Tuesday, January 19, 2016

အိပ်မက်ပျောက်နေတဲ့ သံမဏိစိတ်ဓာတ်တွေ


“အဘ ကျွန်တော်သွားတော့မယ်”
“အေး..အေး …ရအောင်ရှာခဲ့ပါဦးကွာ။ အရင်လတွေကလည်း မရတာကြာပြီ။ ငါလည်း ဒီတစ်ခေါက် လေးလပတ် အစည်း အဝေး ကျရင် မျက်နှာဘယ်လိုထားရမလဲ မသိတော့ ဘူး”
အလေးပြုပြီးသုတ်ခနဲထွက်သွားတဲ့ တပ်ကြပ်ကြီးရဲ့ ကျောပြင်ကိုကြည့် ရင်း လေပူ တစ်ချက် မှုတ်ထုတ်လိုက်တယ်။ တစ်လကို တပ်သားသစ်တစ်ယောက်စုရမယ် ဆိုတဲ့အထက်အမိန့်ကြောင့် ဘယ်လိုမှရှာမရတဲ့အဆုံး ကိုယ့်တပ်ကဆရာကြီးတချို့ကို လူသစ် ရှာဖို့တာဝန်ပေးရတော့တယ်။ ငွေကတော့ ကိုယ့်အိတ်ထဲက စိုက်ပေါ့လေ။
“ကဲ … ကိုရွှေအဘရေ … ဒီအတိုင်းဆိုရင်တော့ မိဘပို့ပေးတဲ့ ငွေလည်း ကိုယ်သုံးရ တယ်မရှိဘူး။ ရှင်ရတဲ့လစာနဲ့ တစ်လတစ်လ စိုက်ရတဲ့ငွေနဲ့ ဒီအတိုင်းဆိုရင်တော့ လုံးပါးပါးမှာပဲ။ ကိုယ့်မှာကလည်း ဘယ်ကမှ ရပေါက်ရလမ်းရှိတာ မဟုတ်ဘူး။ ဘယ်လိုလုပ် ကြမလဲ” လို့ မေးလာတဲ့ ဇနီးကိုအားတောင့်အားနာနဲ့ ကြည့်လိုက်တယ်။
“အေးပါကွာ … ငါ မဖြစ်ဖြစ်အောင် ပြန်ရှာပေးပါ့မယ်။ အခု မင်းဆီက ခဏချေးတာပါ။ အခြေအနေအရ မီးစင်ကြည့်ကကြတာ ပေါ့၊ ကိုယ်တစ်ယောက်တည်းမှ မဟုတ်ဘဲ။ ကျန်တဲ့သူတွေလည်း ငါတို့လိုပဲလေ” လို့ ပြောပြီး ဇနီးသည်ကို ချွေးသိပ်လိုက်ပေ မဲ့ ရေရှည်ဆိုမလွယ်ဘူးဆိုတဲ့အသိက ကိုယ့်ကိုယ်ကိုယ်ညာလို့မရမှန်း သိနေပါတယ်။
တစ်ခါတုန်းက ကလေးစစ်သားတွေ၊ အဓမ္မစစ်သားတွေရှိခဲ့ဖူးပေမဲ့ နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေဖြစ်ပေါ်တိုးတက်လာ ပြီး အဲဒီကလေးစစ်သားနဲ့ အဓမ္မစစ်သည်တွေ ကို ပြန်လည်နုတ်ထွက်ခွင့်ပေးခဲ့တဲ့ တပ်မတော်မှာ တပ်သားသစ်စုဆောင်းဖို့ အတွက် အခက်အခဲတချို့ရှိနေတာ အမှန်ပါ။
စစ်အစိုးရလက်ထက်မှာတော့ စစ်သားစုဆောင်းဖို့ တာဝန်ရှိတဲ့သူတွေဟာ ဘူတာရုံတို့၊ ညဘက်အလုပ်ဆင်းအိမ်ပြန်နောက်ကျ လေ့ရှိတဲ့ လမ်းကြောင်းတို့မှာ စောင့်ပြီး လူသစ် ရဖို့ကြိုးစားလေ့ရှိပါတယ်။ တပ်ရင်းတစ်ရင်းမှာ တစ်နှစ်စာ အင်အားပြန်းတီးမှုက လည်း ရှိနေတော့ လောလောဆယ်ပြဿနာဖြေရှင်းနိုင်ဖို့ကိုပဲ ဦးစားပေးပြီး ရရာလူဆွဲရတာပါပဲ။ ဒီလို ရရာလူဆွဲတာတောင်မှ တစ်ခါတစ်ရံ ကိုယ်လိုချင်တဲ့အရေအတွက် မပြည့်မီတဲ့ အခါ ပြင်ပအသိအကျွမ်းတွေကတဆင့် လူသစ်ရအောင်ကြံရပါတော့တယ်။
အဲဒီကာလကစလို့ တပ်မတော်တပ်သားသစ်စုဆောင်းရေးလောကမှာ Trafficking in Recruit လို့ ခေါ်ရမယ့် လူကုန်ကူးမှုဆန် ဆန် တပ်သားသစ်ကုန်ကူးမှုလို အဖြစ်အပျက် မျိုးတွေ ပေါ်လာခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်သဘောနဲ့ ကျွန်တော်ဝင်တာမဟုတ်ဘူးဗျ။ အဖွားဆီကအပြန် ညောင်လေးပင် ဘူတာမှာ စစ်သားသုံးယောက်တက် လာပြီး