Thursday, June 25, 2015

လွှတ်တော်ရောက်ယူကလစ် စိုက်ပျိုးရေး


မြန်မာနိုင်ငံသည် သစ်တောသယံဇာတ ကြွယ်ဝသော နိုင်ငံတနိုင်ငံဖြစ်သည်။ သစ်တော၏ အဖိုးထိုက်ရတနာ အစစ်အမှန် ကျွန်းသစ်၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ပိတောက်၊ မဟော်ဂနီ၊ ယမနေတို့သည် မြန်မာရင်းမြစ် ဒေသပေါက် သစ်တောထွက်များ ဖြစ်သည်။ မြန်မာ့ကျွန်းသစ်သည် ကမ္ဘာ့သစ်တောထွက်ပစ္စည်း လောကတွင် ပြိုင်စံရှား၊ သစ်အမျိုးအစားဖြစ်၍ ကမ္ဘာ့ဝယ်လိုအား အကောင်းဆုံး သစ်အမျိုးအစားဖြစ်သည်။
ယနေ့ကာလ ရန်ကုန်၊ မန္တလေး အမြန်လမ်းမကြီးသည် ပဲခူးရိုးမကို ဖြတ်ကျော် ဖောက်လုပ်ထားသည်ဟု ဆိုပါသည်။ လွမ်းစရာပဲခူးရိုးမ တောင်စဉ်တောင်တန်းဝယ် သစ်တောလည်းပြောင်၊ ကွင်းခေါင်ခေါင်ဖြစ်၍ မြရိပ်ပင်ပျိုတို့နှင့် စိမ်းရောင်စိုမှုကို မမြင်၊ ဝါရွှေသွေ့ခြောက်၊ ရေမသောက်ရသည့် ကျဲတိကျဲပျောက် ပင်ပျိုကလေးများသာ ဟိုခပ်ဝေးဝေးဆီသို့ လှမ်းမျှော်ကြည့်မိသည်။ သတင်းစာတွေထဲမှာတော့ “သစ်ပင်စိုက်ပါ၊ ဒို့ကမ္ဘာ၊ သာယာလှပ၊ စိမ်းမြမြ” တဲ့။
မကုန်မခန်းနိုင်လောက်သော မြန်မာ့သစ်တောကြီးများ ဆယ်စုနှစ် ၃ စုအတွင်း လုံးဝပျောက် ကွယ်သွားခဲ့သည်။ ရာချီသက်တမ်းရှိသော သက်ရင့်သစ်တောကြီးများ မျက်လှည့်ပြလိုက်သလို ကွယ်ပျောက်သွားခဲ့သော်လည်း မြန်မာနိုင်ငံတော်ကြီး ထင်ထင်ရှားရှား ကြွယ်ဝလာသည့် အနေအထားတော့ မမြင်တွေ့ရ။ အစားထိုးရမည့် သစ်ပင်များကို ပြုစုပျိုးထောင်မိပါစ။ ပညာပေး အစီအစဉ်အဖြစ် တီဗီထဲမှာတော့ ဝါဒဖြန့်စည်းရုံးရေးအတွက် ရုပ်ရှင်မင်းသားတွေနှင့် ကျွန်းပင်စိုက်ဖို့ နှိုးဆော်နေကြသည်။ နောင် ၁၀ နှစ်၊ အနှစ် ၂၀ ဆိုလျှင် မြန်မာနိုင်ငံ၏ တောင်ကတုံးတွေ မြရောင်ဖုံးမည့် အတိတ်နိမိတ် ဖြစ်ပေသည်။
သို့သော် မြရောင်ဖုံးမည့်အရေး ကျွန်းသစ်တို့ကို ရှေ့တန်းရောက်မလာခဲ့။ တကြိမ်တခါမျှ ဝါဒဖြန့် မစည်းရုံးခဲ့သည့် မြန်မာ့ကျွန်းသစ်၊ ပျဉ်းကတိုး၊ သစ်ရာ၊ အင်ကြင်း၊ ပိတောက်တို့အစား ခုန်ပျံကျော်လွှား၍ ဘယ်ကဘယ်လို ယူကလစ်စိုက်ပျိုးရေး ကိစ္စက ရှေ့တန်းရောက်ကာ လွှတ်တော်တက် လာရသနည်း။
လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများအဖို့ မြန်မာ့အရင်းအမြစ် သယံဇာတစစ်စစ်၊ ကမ္ဘာတွင်လည်း ကျော်ကြားပြီးဖြစ်သည့် ကျွန်းသစ်တို့ထက် ယူကလစ်က ရှေ့တန်းရောက်လာသည်မှာ ဘာကြောင့်များပါလိမ့်။
ပြင်ဦးလွင် တောင်ပေါ်စခန်းတွင် ရေခမ်းအောင် ဒုက္ခပေးမည့် ယူကလစ်တောအကြောင်း ဆောင်းပါးများကို ရွှေမန္တလေးဂျာနယ်၊ the Irrawaddy ဂျာနယ်တို့တွင် ကျနော် အလေးထား ရေးသားခဲ့သည်။
ပြီးခဲ့သည့် သတင်းပတ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးလှဆွေက ယူကလစ်ပင်များ စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ အကျိုးနှင့်အမြတ်ကို ပြည်သူအများ သိရှိနိုင်ပါရန် ပွင့်လင်း မြင်သာစွာ ချပြပေးရန်နှင့် ဆက်လက် စိုက်ပျိုးရန် သင့်၊ မသင့် သိရှိလိုကြောင်း မေးခွန်းထုတ်ခဲ့သည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ဦးအေးမြင့်မောင်က ပြန်လည် ဖြေကြားရာတွင် ယူကလစ် သစ်မျိုးကို တဧကလျှင် အပင် ၅၄၀ စိုက်ပျိုးပါက ၅ နှစ်မြောက်တွင် ယူကလစ်တပင်မှ သစ် ၇ ဒသမ ၈၀ ကုဗပေရရှိပြီး တဧကလျှင် ၈၀ ကုဗတန်ခန့် ရရှိမည်ဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများအရ တစ်သျူးမျိုးပွားခြင်းနည်းဖြင့် ထုတ်လုပ်ထားသော ယူကလစ်စပ် မျိုးပျိုးပင်များဖြင့် စိုက်ပျိုးပါက ၃ နှစ်မှ ၅ နှစ်အတွင်း သစ်ပါးလွှာထုတ်လုပ်နိုင်ပြီး စီးပွားရေး၊ အကျိုးအမြတ် များစွာရရှိနိုင်ပါကြောင်း ဆိုသည်။
ထို့ပြင် တိုးပွားလာသော လူဦးရေအတွက် သဘာဝတောများ မထိခိုက်စေရန်၊ စက်ရုံ အလုပ်ရုံများအတွက် သစ်ကုန်ကြမ်း လိုအပ်ချက် အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ရန် ယူကလစ်သစ်မျိုးကို စိုက်ပျိုးရန် လိုအပ်မည်ဟု အပေါင်းလက္ခဏာဘက်မှ ဦးစားပေးတင်ပြထားသည်။
မြန်မာပြည်သူလူထုအနေဖြင့် နိုင်ငံက သယံဇာတ ကြွယ်ဝသလောက် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းထဲတွင် သိမ်ငယ်စွာ နေကြရသည်ကို ပထမဦးစွာ သတိရစေချင်မိသည်။ လက်ရှိလူဦးရေ ၅၁ သန်းကျော် အနေအထားသည် အရှေ့တောင် အာရှတွင် လူဦးရေပေါက်ကွဲမှု အနေအထားသို့ မရောက်သေးဘဲနှင့် ဆင်းရဲသည့် အောက်တန်းနောက်တန်းရောက် နေသည့်ဘဝဖြစ်နေသည်။
