Thursday, June 25, 2015

ကလေးရှိတဲ့မိဘများ သတိထားနိုင်ဖို့


(ဖြစ်ရပ်မှန်)
SSC မှာ ၈.၃.၁၅ ဒီနေ့ဖြစ်တာလေးပြောပြမယ်နော်။ ညနေ ငါးနာရီလောက်က ကလေးဆေးခန်းသွားပြဖြစ်ခဲ့တယ် ထုံးစံအတိုင်းကားရပ်စရာမရှိ ကားပြန်ပတ်ရမယ်။ ဆိုတော့လိုက်မသွားတော့ပဲဆေးခန်းမှာပဲကလေးနဲ့
ဆင်းနေခဲ့လိုက်တော့တယ် နံပါတ်ကလည်း ၄ ရထားတာ
ဆိုတော့မြန်မြန်ပြီးလောက်တယ်ပေါ့လေ။

စာအုပ်ထပ်တဲ့နေရာရောက်တော့လူကအတော်များနေပြီ ခါတိုင်းတော့ရောက်တာနဲ့စာအုပ်ကလေးပြပြီးပေါင်တန်း
ချိန်တာပဲ ဒီနေ့ကျစာအုပ်ယူမယ့်ကောင်မလေးတွေ
တယောက်မှလည်းမတွေ့ပဲစောင့်နေလိုက်ရတယ် ပြသနာကအဲ့မှာစတာပဲ ။
ကိုယ့်ဟာကိုယ်ကလေးပုခုံးပေါ်တင်ချီရင်းမတ်တပ်ရပ်စောင့်နေတုန်းဗြုန်းဆို
ကောင်တာရှေ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဆေးခန်းစောင့်နေတဲ့
လူအုပ်ထဲကမိန်းမကြီးတယောက်ကအနားအတင်းကပ်ပြီးကလေး ကိုဖက်နမ်းမလိုလာလုပ်တယ် ။သူ့ကြည့်တော့လည်း လူမမာပုံစံနဲ့ ဆိုတော့ကိုယ်လည်းခပ်ပြုံးပြုံးနဲ့ပဲ ကလေးကိုဘက်ပြောင်းချီပြလိုက်တာပေါ့ ။
အဲ့ဒါလည်းရပ်မသွားဘဲကလေးပြောင်းတဲ့ဘက်လိုက်လာပြီးလိုက်
ဆွဲပြန်ရော ဆွဲမရအောင်ကလေးလက်တွေသိမ်းပြလည်း မရနဲ့ရှုပ်ရှက်ကိုခတ်နေတာပါပဲ ကလေးလည်းစိတ်ညစ်ပြီးလန့်နေပြီ ။
အဲ့လိုနေတုန်းမှာပဲကလေးပေါင်ချိန်လို့ရပြီတဲ့ အတော်ပဲပေါ့ ဝမ်းတောင်သာသွားတယ် မကြာပါဘူး ပေါင်ချိန်စက်ပေါ်
ကလေးတင်ရုံရှိသေး ဘေးနားကတောက်လျှောက်ကပ်ရှုပ်တော့တာပဲ ။
ကလေးကစက်ပေါ်တင်တာမဆန့်ပဲခြေထောက်နဲ့စားပွဲထိနေတော့ တိုင်းတာမမှန်မှာစိုးလို့အပေါ်ဆွဲတင်ရတာကတမျိုး သူစိမ်းတယောက် အတင်းလာကိုင်နေတော့ကလေးထငိုတာကတမျိုး ဒီကြားထဲ ကလေးကိုမထိထားနဲ့ လွှတ်ပါလို့ပေါင်ချိန်တဲ့ကောင်မလေးကပြောနေ
တာကို အမေလုပ်တဲ့သူကလွှတ်နေပြီ သူကခြေထောက်က
ကိုင်လိုက် ပေါင်ကဖိလိုက်နဲ့ ဘယ်လိုကိုလာလုပ်နေ
