘေးမှာ ၊ရှိသမျှ မြေလွတ်မြေရိုင်းတွေမှာ ယူကလစ်တောအုပ်လိုက် ပျိုးထောင်နေမှုကို ကန့်ကွက်ရတာပါ။ ရှေ့ကနမူနာပေါင်း မြောက်များစွာကို ကြည့်ပြီးမှ မြန်မာနိုင်ငံအလယ်ပိုင်းက အပူပိုင်းဇုံအတွက် ဘယ်လိုအပင်အမျိုးအစားတွေသာ စိုက်ပျိုးသင့်ကြောင်း ဆုံးဖြတ်ရမှာပါ။ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းဖောက်ပြီးနောက်မှာ မီးရထားလမ်းတစ်လျှောက်မှာရှိတဲ့ မြန်မာပြည် အလယ်ပိုင်း မြို့ရွာတွေကို တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ အခြေချနေထိုင် လုပ်ကိုင်နိုင်အောင် ရေရှည်စီမံကိန်းချပြီး လုပ်ဆောင်ချက် မဟာဗျူဟာအတွက် ယူကလစ်စိုက်ပျိုးခြင်းဟာ အရေးပါတဲ့ နည်းဗျူဟာခွဲတစ်ခု မဖြစ်နိုင်ဘူးလားးး????
ပုပ္ပါးတောင်မကြီးဟာ ပူပြင်းတဲ့ အလယ်ပိုင်းချိုင့်ဝှမ်းဒေသကြီးရဲ့ အိုအေစစ်ကြီးတစ်ခုပါပဲ။ဂရိနိုင်ငံက အစဉ်အလာကြီးမားတဲ့ ကမ္ဘာကျော် အိုလံပီယာတောင်နဲ့ နှိုင်းယှဉ်လို့လည်း ရတဲ့ အလွန်ဒဏ္ဍာရီဆန်တဲ့ သမိုင်းအစဉ်အလာတွေ ရှိတဲ့တောင်တော်မြတ်လည်း ဖြစ်ပါတယ်။ဒီပုပ္ပါးတောင်မကြီးပေါ်မှာ ထင်းရှူးတောတွေရှိပြီး ဆောင်းရာသီမှာလည်း တောင်ပေါ်အအေးပိုင်းတွေမှာ ပေါက်ရောက်တဲ့ တောင်နေကြာတွေ ဝါထိန်နေအောင် ပွင့်ပြီး စတော်ဘယ်ရီတွေလည်း စိုက်ပျိုး ဖြစ်ထွန်းပါတယ်။တောင်မကြီးရဲ့ အမြင့်ပေနဲ့ သစ်တောတွေကြောင့် အအေးပိုင်းဆန်တဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့အတွက် သစ်တောအမျိုးအစား စုံစုံလင်လင်ကို တွေ့ရှိရပြီး တကယ့်ကိုထူးမြတ်တဲ့ နေရာဒေသကြီးလည်း ဖြစ်ပါတယ်။ ဒီပုပ္ပါးတောင်မကြီးနှင့် မြေအောက်ရေတွေ မရှိတော့ဘူးဆိုလျှင် မြန်မာပြည် အလယ်ပိုင်း မိုးနည်းဒေသကြီးဟာ သဲကန္တာရတွေ ဖြစ်ကုန်မှာပဲ။ အပူပိုင်းဇုန်တစ်ခုလုံးရဲ့ ရာသီဥတုနဲ့ မြေအနေအထားတွေ....။မိုးရွာနှုန်းတွေ မြင့်လာအောင် ...စတာတွေကို ဒီတောင်တန်း ကြီးတွေက တတ်နိုင်သလောက် ထိန်းပေးထားတာပါ။ သိပ်ကိုရင်သပ်ရှုမောဖွယ်အလှအပတွေနဲ့ သဘာဝတွေ... စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ ဒဏ္ဍာရီတွေနဲ့ ပြည့်နေတဲ့ ဒီတောင်တန်းကြီးရှိနေတာဟာ ကျွန်မတို့နိုင်ငံအတွက် အဖက်ဖက်ကနေ ကံကောင်းပြီး ကျက်သရေမင်္ဂလာရှိစေတယ်လေ။ ဒီလိုမြေအောက်ရေပေါတဲ့ ဒေသမှာ ယူကလစ် စိုက်ပျိုးမှုကြောင့် မြေအောက်ရေတွေခမ်းသွားခဲ့လျှင် မြန်မာနိုင်ငံအလယ်ပိုင်းဟာ သဲကန္တာရ ဖြစ်သွားမှာ သေချာပါတယ်။
