Thursday, June 25, 2015

ရွှေတိဂုံနှင့်ဒဂုံစီးတီး (၇)


ကျွန်တော့်ရဲ့ပထမမဟာဘွဲ့ယူစာတမ်း ကိုမြေပြိုကျခြင်း (landslid) နဲ့တင်ခဲ့တယ်၊ ဒုတိယဘွဲ့ကိုလည်း landslide နဲ့ထပ်တင်တယ် ၊ တတိယဘွဲ့ကိုလည်း landslide နဲ့ထပ်တင်ဖို့လုပ်နေတယ်။ အဲ့ဒိတော့အခုရက်တွေ အိပ်မက်မက်ရင်တောင် ရွှေတိဂုံ
ဘုရားကြီးရဲ့ကုန်းတော်ပြိုလို့ဆိုအိပ်မက်မက်ခဲ့တယ်။ တကယ်လည်းရွှေတိဂုံဘုရား
အတွက် အကြီးမားဆုံးအန္တရာယ်ဟာ ကုန်းတော်ပြိုကျခြင်းပါဘဲ ။ အရင်ကလည်း
ပြိုခဲ့ဖူးတယ်လို့သိမှီသူတွေကပြောကြတယ်။

အပူပိုင်းမုတ်သုန်ရာသီဥတုမှာရှိတဲ့ကျောက်ပျော့သား (soft rock) ကုန်းမြေတွေဟာ
လျောစောက် (slope) ၁၅ ဒီဂရီ ရှိရုံနဲ့ကိုပြိုတတ်ကြပါတယ်။ အပိုင်း ၁ မှာဖေါ်ပြခဲ့
သလိုပါဘဲ တချို့ slope တွေဟာ သဘာဝပေါက်ပင်တွေက မြေထိန်းနံရံ (retaining
wall ) သို့မဟုတ် မြေထိန်းဇကာ (slope net) တွေလိုတောင့်ခံထားလို့မြေမပြိုတာ
ဖြစ်ပါတယ် ။ landslide အမျိုးမျိုးကို ပုံ (၁) မှာဖေါ်ပြထားပါတယ်။
landslide ဖြစ်ပေါ်ပုံခြင်းမှာ mechanism 3 မျိုးရှိပါတယ် rotational side,
translational slide နဲ့toppling တို့ဖြစ်ပါတယ် ။ ပုံ (၃) ပါ rotational slide ကို
soft rock ဒါမှမဟုတ် soil slope တွေမှာတွေ့ရပြီး translational slide နဲ့
toppling failure ကိုတော့ hard rock တွေမှာတွေ့ရပါတယ်။ ရွှေတိဂုံကုန်းတော်
ဟာ soft rock ဖြစ်လို့ rotational slide နဲ့ပြို နိုင်တာပါ ။ translational slide နဲ့
toppling ကိုတော့ ကျိုက်ထီးရိုးတက်တဲ့ လမ်းတလျောက်မှာတွေ့နိုင်ပါတယ်။
လူတွေတည်ထားကိုးကွယ်တဲ့စေတီတွေ ဖြစ်နေလို့ နတ်တွေသိကြားတွေက
စောင့်ရှောက်တယ်ဆိုတာထက် လူတွေကစောင့်ရှောက်ရင်ပိုသင့်တော်ပါလိမ့်မယ် ပိုအကျိုးရှိပါလိမ့်မယ်။
Translational slide တွေကို force equilibrium method တွေနဲ့တွက်ချက်ယူပြီး
rotational slide ကိုတော့ moment equilibrium method နဲ့တွက်ယူပါတယ်။
rotational slide မှာ slide ဖြစ်တော့မယ်ဆိုရင် slip plane တွေဦးစွာဖြစ်လာပါတယ်။
slip plane ဘယ်လိုပုံဖြစ်မလဲဆိုတာကတော့ ကုန်းမြေရဲ့အမြင့် ၊ slope angle နဲ့ မြေသားရဲ့ခံနိုင်ရည် (shear strength) နဲ့ သိပ်သည်းစ (density) တို့ပေါ်မှာ
မူတည်နေပါတယ် ။ ပုံ ၂ မှာဖေါ်ပြထားပါတယ် ။ rotational slide ကို ကိုတွက်ချက်
တဲ့ နည်း ၁၀ခုထက်မနည်း ရှိပါတယ်။
အဲ့ဒိထဲမှာတော့ slice method တစ်ခုကိုမိတ်ဆက်ပေးပါရစေ ။ ပုံ (၄) ကိုကြည့်ပါ။
