Thursday, June 25, 2015

ဒိဋ္ဌိသစ်ငုတ်အမြစ်ဖြုတ်


ဒီကနေ့ဒိဋ္ဌိသတ်တရားဟောရမယ်။ ပေါ့ပေါ့တန်တန် မမှတ်ကြနဲ့လို့ ကြိုတင်သတိပေးလိုက်ပါတယ်။ ဒီနေ့ ပထမ ဒိဋ္ဌိပြုတ်အောင် ဟောရမယ်။ နောက်ဒိဋ္ဌိပြုတ် ပြီး သောတာပန်ဖြစ်အောင် ဟောမယ်။
ဘုရားရှင် ပွင့်တော်မမူခင်အခါက ဒိဋ္ဌိချည်းပဲများတယ်။ ဘုရားပွင့်တော့ ဒိဋ္ဌိတောရှင်းနေရတာက အကြာကြီးပဲ။ ဒိဋ္ဌိတောရှင်းနေရတာနဲ့ အချိန်တွေအများကြီးကုန်သွား တယ်လို့ ဆိုနိုင်တယ်။ အခုဒို့ဒကာတွေအတွက်လည်း ပထမ ဒိဋ္ဌိတောကိုရှင်းပစ်ရလိမ့်မယ်။ ဒုတိယတဏှာ တောကိုရှင်းရမယ်လို့မှတ်ကြ။
အခုနေမှာ ခင်ဗျားတို့တစ်တွေက ရှင်းချင်ရာရှင်းနေ ကြတော့ လိုရင်းမရောက်ကြဘူး။ ပထမရှင်းရမယ့် ဒိဋ္ဌိကို ဒုတိယ၊ ဒုတိယရှင်းရမယ့် တဏှာကိုပထမ လုပ်နေတော့ အရင်ဟာကနောက်၊ နောက်ဟာက အရင်ဖြစ်နေကြတယ်။ ဒီလိုပြောင်းပြန်ဖြစ်နေတော့ တရားမရကြဘူး။ တရားအရနိုင်တော့ပါရမီလှည့်ချ ကြတယ်။
သာဝကဉာဏ်အရာမှာ ပါရမီမဆိုနဲ့။ ပါရမီမလိုဘူး။ ပါရမီကရှိကြပြီးသား။ လူအဖြစ်ကိုလည်းရနေကြ ပြီ။ သာသနာနဲ့လည်းကြုံနေရပြီ။ ထောင်နိုင်တဲ့နား လည်းပါကြတယ်။ ဒါတွေပြည့်စုံရက်နဲ့တရားမရ တာဟာ ကျင့်စဉ်မမှန်လို့မရကြတာပဲလို့ဆုံးဖြတ် ချက်ချ။ ကျင့်စဉ်မမှန်ရင်ဘယ်အခါမှ နိဗ္ဗာန်မရ နိုင်ကြဘူး။ ကျင့်စဉ်မှန်မှနိဗ္ဗာန်ရကြမယ်။
သုံးဆယ့်နှစ်ကောဋ္ဌာသဆိုတဲ့အကျင့် တချို့ ကျင့်ကြတယ်။ သုံးဆယ့်နှစ်ကောဋ္ဌာသအကျင့် ကတဏှာသတ်တရား။ တဏှာသတ်ဖို့အချိန် မဟုတ်ဘဲ တဏှာသတ်နေတော့အကျင့်လွဲ နေတာပေါ့။ ဒါနဲ့ပဲသူများပါးစပ်ဖျားလမ်းဆုံး နေကြရတယ်။
ပထမသောတာပန်ဖြစ်ဖို့ ဒိဋ္ဌိသတ်ရမယ်။ ဒိဋ္ဌိသတ်ပြီးတဲ့နောက်မှ တဏှာသတ်ရမယ်။ အဲဒီဓမ္မသဘာဝအစဉ်ကို ဇောက်ထိုးမိုးမျှော် ထင်ရာလုပ်နေတော့ ခရီးမရောက်တော့ဘူး။
ဘုရားလက်ထက်က ယမကဆိုတဲ့ရဟန်း တစ်ပါးရှိတယ်။ အဲဒီယမကရဟန်းကရဟန္တာ သေရင် ပြတ်တယ်လို့ယူတဲ့ ဥစ္ဆေဒအယူရှိနေ တယ်တဲ့ ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် ယမက သုတ်မှာပါတယ်။
တထာဟံ ဘဂ၀တော ဒေသိတံ ဓမ္မံ အာဇာနာမိ။
ဘုရားဟောတဲ့အတိုင်းငါသိပါတယ်တဲ့။
ယထာခီဏာသဝေါဘိက္ခု ကာယဿ
ဘေဒါဥစ္ဆိဇ္ဇတိန ယော တိပရံမရဏာ