အတင်းဆွဲစိသွားတာ။ ကျွန်တော်က ဆရာ ရယ် ကျွန်တော့်ကိုတပ်ထဲတော့ မထည့်ပါနဲ့ ကျွန်တော်ကျန်းမာရေး မကောင်း ပါဘူး လို့ပြောတာမရဘူး။ နောက်တော့ ဆေးစစ်တဲ့ ဗိုလ်ကြီးဆီရောက်သွားတယ်။ ဆေးစစ် တဲ့ဗိုလ်ကြီးကို ကျွန်တော်ကျန်းမာရေး မကောင်းလို့ပါ၊ အစာအိမ်ရောဂါရှိပါတယ် လို့ပြောပေမဲ့ မင်းဆေးအောင်တယ်လို့ပြောပြီး ထည့်လိုက်တာဗျ။ ရှေ့တန်းတောင် မလိုက်ဖြစ်လိုက်ပါဘူး။ ကျွန်တော်က တကယ့်ရောဂါသည်ပဲဥစ္စာ” လို့ စစ်မှုထမ်းသက် တစ်နှစ်ကျော်ကျော်နဲ့ တပ်မတော်ကနေ ထွက်ခွင့်ပေးလိုက်တဲ့ စစ်သည်ဟောင်း တစ်ဦးက ပြောပါတယ်။
၁၉၉၀ ကျော်ကာလလောက်က တနင်္သာရီတိုင်း၊ ကေ့သောင်း - ဘုတ်ပြင်းဝန်းကျင်မှာ သစ်ခိုးထုတ်တဲ့လူတွေ အတော်လေးပေါ ပါတယ်။ အဲဒီအချိန်က သစ်ခိုးမှုနဲ့ဖမ်းမိ ရင် ထောင်ဒဏ် ၁၄ နှစ်လောက်ကျခံရတယ်။ ဒီလိုအခြေအနေမျိုးမှာ သစ်ခိုးထုတ်သူတွေ ကို တပ်က ဖမ်းမိတဲ့အခါ ထောင် ၁၄ နှစ်အကျခံမလား၊ တပ်ထဲကိုဝင်မလားလို့ မေးပါ တယ်။ သစ်သူခိုးတွေကလည်း ထောင် ၁၄ နှစ်နဲ့စာရင် စစ်တပ်ထဲဝင်ရတာ မဆိုးဘူးလို့ တွက်ပုံရပါတယ်။ ချက်ခြင်းခေါင်းငြိမ့်ပြီး တပ်မတော်ထဲကို ဝင်လိုက်ကြပါတယ်။ နောက် ပိုင်း တဖြုတ်ဖြုတ်နဲ့ ပြန်ပြေးကြတာပေါ့။ အဲဒီလို လူမျိုးတွေရောက်သွားတဲ့ တပ်ရင်းက တပ်ရင်းမှူးတွေကတော့ တပ်ပြေး များတယ်ဆိုပြီး အထက်အငြိုအငြင်ကို ခံကြရတော့ တာပါပဲ။
နောက်ပိုင်းမှာ အထက်ကဖိအားပေးတာရော ကိုယ့်တပ်က အင်အားပြုန်းတီးမှုအတွက် ကာမိအောင်ရော တပ်ရင်းမှူးတွေက တပ်သားသစ်စုဆောင်းဖို့ ငွေကြေးစိုက်ထုတ်ပြီး ရှာဖွေလာကြပါတယ်။ ၂၀၀၄ - ၂၀၀၅ ခုနှစ်ဝန်းကျင်လောက်မှာကြည်းအတွက် တပ်သား သစ်ပေါက်ဈေးက တစ်ယောက်ကို ၅ သောင်းကျပ်ဝန်းကျင်၊ ပညာသည်အုပ်စုတွေဖြစ် တဲ့ ရေတပ်နဲ့ လေတပ်အတွက် တပ်သားသစ်ပေါက်ဈေးက တစ်သိန်းခွဲနဲ့ နှစ်သိန်းကြား မှာရှိပါတယ်။
“ကျွန်တော်ထွက်ဖို့အတွက် ရင်းမှူးက လူသစ်သုံးယောက်ရှာခိုင်းတယ်ဗျ။ ဘယ်လိုနည်းနဲ့ ရှာရမယ်ဆိုတာလည်း ပြောပြလိုက် တယ်။ ပေါက်ဈေးက အနည်းဆုံး တစ်ယောက်ကို ၅ သောင်းရှိတယ်။ ရင်းမှူးက တစ်ယောက်ကို ၃ သုံးသောင်း ကျွန်တော်စိုက်မယ်ဗျာ၊ ကျန်တာတော့ ဆရာကြီးလည်းဖန်တီးပြီးတော့ ရှာပေတော့ဆိုပြီး သုံးယောက်အတွက် ၉ သောင်းပေးလိုက်တယ်။ သိပ်ပြီးအရှာရခက်ရင် စုဆောင်းရေးဘက်ကိုသွားလို့ မှာတယ် ဗျ။ တော်သေးတာပေါ့၊ ကျွန်တော့်ရင်းမှူးက သဘောကောင်းတဲ့ သူမို့လို့ တချို့တပ်ရင်း မှူးတွေဆို ဘာမှစိုက်မပေးဘူး၊ ထွက်ချင်ရင် ကိုယ့်ဘာသာ သုံးယောက်ပြည့်အောင် ရှာလာပဲ။ အဲဒီလို ကို ကျော်ရေ အဲဒီလို” လို့ အမည်မဖေါ်လိုတဲ့ ဒုအရာခံဗိုလ် တစ်ဦးက ပြောပါတယ်။