slope တစ်ခုကို slice တွေခွဲပြီး အဲ့ဒိ slice တစ်ခုခြင်းစီရဲ့ driving moment နဲ့
resisting moment ကိုရှာရတာပါ ။ အရောင်ချယ်ထားတဲ့ slice အတွက်သူ့ရဲ့
အပေါ်ကို slice က driving moment ဖြစ်ပြီး အောက်က slice ကတော့ resisting moment ဖြစ်ပါတယ်။
ကဲ ... ဒဂုံစီးတီးဆောက်လို့မြေအောက်ရေပြင်နိမ့်ကျသွားပါမယ်တဲ့ အောက်က
slice က သူ့ရဲ့ density ကျသွားပါမယ် ။ density ကျသွားခြင်းဖြင့် resisting
moment ကျသွားမယ်လို့တွက်ယူပြီး landslide ဖြစ်နိုင်ဖို့အလားအလာအများကြီး
ရှိပါတယ် ။ အခုခေတ်မှာ 3D Finite element software တွေအများကြီးရှိနေတဲ့
အတွက် developer အနေနဲ့သက်သေပြဖို့တွက်ကြည့်လိုက်ပါ ။ Investigation
cost အပါအ၀င် analysis cost ဟာ Project cost ရဲ့ ၀.၁ ရာခိုင်နှုန်းတောင်
ရှိမယ်မထင်ပါဘူး။
ကျွန်တော်မှာ့ကြောက်ရမဲ့ အကြောင်းအရင်းတစ်ခုရှိပါတယ် ။
မလေးရှားက Highland Tower ဟာ ၁၉၈၂ ခုနှစ်မှာဆောက်လို့ပြီးစီးခဲ့ပြီး ၁၉၉၃ ခုနှစ်မှာပြိုကျခဲ့ပါတယ် ။ ပုံ (၅)၁၀ ကျော်ကြာမှပြိုတာပါ ။ ပြိုကျရခြင်းအကြောင်း
အရင်းက နောက်ဘက်မှာ ရှိတဲ့ slope ပြိုလို့ပါ ။ slope ပြိုရတဲ့အဓိကအကြောင်း
အရင်းက upper slope မှာစီမံကိန်း တစ်ခုအတွက် တောရှင်းခြင်းကြောင့်ပါ။
ပုံ (၆) မှာတောရှင်းထားတာကိုမြင်နိုင်ပါတယ်။ အဲ့ဒိတောင်ဟာ နှမ်းဖတ်ကျောက်
(granite)များနဲ့ဖွဲ့စည်းထားတာပါ ။ ဒါပေမဲ့ အပေါ်ယံကတော့ granite က ဖြစ်
လာတဲ့ clayey sand ပါ ။ ရွှေတိဂုံကုန်းတော်နဲ့အခုဆောက်လုပ်ရေးလုပ်ငန်း
ကမြေမျိုးပါ။ အပူပိုင်းမုတ်သုန်ရာသီဥတုမို့မိုးရွာတဲ့အချိန်မှာမိုးရေများဟာ အပြောင်ရှင်းထားတဲ့နေရာကနေ အကုန်စီးဝင်ပါတယ်။ clayey sand ဆိုတဲ့မြေမျိုး
ကလည်း ရေစိမ့်ဝင်ရုံတင်မက ရေထိန်းသိမ်းထားဖို့ပါ ကောင်းတဲ့မြေမျိုးပါ ။ စိမ့်ဝင်တဲ့မိုးရေကြောင့်မြေသားကပွပြီး မြေထိန်းနံရံကိုတွန်းကန်ပါမယ်။ မြေထိန်း
နံရံမခံနိုင်တဲ့အဆုံး မြေထိန်းနံရံအရင်ပြိုပါတယ်။ မြေထိန်းနံရံ ပြိုပြီးပေမဲ့မနေပါဘူး။
ရေစိမ့်ဝင်လို့အဆောက်အဦးအောက်ခြေမှာ ပွနေတဲ့မြေသားတွေက pile ကိုတွန်း
ပါတယ်။ နောက်ဆုံး pile ဟာ tension ကိုမခံနိုင်ဘဲ တိုက်ပြိုတဲ့ အထိရောက်သွား
ပါတယ်။ ပုံ(၇)ပါ။ ရွှေတိဂုံနဲ့ကတော့ အထက်အောက်ပြောင်းပြန်ပါ။ ဒါပေမဲ့
ဦးထောင်ဘိုဘက်က တိုက်ပြိုရင် မဟာဝိဇယကစပြိုပါမယ် ။ အဲ့ဒိမှာအောက်ခြေပိုင်း
resisting moment ပျက်သွားတဲ့အခါ ရွှေတိဂုံကုန်းတော်ပါ successive failure