မှန်းမသိဘူး ကလေးငိုပြီးလှုပ်နေလို့ ချော့ရတာနဲ့ ပေါင်ချိန်လို့မရတာနဲ့ အဲ့မိန်းမလာလုံးပြီးလိုက်ချော့နေလို့တားရတာနဲ့ တကယ်လေ စိတ်ပျက်ဖို့ကောင်းလိုက်တာ။
နောက်ဆုံးဘယ်လိုမှသည်းမခံနိုင်အောင်နှောက်ယှက်နေလို့
မကိုင်ပါနဲ့ နေပါ ကိုယ့်ဟာကိုယ်လုပ်ပါ့မယ်ဆိုပြီးအော်မှပဲ မဖယ်ချင် ဖယ်ချင်နဲ့ဖယ်တော့တယ်။ ဖယ်ပြီးဘယ်မှာသွားထိုင်လဲဆိုတော့ ပေါင်ချိန်ပေးတဲ့ကောင်မလေးတွေထိုင်တဲ့ခုံတွေဘက်မှာဝင်ထိုင်တယ်။
အဲ့ဒီမှာမှစပြီးစိတ်ထဲတမျိုးဖြစ်လာတယ် သူ့ဟာကသူ့ကိုစတွေ့တဲ့
လူအုပ်ထဲလည်းပြန်မသွား ဆေးခန်းပြဖို့ကလေးလည်းပါလာပုံ
မရဘူးကိုး ။ကိုယ့်ကိစ္စကိုယ်လည်းမလုပ်သူ့အာရုံကကိုယ့်ကလေးဆီမှာ ပဲလာဝဲပြနေတော့မူမမှန်လောက်ဖူးထင်ပြီး ကလေးနောက်တခေါက် ပေါင်ပြန်ချိန်တော့စက်ကိုင်တဲ့ကောင်မလေးကိုပြောပြဖြစ်တယ်။
ကောင်မလေးကလည်းအမတို့အိမ်သားမှတ်လို့ သူကြည့်နေတာတဲ့ ဟုတ်တယ် သူလုပ်နေတဲ့ပုံက ဘေးကကြည့်ရင်သူနဲ့ပဲအတူလာသလို တခုခုတော်သလိုလိုပုံမျိုးဖြစ်နေတယ် ။
ကလေးကတော့သူ့စနက်နဲ့တခါမှမဖြစ်စဖူး ငိုယိုပြီးဒုတိယ အကြိမ်ပေါင်
ချိန် တာလည်းမရပြန်တာနဲ့ပဲတခြားလူတွေအလှည့်ပေးရင်းကောင်တာရှေ့ ကလှည့်ထွက်လာခဲ့လိုက်တယ် ဝေးဝေးမသွားပဲ လူရှိနေတဲ့
ဆေးရောင်းတဲ့ကောင်တာနားလေးမှာပဲစောင့်ပြီး အခြေအနေ လှမ်းကြည့်လိုက်တော့ အဲ့မိန်းမနောက်လူတယောက်နားသွားထိုင်နေ
ပြန်ရော အတူလာပုံတော့မရပါဘူး။ တခွန်းနှစ်ခွန်းပြောပြီးဆက်
မပြောကြတော့ဘူးလေ။
ခဏလေးနေတော့ကားသွားရပ်တဲ့ယောင်္ကျား ရောက်လာတယ် ။ကိုယ်လည်း အားရှိသွားတယ်။အဲ့မိန်းမကိစ္စအကျိုးအကြောင်းလည်းပြောပြလိုက်တယ် လူကိုတော့မပြဖြစ်လိုက်ဘူး ကြည့်လိုက်တော့ဆေးခန်းကကောင်မလေးကို ဘာတွေပြောနေမှန်းမသိဘူး ။ကိုယ့်ဆီလည်းလက်ညှိုးတထိုးထိုးနဲ့ အမှန်ကပေါင်ထပ်ချိန်ခိုင်းဖို့ကောင်မလေးကကိုယ့်ကိုလိုက်ရှာနေတာကို သူကစကားလက်ခံပြောနေတာ။