ရဟန္တာသေရင်ပြတ်တယ်။ ပျောက်သွားတာပဲ။ သေပြီးတဲ့နောက်မဖြစ်တော့ဘူးတဲ့ အဲဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီးဖြစ်နေတယ်။
သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်မှာ အရှင်သာရိပုတ္တရာမထေရ်သီတင်းသုံးနေတဲ့ အခါဖြစ်တယ်။ အဲဒီအခါမှာ ယမကရဟန်းက သူ့အယူရှိတဲ့အတိုင်း သီတင်းသုံးဖက်ဖြစ်တဲ့ ရဟန်းများကို လှည့်ပြီးပြောဆိုနေတယ်တဲ့။ ဘုရားဟောတာငါသိပါတယ်။ ရဟန္တာသေရင့် ပြတ်တယ်။ နောက်မဖြစ်တော့ဘူး။ တစ်ခါ တည်းပျောက်သွားတာပဲတဲ့။ ဘုရားကဒီလို ဟောတယ်ဆိုပြီး ၀ါဒလည်ဖြန့်တယ်တဲ့။
ဒါနဲ့သီတင်းသုံးဖော်ရဟန်းတော်တွေက အဲဒီယမကရဟန်းတော်ကို ၀ိုင်းဝန်းတားမြစ် ဆုံးမကြပါတယ်။ ငါ့ရှင်ယမက ဒီလိုမပြော မဟောပါနဲ့တဲ့။ ဘုရားက ဒီလိုမဟောဘူး ဆိုပြီး အကြိမ်ကြိမ် ဆုံးမတားမြစ်ကြပေ မယ့်နားမထောင်ဘူးတဲ့ အဲဒီလိုပြောဆို ဆုံးမလို့မရနိုင်ကြတာနဲ့ အရှင်သာရိပုတ္တရာ မထေရ်ထံသွားရောက်လျှောက်ထားကြတယ်။ ဒီတော့ အရှင်သာရိပုတ္တရာမထေရ်က ငါ့ရှင် ယမက အသင်ဟာဒီလို မိစ္ဆာအယူရှိပြီး ဒီအတိုင်းလည်ပြောနေတယ်လို့ ရဟန်းများ ပြောပြလို့သိရတယ်။ ဒီကြားတဲ့အတိုင်း မှန်သလား။
မှန်လှပါ။ ရဟန်းများလျှောက်ထားသည့် အတိုင်းပင်အမှန်ဖြစ်ပါသည်ဘုရား။
ဒါဖြင့်ငါ့ရှင်ကိုမေးမယ်။ သေသေချာချာ စဉ်းစားပြီးသင့်ဉာဏ်မြင်တဲ့အတိုင်းဖြေ ဆိုစမ်းလော့။
မှန်လှပါ ဉာဏ်မှီသမျှဖြေဆိုပါ့မည်ဘုရား။
င့ါရှင်ယမက၊ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးရုပ်တရားနာမ် တရားတွေဟာ မြဲသလား မမြဲဘူးလား။
မမြဲတဲ့အနိစ္စ စင်စစ်အမှန်ပင်ဖြစ်ပါသည် ဘုရား။
ဒီမမြဲတဲ့အနိစ္စ ငါးပါးကိုသုခလို့ဆိုရမလား။ ဒုက္ခလို့ဆိုရမလား။
မှန်လှပါ။ မမြဲတဲ့သဘောဟာ ဒုက္ခစင်စစ် ပင်ဖြစ်ပါသည်ဘုရား။
ဒီမမြဲလို့ ဒုက္ခအမှန်ဖြစ်တဲ့ခန္ဓာငါးပါးကို ငါ့အတ္တပဲ ငါ့ကိုယ်ပဲလို့ စွဲယူသင့်ပါသလား။
မမြဲလို့ဆင်းရဲတဲ့သဘောဖြစ်တဲ့အတွက် ငါ့အတ္တ ငါ့ကိုယ်ပဲလို့ စွဲယူစရာမရှိပါဘုရား။
ဒီဒုက္ခစင်စစ်ဖြစ်တဲ့အတွက် ငါ့အတ္တပဲလို့ စွဲယူဖို့ရာမသင့်တဲ့ ခန္ဓာငါးပါးကိုပုဂ္ဂိုလ်ဆို ထိုက်ပါသလား။ သတ္တ၀ါဆိုထိုက်မလား။
ဒီခန္ဓာငါးပါးကို ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်။ ပုဂ္ဂိုလ်သတ္တ၀ါကတစ်ခြား၊ ခန္ဓာငါးပါးက တစ်ခြားလို့ရောဆိုမလား။