ဖြစ်ပြီး ပြိုနိုင်ပါတယ်။ အဲ့ဒိလိုမျိုး project area မှာမြေရှင်းလို့ slope failure ဖြစ်ရင်
တောင်ဘက်နဲ့ အနောက်ဘက်က အဆောက်အဦးတွေက အရင်ပြိုမှာပါ။
ကျွန်တော်ဒီစာတွေရေးသားတယ်ဆိုတာ potential failure များကိုမဖြစ်အောင်
ကြိုတင်ကာကွယ်ဖို့သတိပေးရေးသားခြင်းပါ။ အခုလောက်ထိလည်း လူတွေ
စိတ်ဝင်စားမယ်လို့မတွေးထားသလို forum မှာဆွေးနွေးဖြစ်ကြလိမ့်မယ်လို့လည်း
မထင်ပါဘူး ။ ကျွန်တော်လည်း ဒါဟာတွေရေးဖို့ အချက်အလက်တွေစုဆောင်းရ ဓါတ်ပုံတွေပြင်ဆင်ရနဲ့ တပိုင်းရေးပြီးရင်နောက်တပိုင်းရေးနိုင်ဖို့မနည်းအားထုတ်
ရပါတယ်။
ဒီ project ဟာအခုထိ ဘယ်သူတွေပါဝင်ပတ်သက်နေလို့ ဘယ်ကုမ္မဏီတွေက
ဝင်လုပ်နေတယ်ဆိုတာ သေချာမသိပါဘူး ။ Marga Land ဆိုတဲ့ နာမည်သာ
Facebook မှာကြားဖူးတာပါ ။ဘယ်သူတွေပိုင်လို့ ဘယ်မှာမှတ်ပုံတင်ထားတယ်
ဆိုတာမသိပါဘူး ။ နောက်တစ်ခုက ဒီစာရေးလို့ငွေကြေးသော်လည်းကောင်း တခြားအကျိုးစီးပွားသော်လည်းကောင်း ဖြစ်လာမှာမဟုတ်ဘဲ လူသာအန္တရာယ်
ဖြစ်လာမယ်ဆိုတာကိုနားလည်ပြီးသားပါ ။ ဒါပေမဲ့ ရေးသင့်ရေးထိုက်လို့ရေး
ပါတယ် ။ သိသင့်သိထိုက်တဲ့သူကို သိစေချင်ပါတယ်။
ကျွန်တော်မြန်မာပြည်က အလုပ်တွေနဲ့ပတ်သက်ဖို့ နှစ်အနည်းငယ်ကြာဦးမှာပါ။
ဒီကြားထဲမှာ ပိုက်ဆံဘယ်လောက်ရရ ပြန်မလာနိုင်သေးပါဘူး ။ ကတိတစ်ခုကြောင့်
ပါ။ အဆုံးထိနေပါ့မယ်လို့ ကတိရှိတဲ့အတွက်ကျွန်တော့်လုပ်ငန်းပြီးဆုံးတဲ့ထိနေရမှာပါ။ နိုင်ငံရေးသမားဆိုတာလည်းကျွန်တော့်ဝါသနာမဟုတ်သလိုဘယ်တုန်းကမှလည်း
လုပ်ဖိ့စိတ်မကူးပါဘူး ။ မနက်ကတစ်ယောက်ပြောပါတယ် ။ Project မှာခေါ်ခန့်
လိုက်ရင် ငြိမ်သွားမယ် ၊ project မှာပါရအောင် ခွင်ရှာနေတာဆိုတာပါ။ နေ့တိုင်း
ဘုရားမရှိခိုးနိုင်မရွတ်ဖတ်နိုင်ပေမဲ့ ဘုရားဟောတရားတော်တွေကို အမြဲတမ်းနှလုံး
သွင်းထားတဲ့သူပါ ။ အသေ၀နာစ ဗာလာနံတဲ့ ။ ငွေဘယ်လောက်ရရ လူမိုက်တွေနဲ့
ကျွန်တော်အလုပ်မလုပ်ပါဘူး ။ ဆဲဆိုတဲ့သူတွေကိုလည်း ကျွန်တော်တုန့်ပြန်ဆဲ
ဆိုမှာမဟုတ်ပါဘူး ။
မိဘကလည်း ငယ်ငယ်ကတည်းကမဆဲအောင်ရုန့်ရင်းကြမ်းတမ်းတဲ့စကားကို
မပြောအောင် သင်ထားသလို ကျွန်တော်တက်ခဲ့တဲ့ ကျောင်းက ဆရာတိုင်းကလည်း ဆဲဆိုရိုင်းစိုင်းတာကို မကြိုက်ခဲ့ပါဘူး ။ ကျွန်တော်နဲ့ပတ်သက်တဲ့သူတွေသိပါတယ် မဆဲတတ်တဲ့အကြောင်းကို ။ ရွှေတိဂုံ နှင့် ဒဂုံစီးတီးကို ဒီမှာတင်ဘဲ နိတ္တိတံ
ပါတယ်။ အားလုံးဘဲကျန်းမာရွှင်လန်းပြီးသူတော်ကောင်းတရာများအားထုတ်
  နိုင်ကြပါစေ။
ေေေ ရေးသားတင်ပြသူ-Kyaw Swar Myint Thein.

No comments:

Post a Comment