ယောင်္ကျားရောက်လာတာလည်းသူမသိလိုက်ဘူး။ထင်ပါတယ်
ပြောလည်းပြော ပြလည်းပြနဲ့ လူကိုပါလာခေါ်ဖို့ပြင်တာတွေ့လိုက်တယ် ။ ဘာလို့ဆိုသူတန်းတန်းမတ်မတ်ကိုယ့်ဆီလျှောက်လာနေပြီလေ ။ အဲ့လိုနဲ့ယောင်္ကျားလည်းရောက်နေပြီဆိုတော့သူ့ကိုသိပ်အရေးမထားဖြစ်ပဲ ကလေးပေါင်ချိန်ပြီးမှပဲပြန်ရှာဖြစ်တော့တယ်။
ဒါပေမယ့်သူကမရှိတော့ဘူး။ အဲ့ကျမှဟိုမိန်းမမရှိတော့ဘူး ။ယောင်္ကျားရေပြတောင် မပြမိလိုက်ဘူးလို့ပြောရုံရှိသေး ငါသိလိုက်တယ်တဲ့ ။ ဟုတ်လား ဘယ်လိုလုပ်သိလဲ မိန်းမအနားကပ်လာတာတော့သိတယ်။ နောက်တော့သတိမထားမိလိုက်ဘူး ပျောက်သွားတယ်ဆိုတော့ ။
ဟုတ်တယ်အဲ့မှာသိလိုက်တာတဲ့ မိန်းမရှေ့လှည့်နေတုန်းနောက်ကနေ
ကလေး ကိုလိုက်နှိုက်နေတာတဲ့ ငါစောင့်ကြည့်နေတာသူမသိဘူးတဲ့ ။ ကလေးကိုမိန်းမဆီကပြောင်းချီလိုက်ပြီးခဏလေးမျက်ခြေပြတ်သွားတုန်းပျောက်သွားတာတဲ့ ဟုတ်ပါတယ် တကယ်ပဲလုံးဝမတွေ့တော့ဘူး မြန်ချက်များ။
ကလေးကအဖေပေါ်ရောက်သွားတော့ မိဘ နှစ်ယောက်စုံသွားတာ ပဲသိသွားလို့များလား တခုခုပါပဲ။ နောက်ဆုံးအားလုံးပြန် စဉ်းစားကြည့်တော့ ဒီမိန်းမဟာသာမန်မသိတတ်တာမျိုးဆိုရင် သိပ်ကိစ္စမရှိပေမယ့် တကယ့်အကြံအစည်နဲ့သာဆို ကြောက်စရာပါ။
ကလေးအမေနဲ့ပြောရင်းဆိုရင်းဝင်ရောရင်းနဲ့ တို့ဆေးသုံး ပိုက်ဆံတောင်းနိုင် သလို ကလေးလည်းသူခေါ်သွားနိုင်ပါတယ် လူကိုဘာမှမ လုပ်ပဲကလေးတွေ ရဲ့ဖြုတ်ရလွယ်တဲ့ရွှေတိုရွှေစလေးတွေအတွက်လည်းကြံစည်နိုင်ပါတယ်။
ဆေးခန်းဆိုတာကလည်းလူများများ နည်းနည်း သူ့လူကိုယ့်လူခွဲဖို့ခက်
ပါတယ် ကလေးတွေလာပြတာဆိုတော့ပိုခက်ပါတယ် မိဘတွေအပြင်မှာမှ အဖွားတွေ အမတွေ အဒေါ်တွေ အကူတွေပါလာတတ်တာသဘာဝမို့ပါ။
နောက် ကလေးကိုချစ်သလိုလိုမြူသလိုလိုနဲ့ မေးကြမြန်းကြခင်မင်ကြ