အဲဒီကာလပေါက်ဈေးက ၅ သောင်းဝန်းကျင်မို့ သိပ်မထောင်းတာလှပေမဲ့ အခုလက်ရှိ အချိန်မှာတော့ ကြည်းတပ်တပ်သားသစ် တစ်ယောက်အတွက် ပွဲစားတွေကတဆင့်ဝယ် ရတဲ့ပေါက်ဈေးက ၇ သိန်းကျော်လောက်ရှိနေပြီလို့ သိရပါတယ်။ တစ်လကို တပ်သားသစ် တစ်ယောက် မဖြစ်မနေရှာဖွေစုဆောင်းရတာမို့ တပ်ရင်းမှူးတစ်ယောက်အနေနဲ့ လစာကို မစားမသောက်ဘဲထား မယ်ဆိုရင်တောင် နောက်ထပ် (…..) စိုက်ရမယ့် သဘောဖြစ်နေ ပါတယ်။
“တပ်ရင်းတစ်ရင်း တစ်လကို တစ်ယောက် မဖြစ်မနေစုရတယ်ဗျ။ ခြေလျင်တပ်တွေရော လက်ရုံးတပ်တွေရောပေါ့။ မရရင် ရုံးတက်ရတယ်။ ဆက်တိုက်မရရင် သတိပေးဆုံးမ တာတွေ ဘာတွေလုပ်တယ်။ ပေါက်ဈေးက ၇ သိန်းဆိုပေမဲ့ နယ်စပ်တချို့မှာ ၈ သိန်းကျော် အထိပေါက်တယ်။ ဒီတော့ တစ်လတစ်လ အဲဒီငွေရဖို့ မသမာမှုတွေလုပ် ကုန်ကြတော့ တာပေါ့။ မှတ်ပုံတင်၊ ကျောင်း ထောက်ခံချက်၊ ရဲစခန်းထောက်ခံချက်၊ ဆေးအောင် တဲ့လက်မှတ်၊ ဒါတွေရဖို့လည်း ပေးရသေးတယ်။ တပ်မှာ အချင်းချင်း လုပ်စားဖို့ အကွက်ကြီးလိုဖြစ်နေတာ” လို့ ဒုတိယဗိုလ်မှူးကြီး စံထွန်းဦး (အမည်လွှဲ) ကပြောပါတယ်။
တပ်မတော်မှာ အင်အားဖြည့်တင်းဖို့လိုတာမှန်ပေမဲ့ အခုလိုတပ်ရင်းမှူးတွေကိုဖိအားပေး တာကြောင့် တပ်ရင်းမှူးတွေလည်း ရတဲ့ နည်းနဲ့စုဆောင်းရတော့တာပါပဲလို့ ဆိုပါတယ်။ အရောင်းအဝယ်သဘောဆန်လာတဲ့ တပ်သားသစ်ဈေးကွက်မှာ ဈေးကွက်တစ်ခု ထုံးစံအတိုင်း ရောင်းလိုအား၊ ဝယ်လိုအားသာမက ပွဲစားတွေပါ ပေါ်လာပါတယ်။ ဒါ့အပြင် မရိုးမသားနဲ့ လိမ်ဝင်ပြီး ရတဲ့ငွေယူပြီး တာနဲ့ ပြန်ထွက်ပြေးကြတဲ့ လူလိမ်တွေလည်း ပေါ လာတယ်လို့ ဆိုပါတယ်။
“တဖြည်းဖြည်းနဲ့ လူမှောင်ခိုလိုလို လူကုန်ကူးလိုလို ဖြစ်လာပြီဗျ။ အခြေအနေသိသွားတဲ့ လူလိမ်တချို့ကလည်း ဒီဘက်တပ်မှာ ဝင်မယ်ဆိုပြီး ငွေယူ၊ ပြီးတော့ထွက်ပြေးပြီး နောက် တစ်နေရာမှာ ထပ်လုပ်စားကြတယ်။ သူ့ဘာသာ ခံယူချက်ရှိလို့ ဝင်လာတဲ့သူ မျိုးကတောင် ဘယ်လောက်ပေးမှာလဲ၊ ဘယ်လောက်တော့ ကြိုပေးရမယ်တွေ ဘာတွေ ဖြစ်ကုန်ပြီ။ ကြာရင် တပ်မတော်အတွက် မကောင်းဘူးဗျာ။ ကျွန်တော်တို့အနေနဲ့ ပြောလည်းပြော ချင်တယ်။ ပြောလည်း မပြောရဲဘူး” လို့ ဒုတိယဗိုလ်မှူးကြီး စံထွန်းဦးက ပြောပါတယ်။
တပ်မတော်ရေမှာတော့ A Group ခေါ် ပညာသည် (က) အုပ်စုကိုပဲ လက်ခံတော့တာမို့ တပ်မတော်ကြည်းတပ်သားသစ်ပေါက် ဈေးထက် နှစ်ဆလောက်ပေးရတယ်လို့ဆိုပါတယ်။ သင်တန်းတက်ဖို့ အစစအရာရာ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ ထောက်ပံ့ရတဲ့ အပြင် မိဘတွေကိုလည်း အနည်းဆုံး သုံးလေးသိန်းပေးပြီး စည်းရုံးရတယ်လို့သိရပါတယ်။