အဲဒီလို မဆိုရပါဘုရား။
ဒါဖြင့်ခန္ဓာငါးပါးမှာ ပုဂ္ဂိုလ်သတ္တ၀ါတည်ရှိ နေတယ်လို့ရော ယူဆထိုက်သလား။
အဲဒီလိုမယူဆထိုက်ပါဘုရား။
ငါ့ရှင်ယမက ခန္ဓာငါးပါးဟာ ပုဂ္ဂိုလ်သတ္တ၀ါ မဟုတ်၊ ခန္ဓာငါးပါးက အလွတ်မှာ ပုဂ္ဂိုလ် သတ္တ၀ါလို့လည်းမရှိ၊ ဒီလိုပုဂ္ဂိုလ်သတ္တ၀ါ ဆိုစရာမရှိ၊ စင်စစ်မရှိရိုးမှန်ပါလျှင် ရဟန္တာ သေရင် ပြတ်တယ်လို့ အသင်ယူတဲ့အယူ ၀ါဒဟာ သင့်မြတ်မှန်ကန်ပါသလား။
မှန်လှပါဘုရား။ တပည့်တော်ရှေးကမလိမ္မာ လို့ ယူမိပါသည်။ သည်းခံတော်မူပါဘုရား။ ယခုအရှင်ဘုရားရဲ့ကျေးဇူးတော်ကြောင့် အရှင်ဘုရား၏တရားစကားကိုကြားနာရ သဖြင့် မိစ္ဆာအယူလည်းပျောက်ကင်းပါပြီ။ တရားအထူးကိုလည်းသိမြင်ရပါပြီဘုရား။
ကောင်းပါပြီ ဒါဖြင့် ရဟန္တာပုဂ္ဂိုလ်သေရင် ဘယ်လိုဖြစ်သလဲလို့ ငါ့ရှင်ကိုသူများတွေ က မေးခဲ့ကြရင် ဘယ်လိုပြောမလဲ။
ခန္ဓာငါးပါးသာပဲရှိလို့ ခန္ဓာငါးပါးမှာလည်း ရုပ်ခန္ဓာတစ်ပါး နာမ်ခန္ဓာလေးပါးပဲရှိတဲ့ ရုပ်နာမ်တရားဟာမမြဲတဲ့ အနိစ္စမျိုးသာ အမှန်ဖြစ်တယ်။ အနိစ္စမျိုးမှန်သမျှဒုက္ခမျိုး သာအမှန်ဖြစ်တယ်။ ပုဂ္ဂိုလ်သတ္တ၀ါရဟန္တာ ပုဂ္ဂိုလ်လို့ဆိုစရာမရှိ။ တကယ်ဆိုစရာ ရဟန္တာရယ်လို့မရှိတော့ ရဟန္တာသေတယ် လို့လည်းဆိုစရာမရှိ၊ သေပြီးတဲ့နောက်ပြတ် တယ် မပြတ်ဘူးလို့လည်း ဆိုစရာမရှိ၊ ဒုက္ခ မျိုးအမှန်ဖြစ်တဲ့ ခန္ဓာငါးပါးသာ ချုပ်ဆုံးသွား တာပဲ။ ခန္ဓာငါးပါးသာကွယ်ပျောက်သွားတဲ့ သဘောပဲလို့ ပြောကြားပါမည်ဘုရား။
သာဓု သာဓု ငါ့ရှင် ယမက ကောင်းလေစွ ကောင်းလေစွ ဒီလိုအရှင်သာရိပုတ္တရာက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီးဇေတ၀န် ကျောင်းတော်သို့ပြန်ကြွတော်မူတယ်။
ရုပ် ဝေဒနာ သညာ၊ သင်္ခါရ ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးခု ရုပ်နာမ်အစုဟာ အမြဲတမ်းဖြစ်ပြီး ပျက် ဖြစ်ပြီးပျက်နဲ့ အမှန်အရှိက ဖြစ်ပျက် ပဲ ရှိနေတာ။ ဒီဖြစ်ပျက် အနိစ္စအချက်ကို ပိုင်နိုင်ရင် ဒုက္ခအချက်ပိုင်မယ်။ ဒုက္ခအချက် ပိုင်ရင် အနတ္တအချက်ပိုင်မယ်။ အနတ္တအချက် ပိုင်ရင် အတ္တဒိဋ္ဌိ၊ ပုဂ္ဂလဒိဋ္ဌိကွာရော၊ အတ္တ ဒိဋ္ဌိကွာတော့ ရဟန္တာရယ်လို့တကယ်မရှိတဲ့ အဖြစ်ကို သိမြင်လာမယ်။ ဒီလိုသိမြင်လာ ပြီးတော့ သေပြီးတဲ့နောက်ပြတ်တယ်ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိလည်း ပြုတော့တာပဲ။ နဂိုကမှ ပုဂ္ဂိုလ် ရဟန္တာလို့ တကယ်မရှိတာမို့သေရင် ပြတ်တယ် မပြတ်ဘူးလို့ ဆိုစရာမရှိတော့ ဘူးပေါ့။