လွှတ်တော်သို့ အထက်ပါအတိုင်း တင်ပြထားသော ယူကလစ်ပင် စိုက်ပျိုးရေးနှင့် ပတ်သက်သော တင်ပြချက်များသည် မျက်စိမှိတ် တင်ပြလိုက်သည့် အစီရင်ခံချက် သဘောမျိုးသာ ဖြစ်ကြောင်း ဝေဖန်သုံးသပ်လိုသည်။ လွှတ်တော်တွင် လာရောက် အစီရင်ခံသည့် တာဝန်ရှိသူသည် သစ်တောရေးရာ ကဏ္ဍအတွက် ပညာရပ်ဆိုင်ရာ တတ်သိနားလည်သူဟု ယုံကြည်ပါသည်။
သို့သော် လွှတ်တော်သို့ တင်ပြခဲ့သည့်အတိုင်း ယူကလစ်စိုက်ပျိုးရေးသည် အကျိုးရှိသည်ဟု ယုံကြည်သည်ဆိုပါက ယူကလစ် စိုက်ပျိုးရေးကြောင်း မြန်မာ့ သဘာဝ ပတ်ဝန်းကျင်၊ မြေသားအနေအထား၊ တခြား အပင်များ၏ ဂေဟစနစ် ပျက်ပြုတ်မှုများ ဖြစ်ပေါ်လာပါက တာဝန်ယူနိုင်ပါသလားဟု မေးမြန်းလိုပါသည်။ သမိုင်းတာဝန် မိမိတွင် တင်ရှိသွားနိုင်သည်ကို အထူးသတိပြုရန် လိုအပ်သည်။
ရွှေမန္တလေးဂျာနယ်၊ the Irrawaddy ဂျာနယ်တို့တွင် ဆောင်းပါးရေးသား တင်ပြစဉ်က စာရေးသူ၏ အတွေ့အကြုံများ၊ ရုက္ခဗေဒ ဘာသာရပ် ဗဟုသုတနှင့် ပြင်ဦးလွင်ဒေသမှ ပုဂ္ဂိုလ်များ၏ ဆွေးနွေး တင်ပြချက်များကို စနစ်တကျ ပြုလုပ်ပြီးမှ ရေးသားခဲ့ခြင်း ဖြစ်သည်။
ယူကလစ်ပင် စိုက်ပျိုးခြင်းသည် အပူထဲက အအေး၊ အဝါထဲက အစိမ်း၊ အနိမ့်ထဲက အမြင့်ဒေသ ပြင်ဦးလွင် တောင်စခန်းမြို့ကို ဂေဟစနစ် ပြောင်းလဲသွားစေသည်ကတော့ အမှန်ဖြစ်သည်။ အဆိုပါဒေသသို့ ကျနော်တို့ သွားရောက်ခဲ့စဉ်က တောင်သူလယ်သမားရေးရာ ကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လိုအပ်သည့် အကူအညီများ ကူညီဆောင်ရွက်ပေးရန်နှင့် ယူကလစ်ပင် စိုက်ပျိုးခြင်းကြောင့် ပြင်ဦးလွင်ဒေသ ဂေဟစနစ် မည်သို့ပြောင်းလဲသွားသနည်းဆိုသည့် အနေအထားတို့ကို လေ့လာသိရှိနိုင်ရန် ကွင်းဆင်းခဲ့ကြခြင်း ဖြစ်ပါသည်။