“ကျွန်တော်တို့ဆီမှာတော့ ၁၀ တန်းအောင်ဘွဲ့ရတွေကိုပဲ ဦးစားပေးခေါ်ရတော့ ဈေးက ကွာသွားတာပေါ့။ လုပ်ငန်းသဘာဝအရ ပညာမတတ်လို့ကလည်းမဖြစ်ဘူးမဟုတ် လား။ ခေတ်မီ စစ်လက်နက်ပစ္စည်းတွေက ကွန်ပြူတာနဲ့ချိတ်ဆက်အသုံးပြုရတာလေ။ ဒါ့ကြောင့် ပညာတတ်တွေဝင်လာဖို့လိုတယ်။ တစ်နည်းအားဖြင့် တပ်မတော်ကို အဆင့်မြှင့်နေတာလို့လည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ ပညာသည်အုပ်စုတွေ မဖြစ် မနေရအောင် စုခိုင်းတော့ ဈေးကတက်လာတယ်။ ပွဲစားတွေက ခြေရှုပ်၊ တချို့ ILO ကို မြှောက်ပေးပြီး သင်တန်းကျတော့မှ စိတ်မပါဘူးဆိုပြီး ငွေလိမ်ပြီး ပြန်သွားတဲ့ သူမျိုးတွေလည်း ရှိတယ်။ တချို့ဆိုရင် စုဆောင်း တုန်းက ငွေမနည်းအကုန်ခံပြီးစုထား ရတာ။ စစ်သက် ၈ နှစ်လောက်ရှိမှ ILO အကူအညီနဲ့ အသက်မပြည့်ဘူးဆိုပြီး ပြန်ထုတ် သွား တာတွေလည်းရှိတယ်။ စုဆောင်းစရိတ်ငွေတွေ အကုန်ဆုံးတာပေါ့” လို့ အမည်မဖေါ်လိုတဲ့ တပ်မတော်ရေက အရာရှိကြီးတစ်ဦး ကပြောပြပါတယ်။
တပ်မတော်ကြည်းအတွက် တပ်သားသစ်စုဆောင်းတဲ့သူတွေက သူတို့နည်းသူတို့ဟန်နဲ့ အရင်ဆုံးကြိုးစားပြီးရှာကြကြောင်း၊ ရှာလို့အဆင်ပြေရင် သူတို့အတွက်စားရကြောင်း၊ ဘယ်လိုမှ ရှာမရတော့တဲ့အခါ ပွဲစားတွေနဲ့ ဆက်သွယ်ရကြောင်း၊ ပွဲစားဆီ ရောက်သွားပြီ ဆိုတာနဲ့ ပေါက်ဈေးက ၇ သိန်းရှိကြောင်း မကြာခင်ကမှသင်တန်းဆင်းလာတဲ့ စစ်သည်တစ်ဦးဖြစ်သူ တပ်သား ကျော်ကျော်ဗို (အမည်လွှဲ) က ပြောပါတယ်။
“ကျွန်တော်ဝင်တုန်းက ၆ သိန်းရတယ်အစ်ကို။ ကျန်တဲကောင်တွေ ၃ သိန်းလောက်ပဲ ရတယ်။ ကျွန်တော်က ဝင်တဲ့တပ်က တပ်ရင်းမှူးနဲ့ သိနေလို့ရတာပါ။ တချို့ ဘုမသိ ဘမသိနဲ့ဝင်လာပြီး တစ်ပြားမှမရတဲ့သူလည်းရှိပါတယ်။ ဆယ်တန်းအောင်ဘွဲ့ရက တစ်ဈေး ဗျ။ ရှစ်တန်းအောင်လောက်ဆို ၄ သိန်းလောက်ရတယ်။ တပ်ရင်းတစ်ရင်းနဲ့တစ်ရင်းပေး တာလည်း မတူတော့မတူကြဘူး။ ကိုယ်တိုင်ရှာမရတဲ့အခါ လူသစ်ရှာတဲ့စစ်သားတွေလည်း ပွဲစားနဲ့ဆက်သွယ်ရတော့တာပေါ့။ ပွဲစားတွေက ရန်ကုန်၊ မင်္ဂလာဒုံ ပတ်ဝန်းကျင်က အမျိုးသမီးတွေများတယ်” လို့ သူကပြောပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ တပ်သားသစ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ အတုတွေများကြောင်း၊ အင်အား ၁၅၀ ကျော် လောက်ရှိတဲ့ သင်တန်းတစ်ခုမှာ ၁၀၀ လောက်က စာရွက်စာတမ်းအတုတွေနဲ့ဝင်လာကြကြောင်း၊ အသက်ကျော်နေတဲ့ သူတွေ၊ စစ်သားဟောင်းတွေ၊ ရဲဝန်ထမ်းဟောင်းတွေနဲ့ ရဲကအလိုရှိနေတဲ့သူတွေ ပါကြောင်း၊ သင်တန်းကျောင်းတွေကလည်း သိသိကြီးနဲ့ လက်ခံကြကြောင်း၊ အပေးအယူတွေရှိကြောင်း တပ်သားကျော်ကျော်ဗိုကပြောပါတယ်။