ဆိုတော့ လူဆိုးလူကောင်းခွဲခြားရစွပ်စွဲရသိပ်ကိုခက်ပါတယ် ။ ဒါကြောင့်ဒီနေ့အဖြစ်အပျက်လေးကဘာမဟုတ်တဲ့အကြောင်းအရာလေး
ဖြစ်နိုင်သလို ကိုယ့်ကလေးတစ်ယောက်လုံးလည်းလုံးဝဆုံးရှုံးသွားနိုင်ပါတယ်။
အဖေအမေဆိုတာကလည်းကိုယ့်ကလေးကိုချစ်ကြောင်း ခင်ကြောင်းပြ
ရင်ေ ကျနပ်တတ်ကြတာမို့ဝင်ရောဖို့သိပ်လွယ်တဲ့အစားပါ ကိုယ်ကိုယ်တိုင်
ကတော့ စူပါမားကတ်တွေသွားရင်တောင် ကလေးကိုသူ့အဖေတလှည့်ချီရင် စိုးရိမ်ပြီးမှာတတ်လို့ပါ ဈေးဝယ်စင်တာတွေမှာလည်း တူတူလာကြပေမယ့် သူလိုတာကိုယ်လိုတာရှာဝယ်ရင်းခဏတဖြုတ်တော့လူကွဲတတ်ကြလို့ ကိုယ်တိုင်လည်းကလေးနဲ့ကိုယ်နဲ့နှစ်ယောက်တည်းဖြစ်သွားရင်သတိ
ထားရပါတယ်။
ဘာပစ္စည်းလိမ်ယူလုယူသွားသွားအကြောင်းမဟုတ်ပေမယ့်ကလေး
ပျောက်လူပျောက်ဆိုတာဘာနဲ့မှအစားထိုးမရ ဖြေသိမ့်မရပါဘူး။ ပြန်တွေ့အောင်ရှာပေးနိုင်တဲ့နိုင်ငံလည်းမဟုတ်ပါဘူး ယောင်္ကျားတွေ
မိန်းမတွေ ဝတ်ကောင်းစားလှနဲ့ဈေးဝယ်ထွက်ပြ လမ်းလျှောက်ပြနေ လည်းမယုံပါနဲ့ ခုခေတ်မသမာသူတွေ မစုတ်ပြတ်တော့ပါဘူး ။
ဒါ့ကြောင့်ကလေးမိဘတွေ အဖိုးအဖွားတွေ ဆွေမျိုးသားချင်းတွေ ကိုယ်နဲ့ပါလာတဲ့ကလေး ကိုယ့်ဟာကိုယ်ဂရုစိုက်ကြပါ ကလေးတွေဟာ
အင်အားနည်းတဲ့အရွယ်လေးတွေနုနယ်တဲ့အရွယ်လေးတွေ
မို့ ကိုယ်မှီခိုနေကျရင်ခွင်နဲ့ကွဲကွာပြီး မသမာသူတွေ
လက်ထဲများရောက်သွားရင် ဘယ်လောက်ခံစားကြရမယ် ဘယ်လောက်စိတ်ဆင်းရဲဒုက္ခရောက်ကြရမယ်ဆိုတာ စကားနဲ့မပြောနဲ့ အတွေးနဲ့တောင်အင်မတန်နာကျင်စွာနဲ့တွေးကြည့်ရတာပါ ။
လူမဆန်တဲ့လူတွေပေါများလာတဲ့လူ့လောကကြီးမှာ မိမိရင်သွေး မိမိမိသားစု မိမိပတ်ဝန်းကျင်ကို အကောင်းဆုံးစောင့်ရှောက်ရင်း လုံခြုံမှု နွေးထွေးမှုနဲ့ မေတ္တာတရားတွေလက်ဆင့်ကမ်းနိုင်ကြပါစေလို့
ဆုတောင်းရင်း ဒီကနေ့အဖို့ကံကောင်းထောက်မစွာ
နဲ့ပဲ ဆင်ခြင်စရာအသိတစ်ချက်ဝေငှနိုင်ခဲ့ပါပြီ .....။
Credit to May Khine San

No comments:

Post a Comment