ကသာမြို့အထက် ဗန်းမော်ကစပြီး ဓမ္မတာမျိုးဆက် သစ်တောကြီးတွေ ဧက၇၀၀၀ ကို ခုတ်ထွင်ရှင်းလင်းပြီး ယူကလစ် စိုက်ပျိုးခွင့် ရယူထားတဲ့ ဂရိတ်ဝေါကုမ္ပဏီ(ဟွန်ဒါ-မြန်မာ စိုက်ပျိုးရေးကုမ္ပဏီ)နှင့် သစ်တောဝန်ကြီးဌာနတွေရဲ့ စာရင်းဇယားတွေနှင့်တကွ ကြိုးဝိုင်းကာကွယ်သစ်တော ဧက၅၆၀၀၀၀ကျော်ကို စာရင်းမှပယ်ဖျက်မည့် သတင်းထုတ်ပြန်ချက် တွေကို မြန်မာနိုင်ငံဆိုင်ရာ FLEG-T နှင့် MATA အဖွဲ့အစည်းတွေမှ ဦးဆောင်ပြီး တောင်းယူစစ်ဆေးသင့်နေပါပြီ။ ကာကွယ်တောစာရင်းမှ ပယ်ဖျက်မည့် သစ်တောဧက၅၆၀၀၀၀ အတွက် ဒေသခံများအတွက်၊နိုင်ငံတော်နှင့် ပြည်သူတွေအတွက် ဘယ်လိုအကျိုးပြုမှုတွေ ဖြစ်လာမှာလဲ???? အဲ့ဒီမြေနေရာတွေကို ဘယ်ကုမ္ပဏီတွေ၊ဘယ်အဖွဲ့အစည်းတွေ၊ဘယ်လိုတစ်သီးပုဂ္ဂလတွေက ရရှိသွားမှာလဲ??? ဘယ်သူ့လက် ဝကွက်အပ်ပြီး ဘာလုပ်မှာလဲ??? ဂရိတ်ဝေါကုမ္ပဏီက ရရှိထားတဲ့ ဓမ္မတာမျိုးဆက် သစ်တော ဧက၇၀၀၀ ကျော်မှာ ဧက ၁၀၀၀ ကို ခုတ်ထွင်ပြီး ယူကလစ်ပင်များ စိုက်ပျိုးပြီး ဖြစ်တယ်လို့လည်း စိမ်းရောင်စိုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစိုးဟိန်း ထံမှ ဒေတာအတိအကျနှင့် သိခဲ့ရပါတယ်။ ဒီဒေသတွေဟာ ဧရာဝတီမြစ်မင်းရဲ့ ရေဝေရေလဲ ဒေသတွေပါ။
ဧရာဝတီရဲ့ ရေဝေရေလဲ ဒေသက သစ်တောတွေကို ခုတ်ထွင်ပြီး ယူကလစ်စိုက်ပျိုးခြင်းဟာ သာမန်စီမံကိန်းတစ်ခုလို့ ရိုးရိုးလေး ရှုမြင်လို့ မရပါဘူး။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်ခွင့်ရအောင်အတွက် သွယ်ဝိုက်ကြိုးစားမှုဆိုင်ရာ ဧရာဝတီကို အလဲထိုး အရယူဖို့ ကြံစည်ခြင်း နှစ်ရှည်မဟာဗျူဟာတစ်ရပ်ရဲ့ အစိတ်အပိုင်းတစ်ရပ် လို့သာ ရှုမြင်သုံးသပ်ရမှာပါ။ ဧရာဝတီရဲ့ ရေဝေရေလဲဒေသတွေ တဖြည်းဖြည်း လက်သည်မပေါ်ဘဲပျက်စီးပြီး ဧရာဝတီမြစ်ကြီးကောမသွားအောင် ရေကာတာဆောက်လုပ်ပြီး ထိန်းသိမ်းရတော့မည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာအောင် ဖန်တီးယူမယ့် အနေအထားတစ်ရပ်ကို လှမ်းမြင်နေရပါတယ်။
တရုတ်နိုင်ငံဟာ ဧရာဝတီမြစ်ဆုံ စီမံကိန်း၊ ကူမင်း-ကျောက်ဖြူ ရထားလမ်းဖောက်မည့် စီမံကိန်းနှင့် တရုတ်နိုင်ငံတွင်း လေထုညစ်ညမ်းမှုကို အလွန်အမင်း ဖြစ်ပွားစေသည့်အတွက် ပိတ်သိမ်းတော့မည့် ကျောက်မီးသွေးစက်ရုံများ မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းဖွင့်လှစ်ရေး စီမံကိန်းတွေကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ဖို့ စိတ်ရှည်ရှည်ထားပြီး ရေရှည်စီမံကိန်းများဖြင့် ကြိုးစားနေမည်မှာ မလွဲဧကန် ဖြစ်ပါသည်။