ကျနော်သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝါနှင့်ပိုးချည် စီမံကိန်းဌာနနှင့် ယခင်ဝန်ကြီးများ လက်ထက်က ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းစဉ်များရှိခဲ့သည်။ Morus alba စိုက်ပျိုးကွင်းများအတွင်း ယူကလစ်ပင်များ နေရာယူ စိုက်ပျိုးထားခြင်းကို တွေ့ရှိခဲ့ရာ သစ်တောဌာနမှ ယူကလစ်ပင်များ လယ်ယာစိုက်ပျိုးရေး ဌာနပိုင် ပိုးစာစိုက်ကွင်းများအတွင်း ပြုစုပျိုးထောင်ထားခြင်းကို ဘဝင်မကျခဲ့ပါ။
ယူကလစ်ပင်မှ အရွက်များတွင် ပါဝင်သော ဓာတုဗေဒပစ္စည်းများသည် အဆိပ်သင့် ပစ္စည်းများဖြစ်၍ ပိုးမွေးမြူရေးအတွက် သေကြေပျက်စီးစေသည်။ မူလအဓိကလုပ်ငန်း ပိုးချည်စီမံချက်နှင့် လုံးဝဆန့်ကျင်နေသည့် အနေအထားဖြစ်၍ ပိုးချည်လုပ်ငန်းအတွက် ပိုးမွေးမြူရေး အဓိကအောင်မြင်မှု ရယူမလား၊ သို့မဟုတ် ပိုးချည်စိုက်ကွင်းအတွင်း ယူကလစ်သစ်ပင်များ နေရာယူ စိုက်ပျိုးထားခြင်းဖြင့် အပင်ကို ပထမဦးစားပေးမလား ဆိုသည့်ကိစ္စ ဖြစ်သည်။
သို့သော် ကျနော် သတိပြုမိသည်မှာ ဌာနတခု၏ အကြီးအကဲအား မလွန်ဆန်နိုင်သည့် ဝန်ကြီးဌာနတို့၏ သဘောသဘာဝပင် ဖြစ်ပေလိမ့်မည်ဟူ၍ ခံစားနားလည်ခဲ့မိသည်။ အမှန်ပင် နုနယ်သော ပိုးချည်ထုတ်လုပ်သည့် Silkworm – Bombyx mori တို့အတွက် ယူကလစ်၏ ပြင်းထန်သောအနံ့နှင့် အရွက်ခြောက်များစားမိက သေချာပေါက် သေကြေပျက်စီးကြမည် ဖြစ်သည်။ ယူကလစ်ဆီသည် ပိုးသတ်ဆေး (Insecticide) အဖြစ် အသုံးပြုနေသည်ကို သတိပြုကြရန် ဖြစ်သည်။
ဒု ဝန်ကြီး၏ တင်ပြချက်တွင် ဒေသခံမျိုးရင်းအပင်များ ကောင်းစွာ ရှင်သန်ဖွံ့ဖြိုးနိုင်ခြင်း မရှိသည့် တောင်တန်းဒေသ၊ ကုန်းမြင့်ဒေသ၊ ကမ်းခြေဒေသများတွင် ယူကလစ်စိုက်ပျိုးရေး ဦးစားပေးတင်ပြထားရာ ဒေသခံမျိုးရင်း အပင်များ ဘာကြောင့် မဖြစ်ထွန်းသည်ကို အဖြေရှာရမည့်အစား၊ ယူကလစ်ပင် စိုက်ပျိုးရေးကို အဓိကထား၍ တင်ပြနေသည့်သဘော တွေ့ရှိရသည်။
ပြင်ဦးလွင်ဒေသကြီး တခုလုံး ဂေဟစနစ် သေချာပေါက် ပျက်စီးသွားမည့် အရေးကိစ္စသည် ပိုမိုအရေးကြီးမည် ဖြစ်သည်။ ဒေသခံမျိုးရင်းပင်သည် အဆိုပါဒေသ၏ ဂေဟစနစ် ပတ်ဝန်းကျင် မြေအနေအထားနှင့် ကိုက်ညီလင့်ကစား မဖြစ်ထွန်းသည်မှာ အပင်အတွက် ရေ (အထူးသဖြင့် မိုးရေထိန်းချုပ်မှု) ရရှိမှု လုံလောက်စွာ မရရှိ၍ ဖြစ်နိုင်ပါသည်။