“သင်တန်းမှာ သင်ကြားရေးကို သိပ်ဂရုမစိုက်တော့ဘူး အစ်ကိုရ။ သင်တန်းတပ်ခွဲ မှူးတွေက သင်ကြားရေးထက် သင်တန်းသား တွေလစာငွေကို ဘယ်လိုခေါင်းစဉ် တပ်ပြီး ဖြတ်ရမလဲဆိုတာပဲ စဉ်းစားနေကြတာများတယ်။ တပ်ထဲက အဆောက်အအုံတွေ၊ မီးဖိုတွေ၊ ရေကန်တွေပြင်တယ်လို့ပြောပြီး လစာထဲကဖြတ်တော့တာပဲ။ ပြင်တာက နည်းနည်း ဖြတ်တာကများများပေါ့။ လစာ ၁၂၀,၀၀၀ ရတယ်၊ ၃၀,၀၀၀ စုရတယ်။ စုတာကတော့ ကိုယ့်ပိုက်ဆံမို့ထားပါတော့။ ပိုတဲ့လစာငွေ ၉၀,၀၀၀ မှာ ကျွန်တော်တို့ ထုတ်ရတာ အလွန်ဆုံး နှစ်သောင်းခွဲ၊ သုံးသောင်းပဲ။ လစာထုတ်ရက်ဆိုရင် တပ်သား သစ်တွေ စိတ်ညစ်နေကြပြီ။ ဒီကြားထဲမှာ ရိက္ခာကလည်း ဖြတ်စားသေးတယ်။ ကျွန်တော်စစ်သား သားသမီးပါ အစ်ကို” လို့ သူကပြောပါတယ်။
သင်တန်းဆင်းခါနီးမှာ သင်တန်းနဲ့ပတ်သက်ပြီးအကြံပြုစာတွေရေးဖို့ လေ့ကျင့်ရေးဌာနက စာရွက်တွေဝေပေးကြောင်း၊ နည်းပြ အခြေအနေ၊ လစာကိစ္စ၊ ကျွေးမွေးမှု အသေးစိတ် ပါကြောင်း၊ တကယ်ရေးပြီး လူကြီးဆီတင်တဲ့အခါ သူတို့ရေးထားတဲ့ စာရွက်တွေကို တခြား စာရွက်တွေနဲ့ အစားထိုးလဲပစ်လိုက်ကြကြောင်း သူကဖြည့်စွက်ပြောပါတယ်။
ငွေကြေးပေးပြီး စုဆောင်းတာဟာ တပ်မတော်တစ်ရပ်အတွက် မှန်ကန်တဲ့တပ်သားသစ် စုဆောင်းနည်း မဟုတ်ကြောင်း၊ စစ်သည် တွေရဲ့ ဘဝရပ်တည်မှု ခိုင်မာသထက်ခိုင် မာအောင် လုပ်ပေးနိုင်မှသာ အဆင်ပြေနိုင်မယ်လို့ထင်ကြောင်း အငြိမ်းစားတပ်မတော် အရာရှိတစ်ဦးက ပြောပါတယ်။
“တပ်ရင်းမှူးတွေကို ခွဲတမ်းနဲ့ တပ်သားသစ်ရှာခိုင်းတော့ အခုလို ငွေပေးဝယ်ရတဲ့ အခါ ငွေ ကို ရတဲ့နည်းနဲ့ ရှာကြမှာပေါ့ဗျာ။ ဒါဆို မသမာမှုတွေဖြစ်ပြီပေါ့။ ဒီလိုနဲ့ သံသရာလည်နေ မှာပဲ။ စစ်သည်တွေရဲ့ ဘဝအာမခံချက်ကိုသာ ခိုင်မာအောင်လုပ်ပေးဖို့လိုပါ တယ်။ ဒါဆိုရင် တပ်သားသစ် အသည်းအသန်လိုက်ရှာစရာမလိုတော့သလို တခြားဆက်စပ်အခက် အခဲတွေလည်း ပြေလည် သွားနိုင်မယ်လို့ ထင်ပါတယ်” လို့ အဆိုပါအငြိမ်းစားအရာရှိ က ပြောပါတယ်။
စစ်သည်တွေရဲ့ ဘဝအာမခံချက် ခိုင်မာအောင်ဆောင်ရွက်ပေးဖို့လိုတယ်ဆိုတဲ့ အဆိုပါ အငြိမ်းစားအရာရှိစကားကို စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးမြင့်သူ (အမည်လွှဲ) ကလည်း ထောက်ခံပြောဆိုပါတယ်။
“၇ သိန်း။ နည်းတာပေါ့အစ်ကိုရာ။ စစ်သင်တန်းဆင်းပြီးတာနဲ့ တရားဝင် ၁၀ သိန်းပေးပြီး ၁၀ နှစ် စာချုပ်ချုပ်သင့်ပါတယ်။ လစာ က အနည်းဆုံး ၃ သိန်း၊ ယူနီဖေါင်းနဲ့ အစား အသောက်ပြည့်စုံနေမှ နေပျော်မှာပါ။ ကျန်းမာရေးနဲ့ ဆေးဝါးကုသရေးမှာတော့ ခြေ ဆုံးခေါင်းဆုံး စစ်တပ်က တာဝန်ယူရပါမယ်။ စစ်သက် ၁၀ နှစ်ပြည့်ရင် ငွေ ၁၀ သိန်းနဲ့ စစ်သက် အနှစ် ၂၀ ပြည့်ရင် တိုက်ခန်း တစ်ခန်းပေးသင့်ပါတယ်။ ငွေမက်လို့ တပ်ထဲ ဝင်တာ မဟုတ်ပေမဲ့ နောက်မှာကျန်ခဲ့ရမယ့် မိသားစုအရေးနဲ့ ရှေ့ဆက်ရမယ့် ဘဝ ရှေ့ရေးကို ငွေကြေးနဲ့ဖြောင့်ဖြူးပေးထားမှ သက်စွန့်ကြိုးပမ်း တာဝန်ထမ်းချင်တော့ မှာပေါ့” လို့ သူက ဆိုပါတယ်။