မော့ဆက်က သေချာလေ့ကျင့် ပျိုးထောင်ပေးထားတဲ့ အလီကိုဟင် ဆိုတဲ့ သူလျှိုတစ်ဦးဟာ ဆီရီးယားနိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်တစ်ဦးလို့ ရှုမြင်သုံးသပ်ခံရပြီး ဆီးရီးယားရဲ့ တကယ့်စစ်ရေးမဟာဗျူဟာတွေကို ကြည့်ရှုလေ့လာခွင့် ရယူနိုင်အောင်ထိ အောင်မြင်မှုရခဲ့ဖူးပါတယ်။ ဒီတော့ ဆီးရီးယားတွေရဲ့ မဟာဗျူဟာတွေဟာ အလွန်ပြောင်မြောက်ပြီး ရှုပ်ထွေးနက်ရှိုင်းလွန်းတော့ မော့ဆက်ရဲ့ လက်ရွေးစင် အလီကိုဟင်က နားမလည်နိုင်အောင် ဖြစ်ရလို့ ဆီးရီးယား စစ်ခေါင်းဆောင်တွေကို အကြိမ်ကြိမ် ပြန်ရှင်းပြခိုင်းရပါတယ်တဲ့။ ဒါကြောင့် ယူကလစ်တွေ အလုံးအရင်းနဲ့ တစ်ရှူးမျိုးပွားခြင်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ နည်းပညာပံ့ပိုးရရှိမှု၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေနှင့် နောက်ကွယ်က ပံ့ပိုးနေတဲ့ ကြိုးကိုင်စီမံမှုတွေ ရှိမရှိ၊ငွေမည်းခဝါချမှုတွေ ရှိမရှိကိုပါ စနစ်တကျစစ်ဆေးသင့်ပြီလို့ ထင်ပါတယ်။
ညောင်ဦးမြို့နယ်ထဲက ဒေသခံ ကျေးရွာသားတွေကို ကျပန်းကောက်ယူ မေးမြန်းကြည့်တော့။ ယူကလစ်ပင် တွေကို ဘာလို့စိုက်ပျိုးတာလဲလို့ မေးတဲ့အခါမှာ သစ်တောစိမ်း/စို ကစိုက်ခိုင်းလို့ပါလို့ ဖြေဆိုပါတယ်။ ဒီအပင်တွေရဲ့ ဆိုးကျိုးကို သိပါသလားဆိုတော့လည်း မသိပါဘူးတဲ့။ သိလည်း မစိုက်ဘဲမနေရဲဘူးတဲ့။ အာဏာနဲ့ ခြိမ်းခြောက်စိုက်ခိုင်းတာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ စိုက်ပျိုးခ ပိုက်ဆံရပါသလားဆိုတော့ မရရှိပါဘူးတဲ့။ ကိုရီးယားအမျိုးသမီးတစ်ဦးက ရွာမှာကျောင်းဆောင်လေး တစ်ဆောင် ဆောက်လုပ်လှူဒါန်းထားပါတယ်တဲ့။ ဒီတော့ အားနာလို့ စိုက်ပျိုးပေးရတာပါတဲ့။ အဲ့ဒီကိုရီးယားလူမျိုး အမျိုးသမီးက စကားပြန်နှင့်အတူ မကြာခဏလည်း ရွာကိုလာပြီး ယူကလစ်ပင်တွေရဲ့ အခြေအနေကို ကြည့်ရှုလေ့ရှိပြီး ရွာသူရွာသားတွေနှင့်လည်း ရင်းနှီးနေတော့ သူမကို ကျေးဇူးလည်းတင် အားလည်းနာလို့ စိုက်ပေးတာပါတဲ့။ ဒါဟာ လူမှုရေးအာဏာပါဝါ(Social Power) ကို အသုံးချပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်အားတွေကို အခမဲ့ ယူငင်သုံးစွဲမှုလည်း ဖြစ်ပါတယ်။