နှစ်စဉ် ရွာသွန်းသော မိုးရေသည် အဆိုပါဒေသအတွက် ကျောက်စရစ် မြေညံ့ပင် ဖြစ်လင့်ကစား မိုးရေထိန်းသိမ်းမှု အလုံအလောက် ရရှိပါက ဒေသခံအပင်များ လုံးဝမပျက်စီးနိုင်ပါ။ ပြင်ဦးလွင်ဒေသကဲ့သို့ တောင်ပေါ်မြေ အမျိုးအစားသည် မြေနီများဖြစ်၍ ယျေဘုယျအားဖြင့် မြေညံ့အမျိုးအစား မဟုတ်ပါ။ မိုးခေါင်ရေရှား၊ မြန်မာပြည်အလယ်ပိုင်းမှ သဲကျောက်စရစ် မြေမျိုး မဟုတ်ပါ။ မြေအနေအထား သင့်တင့် ကောင်းမွန်ပါလျက် အပင်များရှင်သန်ခြင်း မရှိသည်မှာ အပင်အတွက် လုံလောက်သော နှစ်စဉ် မိုးရေကို ခံဆောင်ထိန်းသိမ်းခြင်း မပြုနိုင်၍ ဖြစ်ပါသည်။
ဤသို့သော တောင်ပေါ်ဒေသ ပတ်ဝန်းကျင်တွင် ရေကိုလုယူ၍ အငမ်းမရ စုပ်ယူစားသုံးတတ်သော အနေအထား (water guzzling) ရှိ၍ ယူကလစ်ပင်၏ အမြစ်များသည် မြေကြီးထဲတွင် နက်ရှိုင်းစွာ ၈ ပေအထိ စိုက်ဆင်းခက်ဖြာသွားကြ၍ ရေနှင့် ဓာတ်ဆားတို့ကို တခြားသော အပင်များ စုပ်ယူခြင်း မပြုနိုင်လောက်အောင် လုယူစားသုံးလေ့ရှိသည့် အပင်အမျိုးအစား ဖြစ်သည်။
သို့ဖြစ်၍ ပြင်ဦးလွင် အပါအဝင် တောင်ပေါ်ဒေသ မိုးရေကိုအဓိကထား၍ ရှင်သန်ကြရသော သဘာဝသစ်ပင်များနှင့် လည်းကောင်း၊ စိုက်ပျိုးသီးနှံအပင်များ (နှစ်တိုနှစ်ရှည်) နှင့် နီးစပ်သော နေရာများတွင် ယူကလစ်ပင်သည် လုံးဝ ထူထောင်စိုက်ပျိုးရန် မသင့်သည့်အပင်များ ဖြစ်ကြောင်း၊ ကမ္ဘာ့ရုက္ခဗေဒ ပညာရပ်ဆိုင်ရာ စာအုပ်များတွင် ဖော်ပြပါရှိပြီး ဖြစ်သည်။ အေးမြစွတ်စို၍ စိမ်းလန်းသာယာလှပသော ပြင်ဦးလွင်ဒေသ၏ ဂေဟစနစ်ကို အမှန်တကယ် ဖျက်ဆီးမည့် အန္တရာယ်ပြု ယူကလစ်အပင်များ ပြင်ဦးလွင် ဒေသမှ အမြန်ဆုံး ရှင်းလင်းပစ်ရန် လိုအပ်လှသည်။
စာရေးသူ၏ အတွေ့အကြုံအရ အိမ်ခြံထဲတွင် ယူကလစ်ရွက်မှ အဆီထုတ်ယူရန် အပင်စိုက်ပျိုးခဲ့ရာ အပင်ကြီးလာသည် နှင့်အမျှ ယူကလစ်ပင်အနီးက အုန်းပင်နှင့် သနပ်ခါးပင်များ ညှိုးခြောက်ကာ တဖြည်းဖြည်း ဖြစ်ထွန်းမှု လျော့ကျလျက် အပင်များသေသွားသည်။ အပင်ငယ်များဖြစ်သည့် ထောလပတ်ပင်၊ သလဲပင်၊ ဇွန်ရုံ၊ စပယ်ရုံများလည်း ပျက်စီးကုန်သည်။ အုန်းပင်က ရေကြိုက်၍ ရေဓာတ်ဆားကို လုယူ စားသုံးသော ယူကလစ်၏ဒဏ်ကို မခံနိုင်ချေ။ ရေငတ်ခြင်းဒဏ် ခံနိုင်သော အပူပိုင်းပေါက် သနပ်ခါးပင်သည်လည်း ယူကလစ်၏ သဘာဝအရ မူလကတည်းက ရေရှားပါးသောဒေသတွင် ရေအားလုံးကို လုယူခဲ့သည့်အလျောက် တခြားသော အနီးအနားမှ အပင်များ ရေမရတော့ဘဲ သေကြေပျက်စီးခြင်း ဖြစ်သည်။