တပ်သားသစ်ကို ဝယ်ယူစုဆောင်းတာနဲ့ ပတ်သက်ရင် အမြင်က အမျိုးမျိုးပါပဲ။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိအများစု ကတော့ ဒီစနစ်ကို မနှစ်သက်ကြတာတွေ့ ရပါတယ်။ ဒါပေမဲ့ လိုအပ်ချက်အရ မလွှဲမရှောင်သာလုပ်ရတာပဲလို့ နားလည်ပေးတဲ့ အငြိမ်းစားအရာရှိကြီးတချို့လည်း ရှိပါတယ်။
“တပ်ရင်းတစ်ရင်းကို တစ်လလူဘယ်နှယောက် စုရမယ်။ ခွင့်ပြန်ချင်ရင် ဘယ်နှယောက်၊ ထွက်ချင်လား ဘယ်နှယောက် စတဲ့ အမိန့်တွေကြောင့် ဒီလိုဖြစ်နေတာပါ။ တပ်တွေမှာ တပ်သားပြုန်းတီးမှုအများကြီးရှိတာ ဘယ်လိုပြန်ပြီး ဖြည့်တင်းကြမလဲ။ တစ်နှစ်စာပြုန်း တီးမှုက နည်းတဲ့အရေအတွက်မဟုတ်ဘူး။ လုပ်သင့်တာက National Service လုပ်သင့်နေပြီ။ ပြည်တွင်းစစ်ကြီးမပြီးနိုင်လို့ လုပ်လို့မရတာ အားလုံးနားလည်ပေးကြ ပါ။ လောလောဆယ်တော့ အခုလို လုပ်ပေးနေတဲ့သူတွေကိုတောင် ကျေးဇူးတင်ရ မလိုပါပဲ” လို့ အငြိမ်းစားဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး (အမည်လွှဲ) က ဆိုပါတယ်။
ကျွန်တော်ကတော့ စီးပွားရေး လုပ်ငန်းရှင် ဦးမြင့်သူရဲ့ အဆိုကိုထောက်ခံချင်ပါတယ်။ လူတွေ အသက်ကြီးလာလေ အနာဂတ် အတွက် စိုးရိမ်စိတ်များလာလေပါပဲ။ တပ် မတော်သားဘဝနဲ့ သစ္စာရှိရှိ၊ တာဝန်ကျေကျေ နိုင်ငံ့တာဝန်ကို သက်စွန့်ကြိုးပမ်း ထမ်း ဆောင်ပြီးလို့ အနာဂတ်ဘဝအတွက် ခိုင်မာတဲ့ အာမခံချက်တစ်ခုခုရှိမယ်ဆိုရင် တပ်သားသစ် အတင်းစုဆောင်းနေစရာ၊ ဝယ်ယူ စရာလိုမယ်မထင်ပါ။ ဝင်လာမစဲ တသဲသဲနဲ့ စိတ်ကြိုက်ရွေးယူရုံပါပဲလို့ ဆိုချင်ပါတယ်။ ဒါကို ငွေမက်တယ်၊ အခွင့်အရေးမက်တယ် လို့ သွားဝေဖန်လို့ မဖြစ်ပါ။ ခေတ်မတူတော့ပါ။
လက်ရှိခေတ်က ဦးနုခေတ်ကလို လစာ ၈၅ ကျပ်နဲ့ ရွှေဝယ်စုလို့ရတဲ့ခေတ်မဟုတ်တော့ပါ။ ၁၉၈၁ ခုနှစ် ဝန်းကျင်လောက်က ကျွန်တော့်အဖေ တပ်ကမထွက်ခင် တောဘက်မှာ ဝိုင်း (မြေကွက်) ကလေးတစ်ဝိုင်းဝယ်ထားတာ ၂၅၀ ကျပ်ပဲ ပေးရပါတယ်။ အဲဒီကာလက တစ် လ စာပဲဆိုပါတော့။ အခု အခြားအဆင့်တစ်ယောက်ရဲ့လစာ ခြောက်နှစ်စာလောက် မစား မသောက်ဘဲ စုထားမှ မြေကွက် လေးတစ်ကွက် လောက် မြို့စွန်မှာ ဝယ်နိုင်မှာ ပါ။ ငွေကြေးဖေါင်းပွမှုကြောင့် ဖြစ်လာတဲ့ တန်ဖိုးကွာဟမှုက အလွန်ကြီးမားပါတယ်။ စီးပွားရေးပညာရှင်တွေ ပိုနားလည်ပါလိမ့်မယ်။
ဒါ့အပြင် အခုခေတ်က ကျွန်တော်တို့ငယ်ငယ်ကလို ရပ်ကွက်ထိပ်က သုံးထပ်သားရေဒီ ယိုကြီးရှေ့မှာ ကလေးတွေစုပြီး “မောင် ညီမလေးတို့ရေ” ဆိုတဲ့ ပုံပြင်မျိုးစုပြုံနားထောင် ရတဲ့ ခေတ်မဟုတ်ပါ။ နံပြားလောက်ရှိတဲ့ ဓာတ်ပြားအကြီးကြီးတွေ ဖုန်တွေသုတ် ပြီး သီချင်းနားထောင်ရတဲ့ခေတ်လည်း မဟုတ်တော့ပါ။ ဆယ်တန်းမအောင်တဲ့ လူငယ် တစ်ယောက်တောင်မှ သူ့ဘာသာ လေ့လာပြီး ကွန်ပြူတာကို ဂျောင်းဂျောင်းပြေး သုံးနေ တဲ့ခေတ်ပါ။ အင်တာနက်ခေတ်၊ အိုင်တီခေတ်ပါ။ ဒါ့ကြောင့် အတွေးအခေါ် တွေကွာ ပါတယ်။