ညောင်ဦးမြို့နယ် ချောင်းရှည်ရွာနားဝန်းကျင်မှာရှိတဲ့ လှည်းလမ်းကြောင်းတစ်လျှောက်၊လယ်ယာမြေများ နဘေးတစ်လျှောက်၊ သဲချောင်းအလယ်ခေါင် ခေါက်ချိုး တစ်လျှောက်၊ မြေကွက်လပ် ကွင်းပြင်များအပြည့်နှင့် ငလင်းပုတ်တောင် နှင့် ငလလင်းပုတ်ကွင်း တွေထဲမှာပါ ယူကလစ်ပင်တွေ အလုံးအရင်းနဲ့ စိုက်ပျိုးထားတာ ဟက်တာရာဂဏန်း ရှိပါတယ်။ ဒီလိုကိုယ်ကျိုးစီးပွားအတွက် စီးပွားဖြစ် စိုက်ပျိုးမှုတွေကို "Project For Greening Of The Dry Zone Of Central Myanmar " Contributed by The Republic of Korea For The Friendship and Cooperation Between Korean and Myanmar. လို့ ဆိုင်းဘုတ်ထူပြီး မင်္ဂလာယူထားပါတယ်။ ၂၀၀၄-၂၀၀၅ ပရောဂျက် ကာလအတွက် ၃၃၀ ဟက်တာ စိုက်ပျိုးပြီးစီးခဲ့ပြီး ၂၀၁၄ - ၂၀၁၅ ကာလအတွက် ဟက်တာ ၂၄၀ စိုက်ပျိုးပေးပါမည်တဲ့။(၁ဟက်တာ=၂.၄၇ ဧက)
ကျောက်ပန်းတောင်မြို့ဝန်းကျင်က ယူကလစ်ပင်တွေကို တစ်သားခုတ်ယူထုတ်လုပ် ပြီးဖြစ်ပါတယ်။ အဲ့ဒီယူကလစ်ပင်တွေဟာ ခုတ်လည်း ပြန်လည်ရှင်သန်ပေါက်ရောက်လာပြီး သူ့ဘာသာ ဆက်လက်ကြီးထွားလာနေတာကို တွေ့ခဲ့ရပါတယ်။ ကျောက်ပန်းတောင်းနယ်တစ်ကျောက တစ်သားထုတ်လုပ် ခုတ်ယူခဲ့သော ယူကလစ်ပင်တွေကို ဘယ်အဖွဲ့အစည်းတွေ၊ဘယ်နိုင်ငံတွေကို ရောင်းချခဲ့သလဲ??? ဝင်ငွေဘယ်လောက်ရခဲ့သလဲ??? ဒေသခံတွေရော ငွေကြေးဆိုင်ရာ အမြတ်အစွန်းဘယ်လောက်ဆီ (သို့မဟုတ်) ဒေသခံတွေရဲ့ အကျိုးစီးပွား၊တိုးတက်ဖွံ့ဖြိုးမှု တစ်စုံတစ်ရာ ဘာတွေရခဲ့သလဲ??? ဆိုတာလည်း မေးခွန်းထုတ်ရပါလိမ့်မယ်။ ဒီတော့အပူပိုင်းဒေသမှာ သစ်ပင်စိုက်တာလောက်ကတော့ နိုင်ငံခြားအကူအညီနဲ့ နည်းပညာတွေ မလိုအပ်ပါဘူး။ စိုက်ပျိုးခွင့်ပဲပေးပါ။ မြန်မာလူမျိုးတွေဟာ သစ်ပင်စိုက်ပျိုးခြင်းကို ဇရပ်ဆောက်လုပ်လှူတန်းတယ်လို့ သဘောထားတဲ့ လူမျိုးပါ။ မြန်မာပြည်အလယ်ပိုင်း စိမ်းလန်းစိုပြေရေးအတွက် အပူထုတ်ပြီး မြေဆီသြဇာ အလွန်စုပ်ယူ ဖျက်ဆီးတဲ့ ယူကလစ်ပင်တွေ စိုက်ပျိုးတာထက် သာလွန်ကောင်းမွန်အောင်တော့မြန်မာ့ပရဟိတ အဖွဲ့တွေက ကိုယ့်ငွေနဲ့ကိုယ် စောင့်ရှောက်ပေးနိုင်ပါတယ်။
ဒီယူကလစ်ပင်တွေဟာ ဘာဆိုးကျိုးမှ မရှိတဲ့၊ အလွန်သန့်စင်ကောင်းမွန်ပြီး အရွက်ကနေတောင် ရွှေထွက်နိုင်တဲ့ မျိုးဆက်သစ် GW-29 တွေပါလို့ တစ်ရှူးမျိုးပွား ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီရဲ့ ဝဘ်ဆိုက်မှာ တင်ထားတာကို ဖတ်ခဲ့ဖူးပါတယ်။ Ref; လိုချင်လို့ ပြန်လိုက်ရှာတော့ မတွေ့တော့ပါဘူး။ဒါပေမယ့် CSIRO အဖွဲ့ရဲ့ သုတေသနပြုချက်အရ ယူကလစ်ပင်ရဲ့ အမြစ်ဟာ မြေအောက်အတော်နက်နက်ထိဆင်းပြီး မြေသယံဇာတထဲမှာရှိတဲ့ ရွှေနှင့်တကွ သတ္တုမှုန်တွေကို စုပ်ယူပြီး အရွက်ထိရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်တဲ့။ဒါဆိုရင် ယူကလစ်ရွက်တွေထဲ ရောက်ရှိနေတဲ့ ရွှေနှင့်သတ္ထုတွေကို ထုတ်ယူနိုင်တဲ့ နည်းပညာရှိရင် ရွှေနှင့်သတ္ထုတွေကိုပါ တရားမဝင်ထုတ်ယူသွားနိုင်မည့် သဘောပါပဲ။ ယူကလစ်ပင်တွေဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ချမ်းသာကြွယ်ဝရေးအတွက်နှင့် သစ်တောသယံဇာတအတွက် သိပ်ကိုကောင်းကျိုးပွားစေမည့် အသင့်တော်ဆုံး သစ်ပင်လေးတွေပါလို့ ပြောချင်တယ်ဆိုရင် မေခွန်းတစ်ချို့ မေးချင်ပါတယ်။
အဲ့လိုမျိုးကောင်းရိုးကောင်း ယူကလစ်ပင်တွေကို သူတို့နိုင်ငံတွေမှာတင် ကြိတ်ပြီး မစိုက်ပျိုးမထုတ်လုပ်ဘဲနဲ့ မြန်မာပြည်မှာဘာ့ကြောင့် လာစိုက်ကြတာလဲ????? တစ်ရှူးမျိုးပွားပြီး ထုတ်လုပ်ထားတဲ့ အဲ့ဒီနှစ်ရှည်ပင် ယူကလစ်မျိုးတွေကို ဘယ်နှစ်နှစ်ကြာ သုတေသန ပြုလုပ်ထားပါသလဲ??? ဘယ်လိုမျိုးရီုးဗီဇတွေ ပြုပြင်ထားလို့ ဆိုးကျိုးလုံးဝမရှိပါဘူးလို့ ပြောနေတာလဲ???? ကုမ္ပဏီနှင့် ဋ္ဌာနဆိုင်ရာတွေရဲ့ လခစားဝန်ထမ်းလည်းမဟုတ်သလို သြဇာလွှမ်းမိုးမှု မခံရတဲ့ နိုင်ငံတကာနှင့် ပြည်တွင်းမှ ရုက္ခဗေဒ ပညာရှင်တွေ၏ စစ်ဆေးမေးမြန်းမှု၊စမ်းသပ်မှုတွေကိုရော GW-29 မျိုး ယူကလစ်တွေက ခံနိုင်ရည်ရှိမှာလား??? တရုတ်နိုင်ငံက ကင်ဆာမျိုးစုံကို ကုသနိုင်လို့ ကမ္ဘာမှာ မှတ်ပုံတင်ထားတဲ့ ၊ (မြန်မာနိုင်ငံက ရှမ်းနဲ့ ကချင်ပြည်နေတွေမှာ သဘာဝအလျှောက် ပေါက်ရောက်နိုင်တဲ့) ယူစ်းဆိုတဲ့ ထင်ရှူးပင်မျိုးတွေနှင့် တစ်ရှူးကာချာနဲ့ ပိုမိုအဆင့်မြှင့်တင်ထားတဲ့ ယူးစ်မျိုးတွေကို မြန်မာ့မြေမှာ လာစိုက်မပေးဘဲ တရုတ်နိုင်ငံထဲတင် ကြိတ်ပြီး စိုက်ပျိုးနေတာကရော ဘာလို့လဲ???? တရုတ်ပြည်ရဲ့ ပြည်ပကို ယူးစ်ဆိုတဲ့ ထင်းရှူးပင်လေး ခိုးထုတ်ရင် ပြစ်ဒဏ်က သေဒဏ်ဖြစ်တယ်လို့ သတင်းကြားဖူးထားပါတယ်။
ကိုရီးယားအဖွဲ့အစည်းတွေကရော ရှမ်းမြောက်ပိုင်း၊ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ဘာလို့ အဖိုးတန်ဂျင်ဆင်းမျိုးတွေ ယူလာစိုက်မပေးတာလဲ????