ဒီအခုပြောတဲ့ဆက်မှား ပြတ်မှားဆိုတဲ့ မိစ္ဆာအယူတွေ မိမိသန္တာန်မှာ ရှိနေသလား။ မရှိဘူးလား ကိုယ်တိုင်စမ်းစစ်ပြီး ကြည့်ကြ တကယ်လို့များရှိနေသေးရင် မကွာကွာ အောင် ခွါထုတ်ပစ်ကြ။ ဒီသဿတ၊ ဥစ္ဆေဒစတဲ့အယူမျိုးတွေရှိနေရင် မဂ်လမ်း ဖိုလ်လမ်းနဲ့ဖီလာဖြစ်သွားမယ်။
ဒိဋ္ဌိကွာအောင် ဘယ်လိုလုပ်ရမလဲ။ အကြောင်းကြောင့်အကျိုးဖြစ်တယ်။ အကြောင်းတရားကပြုပြင်လို့အကျိုးတရား ပေါ်လာတယ်။ နောက်ဘ၀က မသိလို့ အမျိုးမျိုးတွေ လုပ်ခဲ့ကြတယ်။ အဲဒီ အမျိုးမျိုးလုပ်ခဲ့တဲ့အကြောင်းကြောင့် ဒီဘ၀မှာဝိညာဏ်ပေါ်တယ်။ ဒီဝိညာဏ် ကြောင့်နာမ်ရုပ်ပေါ်၊ အဲဒီလိုသင်္ခါရ အဆက်ဆက်ဖြစ်ပြီး ချုပ်နေတာပဲရှိ တယ်။ ဒီလိုသိရင် ဥစ္ဆေဒဒိဋ္ဌိပြုတ်မယ်။
ယမကရဟန်းရဲ့ဒီနေရာမှာ သင်္ခါရဖြစ်ပြီး ချုပ်တာပဲရှိတယ်။ ရဟန္တာသေတာရယ်လို့ မရှိဘူး။ ရှေ့သင်္ခါရဖြစ်ပြီးချုပ်၊ နောက် သင်္ခါရ ဖြစ်ပြီးချုပ်၊ ဒီလိုရုပ်နာမ်သင်္ခါရ အဆက်ဆက်ဖြစ်ချုပ်တွေပဲရှိတယ်။ သင်္ခါရချုပ်ဆိုတာ ဒုက္ခအစုချုပ်တာရဟန္တာ သေတာမဟုတ်၊ ဒုက္ခအစုတွေချုပ်တာပဲ တကယ်ရှိတယ်လို့သိရင်ဒိဋ္ဌိစင်ပြီဆိုတာ မှတ်ကြ။
သင်္ခါရဒုက္ခအစုချုပ်တော့ အသင်္ခတသုခရ တယ်။ သင်္ခါရဒုက္ခအစုတွေကလွန်မြောက် သွားပြီး အသင်္ခတသုခဆိုတဲ့ ဒီဘက်ကူး သွားတယ်လို့မှတ်ထားကြ။
တို့ဒကာတွေ ပြောတတ်ရှာတယ်။ သိရင် ပြီးရော၊ သိရင်ပြီးတာပဲ။ ဘာမျှမလိုတော့ ဘူးတဲ့။ အသိဖြစ်ရုံနဲ့ အပါယ်စိတ်မချရဘူး လို့ မြဲမြဲမှတ်။ အသိကလေးနဲ့မရ။ အကျင့် နဲ့ဖြတ်နိုင်မှသာ သေချာမယ်။ ၀ါးလုံးခေါင်း ထဲလသာပြီး ကိုယ့်အသိကလေးနဲ့ကိုယ် တော်လေရဲ့အောက်မေ့ပြီး ကျေနပ်မနေ ကြနဲ့။
လောကထဲမှာ သင်္ခါရဒုက္ခနဲ့နေကြရလို့ သတ္တ၀ါမှန်သမျှ အားလုံးလူဆင်းရဲချည်း ဆိုတာ သိထားကြပါ။ သဘောပါကြပလား။ ကဲကြိုးစားကြ။
မိုးကုတ်ဆရာတော်ဘုရားကြီး
ဒိဋ္ဌိသစ်ငုတ်အမြစ်ဖြုတ်တရားတော်

No comments:

Post a Comment