ထပ်ပြောပါရစေ။ ကျွန်တော့်အဖေ လစာတစ်လစာလောက်နဲ့ မြေတစ်ကွက်ဝယ်လို့ ရခဲ့ ဖူးပြီး အဲဒီမြေကွက်ပေါ်မှာ ကျွန်တော်တို့ အိမ်ဆောက်နေခဲ့ဖူးပါတယ်။ အိမ်တန်ဖိုးကလည်း ဝါးကပ်မိုး၊ ထရံကာ တစ်လုံးကို ၅၀၀ ကျပ် ဝန်းကျင်လောက်ပဲကျပါတယ်။ မြေ ကွက်ဖိုးနဲ့ အိမ်ဖိုးပေါင်းရင်တောင် ၃ လစာမျှသာ ရှိပါတယ်။ လင်မယားနှစ်ယောက်စလုံးချွေတာ စုဆောင်းပြီး တစ်ဘက်ကလည်း ဈေးရောင်း၊ ဝက်မွေး စီးပွားရေးလေး တတ်နိုင် သမျှလုပ်မယ်ဆိုရင်တောင် တပ်ကထွက်တဲ့အချိန်မှာ နေစရာအတွက် သိပ်မပူရပါ ဘူး။ အခု နယ်မြို့တစ်မြို့မှာပဲ မြို့စွန်မှာ မြေကွက်တစ်ကွက်ကို သုံးလစာ မဆိုထားနဲ့ သုံးနှစ် စာလစာနဲ့ ဝယ်လို့ရပါ့မလား။ အငြိမ်းစားတပ်မတော်သားပေါင်း မြောက်များစွာထဲက တစ်ဦးစ နှစ်ဦးစ ပြေလည်နေတာကို ကောက်ချက်ချလို့မရပါ။ ကျွန်တော် မြင်တဲ့ အဖြေကလည်း ဦးမြင့်သူမြင်တဲ့အတိုင်းပါပဲ။
တောသူတောင်သားကအစ လူတော်တော်များများ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ငွေ ရှာနေတဲ့ခေတ်မှာ ဘဝအာမခံချက် ဘာတစ် ခုမှ ခိုင်ခိုင်မာမာမရှိတဲ့နေရာတစ်ခုမှာ အသက်ကိုရင်းပြီး စွန့်စွန့်စားစား တာဝန်ထမ်းဆောင်ဖို့ဆိုတာ သိပ်လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ။ ခေတ်ပညာတတ် လူငယ်ဆိုရင် ပိုဆိုးမှာပေါ့။ နိုင်ငံခြားသွားတဲ့သူတိုင်း အဆင်ပြေတာမဟုတ်ပေမဲ့ အညာမှာ အဝေးရောက်သားကပို့တဲ့ငွေနဲ့ အိမ်ကြီး ရခိုင်ဆောက်ပြီး စိတ်ချမ်းသာနေတဲ့ မိဘတွေအများကြီးပါ။ ဒီတော့ လူငယ်တွေအနေနဲ့ ဘယ်လောက်ပဲ အမျိုးချစ်တယ်ပြောပြော ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ နဲ့ နှိုင်းယှဉ်ကြည့်လာတတ်ပါပြီ။ ယောက်ကျားလေးအတော်များများ ထုံးစံအတိုင်း တိုက်ရခိုက်ရတဲ့အလုပ်ကို ဝါသနာပါကြပါတယ်။ ကိုယ့်တိုင်းပြည်အတွက်ဆို ဆိုဖွယ်ရာ မရှိပြီပေါ့။ ဒါပေမဲ့ လက်ရှိအခြေအနေအရ အနာဂတ်မဲ့နေတဲ့ စစ်သားလူထွက်တွေ ကိုကြည့်ပြီး သူတို့စစ်ထဲဝင်ဖို့ တွန့် နေကြပါတယ်။ အတော့်ကို ဝါသနာကြီးတဲ့ သူလောက် သာ ဝင်မှာပါ။
ဒါ့အပြင် တပ်မတော်မှာ တခြားတိုင်းပြည်တွေလို အရပ်သားသန့်ရှင်းရေးဝန်ထမ်းတွေ ခန့်ပြီး တပ်ထဲကသန့်ရှင်းရေးကိစ္စတွေခိုင်း စေသင့်ပါတယ်။ အရာရှိ/ စစ်သည်တွေကို ကိုယ့်အိပ်ဆောင်သန့်ရှင်းရေးလောက်ကလွဲလို့ မလိုအပ်ဘဲ Fatigue မခိုင်းသင့်ပါ။ အရာရှိနဲ့ အခြားအဆင့်ကြားထဲက ဆက်ဆံရေးကွာဟမှုကို လျှော့နိုင်သမျှလျှော့ချ သင့်ပါတယ်။ တပ်ထဲကထွက်ရင်နေဖို့ တန်ဖိုး သင့်တိုက်ခန်းပြင်ဆင်ထားပေးမယ်ဆိုရင် ကိုယ့်မိသားစုနောင်ရေးအတွက် စိတ်အေးပြီး