(ကချင်ပြည်နယ်မှာ ဆေးဘက်ဝင် ဂျင်ဆင်းဟာ သဘာဝအလျောက် ပေါက်ရောက်ပါတယ်။) ဆိုတဲ့ မေးခွန်းကို အရင်ဆုံးမေးခွန်းထုတ်ကြည့်ချင်ပါတယ်။ ဈေးကောင်းရတဲ့ ကော်ဖီမျိုးတွေကို ပြင်ဦးလွင်မှာ မြန်မာနိုင်ငံသား ဝန်ထမ်းတွေရဲ့ နာမည်ခံခိုင်းပြီး မြေတွေဝယ်ပြီး ဘာလို့လာစိုက်တာလဲ။ ကိုရီးယားလူမျိုးတွေ စိုက်ပျိုးအခြေချပြီးစီးလို့ ထုတ်လုပ်နိုင်တဲ့ အနေအထားရောက်လာတော့မှ မြန်မာကော်ဖီစေ့တွေ နိုင်ငံခြားက အဝယ်လိုက်လာပြီး ဈေးကောင်းတွေရနေတာကရော ဘယ်လိုစေတနာ မေတ္တာမျိုးတွေနဲ့ လုပ်ဆောင်မှုတွေလဲ???? ကော်ဖီမျိုးကောင်းတွေကို မြန်မာတောင်သူတွေ စိုက်ပျိုးထုတ်လုပ် ရောင်းချနိုင်ပြီး ဆင်းရဲတွင်းက လွတ်မြောက်အောင် အကူအညီပေးခြင်းတွေမလုပ်ဘဲ လက်ကုန်လာနှိုက်တာ ဘာလို့လဲ???
LDCs နိုင်ငံများ လို့ အတိုကောက် အမည်တွင်တဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ၂၀၁၀ ခုနှစ် ညီလာခံမှာ ကိုင်ဆောင်တောင်းဆိုခဲ့တဲ့ ခေါင်းစဉ်က "Trade,No Aid. " ဆိုတာပါပဲ။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေဟာ ဖွံ့ဖြိုးမှု နိမ့်ကျကျန်နေခဲ့တဲ့ LDCs နိုင်ငံတွေကို အကူအညီတွေပေး၊ကျေးဇူးရှင်နေရာဝင်ယူ၊ ငွေကြေးမဟုတ်တဲ့ အခွင့်အရေးတွေ အများကြီးတောင်း၊သက်ဆိုင်ရာအာဏာပိုင်တွေကို လာဘ်ပေးပြီး အခွင့်အလမ်းမှန်သမျှကို လက်ကုန်နှိုက်ယူလေ့ရှိပြီး၊ ဒေသခံ နိုင်ငံသားတွေ ဖွံဖြိုးတိုးတက် ကြီးပွားသွားစေမယ့် Trade ဆိုတဲ့ ကုန်သည်ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ဖို့အတွက် အခွင့်အရေး ပေးလေ့မရှိကြဘူး ဆိုတာကို အဓိက ဆွေးနွေးသွားခဲ့တဲ့ ခေါင်းစဉ်တစ်ခုပဲ ဖြစ်ပါတယ်။
အာဖရိကတိုက်က ဆင်းရဲတဲ့ နိုင်ငံတွေမှာလည်း ယူကလစ်တွေကို စမ်းသပ်စိုက်ပျိုးတယ်လို့ အမည်ခံပြီး စက်မှုဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေက ဟက်တာထောင်ချီ စိုက်ပျိုးထုတ်လုပ် ယူဆောင်သွားပြီး ကြပါပြီ။ အရင်တုန်းကရော အခုရော အနောက်နိုင်ငံတွေက ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို ကူညီခြင်းအမည်ခံပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့ နမူနာလုပ်ရပ်တွေအတိုင်း အာရှကျားလို့ အမည်တွင်နေတဲ့ နိုင်ငံတွေက မြန်မာနဲ့ တကွ အာဆီယံထဲက ဆင်းရဲတဲ့ နိုင်ငံတွေဆီကို လာပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်နေကြပါတယ်။ သက်ဆိုင်ရာ အာဏာနှင့် လုပ်ပိုင်ခွင့်ရှိနေတဲ့ ပုဂ္ဂိုလ်များအနေဖြင့်လည်း ယူကလစ် စိုက်ပျိုးမှုနှင့် ပတ်သတ်ပြီး မိမိနိုင်ငံကိုတန်ဖိုးထားတဲ့ National Value System နှင့် အဆုံးအဖြတ်ပြုမလား မိမိနှင့် မိမိ မိသားစု တစ်ကွက်စာကို ကြည့်တဲ့ Family Value System နှင့် အဆုံးအဖြတ် ပြုကြမှာလားဆိုတာကိုလည်း ပြန်လည်စမ်းစစ်ကြစေချင်ပါတယ်။