ယူကလစ်ပင်၏ တခြားပြဿနာကား အဆီထွက်အပင်ဖြစ်၍ အလွယ်တကူ မီးလောင်လွယ်သော မှတ်တမ်းရှိသည်။ ယူကလစ်ပင်စိုက်က နေအိမ်များ၊ တန်ဖိုးရှိအပင်များနှင့် မနီးစပ်ရန် သတိပေးထားသည်။ ထို့အပြင် ယူကလစ်ရွက်များကို အခြောက်ပုံ၍ မီးမရှို့ရန်နှင့် နေအိမ်နှင့် အဆောက်အဦးများအနီး လုပ်ဆောက်မိက အိမ်မီး၊ တောမီး လွန်စွာ တောက်လောင်လွယ်သော အပင်အမျိုးအစား ဖြစ်သည်။ ထင်းရှုးဆီထွက်သော ထင်းရူးပင်နှင့် အလားသဏ္ဍာန် တူလှသည်။ သို့သော် ယူကလစ်က (Myrtaceae Family) မှ ဖြစ်၍ ထင်းရှုးပင်က (Pinaceae Family) မှ ဖြစ်သည်။ မျိုးရင်းခြင်း မတူညီကြချေ။
သို့ဖြစ်၍ ယူကလစ်ပင် စိုက်ပျိုးရေးသည် သာမန်ကိစ္စ တရပ်အနေဖြင့် မရှုမြင်ဘဲ၊ မြေဆီ မြေလွှာအတွင်း တိုးဝင်လုယူ စားသုံးသည့် သဘာဝရှိ၍ တခြားအပင်များ သေကြေပျက်စီး ဆုံးရှုံးနိုင်သည်။ ဒေသ ပတ်ဝန်းကျင်အား ခန်းခြောက်စေတတ်၍ သဘာဝစိမ့်စမ်းများ ပျက်စီးစေခြင်း၊ အထူးသဖြင့် မိုးရေကိုသာ အားထားရသည့် တောင်ပေါ်ဒေသတို့တွင် ဂေဟစနစ် ပျက်စီးစေခြင်း၊ ခြောက်သွေ့သော ယူကလစ်တောသည် တောမီးလောင်လွယ်ခြင်း၊ မီးလောင်စေသည့် (Essential oil) နှင့် သစ်စေးများ ပါရှိခြင်း၊ သို့ဖြစ်၍ လူနေအိမ်၊ တန်ဖိုးရှိအပင်များနှင့်တွဲ၍ စိုက်ပျိုးရန် မသင့်လျော်ခြင်းတို့ကို သိရှိရန်လိုသည်။
ယူကလစ်ပင်မှ ထွက်ရှိသောအဆီသည် ပိုးမွှားများ သေကြေစေ၍ အသုံးချ အင်းဆက်များ၊ အထူးသဖြင့် ပိုးချည်စက်ရုံနှင့် ပိုးစာစိုက်ကွင်းများ အတွင်း စိုက်ပျိုးရန် မသင့်လျော်ခြင်း၊ ယူကလစ်ပင်သည် သစ်ပျော့ဖတ်အတွက် ဈေးကွက်ရှိသော သစ်ပင်အမျိုးအစား ဖြစ်လင့်ကစား၊ ယခင် မဆလခေတ်က မြန်မာပြည်ဒေသအနှံ့ တောင်ပေါ်မြေပြန့် ကျယ်ပြန့်စွာ စိုက်ပျိုးရန် စိတ်ကူးယဉ်ခဲ့ကြသေးသည်။ သို့ရာတွင် အကျိုးပြုမှုထက် ဂေဟစနစ် ပျက်စီးသည့်ဘက်က အနှုတ်လက္ခဏာများ ပြခဲ့၍ လက်လျှော့ခဲ့သည့် အပင်အမျိုးအစား ဖြစ်သည်။ ယူကလစ်မျိုးသစ် (Tissue culture) နှင့် လုပ်ဆောင်သည်ဖြစ်စေ၊ အပင်၏ ဇီဝကမ္မဆိုင်ရာတွင် ရေကိုခင်တွယ်၍ များစွာစုပ်ယူနိုင်သော သဘာဝရှိသည်။ အပင်၏ တစ်ရှုးတည်ဆောက်မှု (Tissue Formation) မှ ဓာတုပစ္စည်း ပါဝင်မှုလည်း လုံးဝပြောင်းလဲသွားမည် မဟုတ်ချေ။
အကယ်၍ ယူကလစ်ကို စိုက်ပျိုး၍ သစ်ပါးလွှာများ ထုတ်ယူရန် စိုက်ပျိုးလိုပါက မိုးခေါင်ရေရှား ဒေသတို့နှင့် တောင်ပေါ်ဒေသ မိုးရေကို အားထားရသော ဒေသတို့တွင် ယူကလစ်ပင်တို့ မစိုက်ပျိုးဘဲ၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေဝင်များရာဒေသ၊ ရေမြှုပ်ဧရိယာများအတွက် ရေကိုစုပ်ယူနိုင်စွမ်း အားများသော ယူကလစ်ကို စိုက်ပျိုး ထုတ်လုပ်နိုင်သည်။ ပင်လယ်ကမ်းစပ် ဧရာဝတီတိုင်း၊ ရခိုင်၊ တနင်္သာရီတို့ နှင့် ရေလွှမ်းမိုး၍ နှစ်စဉ် ရေဘေးဒုက္ခ ရောက်လေ့ရှိသည့် မြစ်ချောင်းနံဘေးတို့တွင် ရေစုပ်အားကောင်းသော အပင်ကို စိုက်ပျိုးခြင်းဖြင့် အကျိုးနှစ်တန် ရရှိစေမည် ဖြစ်သည်။
မစိုက်ပျိုးသင့်သော တောင်ပေါ်ဒေသ မိုးရေနည်းပါးသည့် အရပ်တို့တွင် လောင်စာထင်းမီးသွေးအတွက် အဝေရာခေါ် ဘောစကိုင်း၊ အော်ရေးရှား၊ မိုးရေနည်းပါးမှုဒဏ် ခံနိုင်သည့် ကန္တရအပင်တို့သည် ဂေဟစနစ်ကိုလည်း မပျက်စီးစေဘဲ၊ ဒေသအကျိုးပြုမှု အားသာချက်များ ရရှိနိုင်ပေသည်။ ရှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းဒေသတို့တွင် မြေလွတ်၊ မြေရိုင်းများတွင် ဒေသခံများနှင့် နားလည်မှုယူ၍ ယူကလစ် စိုက်ပျိုးရန် ကြိုးစား အားထုတ်ခြင်းတို့သည် အဆိုပါဒေသ၏ ဂေဟစနစ်အား ပျက်စီးစေမည်သာ ဖြစ်ပေသည်။
(စာရေးဆရာ ဒေါက်တာ ကျော်သန်းထွန်းသည် တရုတ်နိုင်ငံ ကန်တုန် ဆေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး တိုင်းရင်းဆေး သိပ္ပံ သုတေသန ဌာနတွင် သုတေသနမှူး တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသား စာပေဆု၊ ပခုက္ကူ ဦးအုံးဖေ စာပေဆုများလည်း ရရှိခဲ့သည်။)

Credit to> Irrawaddy

No comments:

Post a Comment