ရှေ့တန်းမှာ ရွပ်ရွပ်ချွန်ချွန်တာဝန် ထမ်း ဆောင်နိုင်ပါလိမ့်မယ်။ တပ်မှာတာဝန်ထမ်းဆောင်စဉ်အတွင်း ဥပမာ Suzuki လို ဈေးနှုန်းသက်သာတဲ့ မော်တော်ကားလို ပစ္စည်း မျိုးဝယ်နိုင်ဖို့ Installment Plan တွေ လုပ်ပေးထားနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ခြုံပြောရရင် အနာဂတ်ကိုသာ လှပအောင် ခိုင်ခိုင် မာမာ တည်ဆောက်ပေးလိုက်မယ်ဆိုရင် စစ်သွေးရှိတဲ့မြန်မာတွေ စစ်ထဲဝင်ဖို့ဆို တာ ဘာမှမခဲယဉ်းဘူးလို့ ဆိုချင်ပါတယ်။
အဓမ္မဆွဲသွင်းလို့ပဲဖြစ်ဖြစ် ငွေကြေးနဲ့ဝယ်ယူလို့ပဲဖြစ်ဖြစ် တပ်ထဲရောက်လာတဲ့ စစ်သား တစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ မိမိ သဘောဆန္ဒအလျောက်ဝင်လာတဲ့ စစ်သား တစ်ယောက် ရဲ့ စိတ်ဓာတ်နဲ့ ကွာခြားမှာအမှန်ပါပဲ။ အုပ်ချုပ်ကွပ်ကဲရတဲ့ အထက် အရာရှိ အသီးသီးလည်း စိတ်ညစ်မှာပါ။ အခြေအနေပေးရင် ရေး ၃ စပ်ဖို့လည်း ချောင်းနေ တဲ့သူဖြစ်နိုင်ပါသေးတယ်။ ဆိုးချင်သ လောက်ဆိုးပြီး မိုက်ချင်သလောက်မိုက်ပါစေ တပ်မတော်သားတစ်ယောက်ဖြစ်လာရင် စစ်သားပီသအောင် တပ်မတော်က ထုဆစ်နိုင် ပါတယ်။ ဒါပေမဲ့ အခြေခံစိတ်ဓာတ်မကောင်းတဲ့ လူပေါ့လူသွမ်းတွေ၊ လူယုတ်မာတွေ စားပေါက်ချောင်လို့ဖြစ်စေ၊ ငွေ ကြေးမြိုးမြိုးမြက်မြက်ရလို့ဖြစ်စေ တပ်မတော်ထဲဝင်လာတဲ့ အခါမှာတော့ တပ်မတော်တစ်ရပ်လုံးနစ်နာပါတယ်။
တစ်ခါတုန်းက ကျူရှင်ကြော်ငြာတစ်ခုတွေ့ဖူးပါတယ်။ “မိဘများ စိတ်အေးချမ်းသာစွာ စီးပွားရှာပါ။ သားသမီးများရဲ့ ပညာရေးကို ကျွန်တော်တို့တာဝန်ယူပါရစေ” တဲ့။ အခုလည်း “တပ်မတော်သားများ တာဝန်သိသိ၊ သစ္စာရှိရှိနဲ့ တိုင်းပြည်တာဝန်များကို ရွပ်ရွပ် ချွန်ချွန် ထမ်းဆောင်ပါ။ သင်တို့ရဲ့အနာဂတ်အတွက် တပ်မတော်က တာဝန်ယူပါရစေ” ဆိုရင် တဖြည်းဖြည်း ဆန်ကာနဲ့ စစ်ယူရ မယ့်အခြေအနေမျိုးအထိ ဝင်လာမစဲတသဲသဲ ဖြစ်လာမှာ ပါ။ အိပ်မက်သာ မက်ခွင့်ပေးလိုက်ပါ၊ တပ်သားသစ်တွေ PT ပြေးရင်း အော်တဲ့ “ဘာလုပ်နေလဲ၊ လေ့ကျင့်နေတယ်၊ ဘယ်သူ့အတွက်လဲ၊ ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ် လဲ၊ သံမဏိစိတ်ဓာတ် … သံမဏိစိတ်ဓာတ်” ဆိုတဲ့အသံတွေ မြန်မာပြည်တစ်ပြည်လုံး ဘဝဂ်ညံလောက်အောင် သိမ့်သိမ့်တုန်ဟိန်းထွက်သွားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ရဲကျော်သူရ
မှတ်ချက် -
ပြုပြင်ပြောင်းလဲစေလိုတဲ့ရည်ရွယ်ချက်နဲ့ လက်ရှိ တပ်မတော်ထဲက တပ်မှူးတွေ ခံစားနေရ တဲ့ ဝေဒနာကို ထင်ဟပ်ပေါ်လွင်စေချင်လို့ ဒီဆောင်းပါးကို ရေးပါတယ်။ ဒီဆောင်းပါးထဲမှာ ပါတဲ့အချက်အလက်တွေဟာ တပ်မတော်ကိုပုတ်ခတ်ဝေဖန်နေတဲ့ အဖွဲ့အစည်းတွေ က ပေးတဲ့အချက်အလက်တွေ တစ်ခုမှ မပါပါခင်ဗျား။

No comments:

Post a Comment