နေထက်ထက်အောင်
(ဆောင်းပါးဖြစ်မြှောက်ရေးအတွက် အကူအညီပေးခဲ့ကြသော Dr.ငြိမ်းမြ၊ Dr. ကလျာ၊ကိုခန့်ဇော်ထက်(စိုက်ပျိုးရေးအကြံပေးအဖွဲ့)
တို့ကို ကျေးဇူးအထူးတင်ရှိပါသည်။)
Ref;
1.Effects Of Eucalyptus Plantations On Soil Arthropod Communities In A Brazilian Atantic Forest Conservation Unit.By Rodrigo CAMARA;Maria Elizabeth Fernandes CORREIA;Dora Maria VILLELA.
2.Impact Of Eucalyptus Globulus and Eucalyptus Camaldulensis Small Scale Plantations On Chemical And Physical Soil Properties And On Soil Hydrological Parameter In The Highland Of Ethiopia A Comparision With Other Land-Use System. BY Zerfu Hailu; Monika Sieghatdt;Helmuth Schume;Franz Ottner;GethardHlatzel;Biruktayet Assefa And Tenaw TedelaHailu
3. Impact Of Eucalyptus Globulus Plantations On Physiology And Population Densities Of Invetebrates Inhabitiong Iberian Atlantic Streams.
4. Impact Of Pine And Eucalyptus Forest Plantations On Soil Organic Matter Content In SwaZiLand-Case Of Shisel Weni Forests.
5.Water Use,Water Limitation And Water Use Efficiency In A Eucalyptus Plantation.
BY JOSE LUIZ STAPE;DAN BINKLEY; MICHAEL G. RYAN;ANTONIO DO NASCIMENTO GOMES
6.Short-Rotation Eucalypt Plantations In Brazil: Envirinmental Issue.
7.Effect Of Exotic Tree Plantationson Plant Diversity And Biological Soil Fertility In The Congo Savanna. With Special Reference To Eucalypts.
8.Forest Stewardship Series5.Tree Growth And Competition. University of California And Natural Resources. http://anrcatalog.ucdavis.edu.
9.ပြင်ဦးလွင်ကို ဒုက္ခပေးလာမည့် ယူကလစ်တော။ ဒေါက်တာကျော်ထွန်းသန်း (ဧရာဝတီ ဘလော့ဂ် July1;2014 )
10. ကြီးမြန်ယူကလစ်ကုန်ကြမ်း ဂရိတ်ဝေါ ဝယ်ယူမည်။(The Myanmar Times Oct25;2014 )
11.မြန်မာ့စိုက်ပျိုးရေးမှတ်တိုင်အဖြစ် သစ်ပင်များအား တစ်ရှူးမျိုးပွားခြင်း။ သံလျှက်(Dec16;2010)
12.စိမ်းရောင်စိုအဖွဲ့ ဧရာဝတီမြစ်ဝှမ်းဒေသအား လေ့လာစမ်းစစ်သုတေသနပြု ခြင်းစာတမ်uး


Credit to> Nay Htet Htet Aung

No comments:

Post a Comment