Friday, January 22, 2016

"ဂျပန်လူမျိုး များ အလုပ်အပေါ် ထားသော စိတ်ဓါတ်..."


သူငယ်ချင်း တစ်ယောက်က
'ဟေ့ကောင် မင်းမရှက်ဘူးလား' တဲ့
ဟ.. ငါက ဘာကိုရှက်ရမှာလဲ
'မင်း အဲ့ဒီမှာ ပန်းကန် ဆေးခဲ့ ရတာကို Facebook ပေါ်တင်တာလေ'
အဲဒါ ရှက်စရာလား ဆိုတော့
အေးလေ ရှက်စရာ ပေါ့ မင့်အစား ငါရှက်တယ် တဲ့

'ဟ ရှက်ခြင်းရှက် မင့်ကိုယ်မင်း ရှက်ရမှာ
မိဘ ချမ်းသာရဲ့နဲ့ ကိုယ်ပိုင် စီးပွားရေး မလုပ်ပဲ
အခု အသက် ၃၀ ထိ လက်ဖြန့်တောင်းသုံး နေရတုန်းလေ' လို့ ပြောလိုက်တော့
'အတော်ပြောရ လက်ပေါက်ကပ်တဲ့ကောင်' ဆိုပြီး လိုင်းပေါ်က ဆင်းသွားလေရဲ့။
ကျွန်တော့ ဆောက်လုပ်ရေးက အလုပ်ခေါင်းဆောင် ကိုမေးကြည့်ခဲ့ဖူးတယ်...
' ဟိနုမ စံ ခင်ဗျား မှာ အိမ်အကြီးကြီး လည်းရှိတယ် ကားတွေလည်း နှစ်စီး သုံးစီး..သားသမီး တွေကလည်း အိမ်ထောင်တွေ ကျကုန်ပြီ
ငွေတွေလည်း အများကြီးရှိတယ်
အသက်ကလည်း ၆၅....ဘာလို့များ ဒီပင်ပန်းတဲ့ ဆောက်လုပ်ရေး
အလုပ်လာလုပ်နေသေးလဲဗျာ' ဆိုတော့..
'ငါ ငယ်ငယ် ကတည်းက လုပ်လာတဲ့ ဒီအလုပ်ကို ချစ်လို့၊
ပြီးတော့ ငါတို့ လူမျိုးက အလုပ်လုပ်ရင်း သေကြတယ်၊
အိမ်မှာ အားလုံး အလုပ်သွားကြရင် အလုပ်မရှိပဲ ကျန်နေခဲ့ရတဲ့ လူတစ်ယောက်ရဲ့ သိမ်ငယ်စိတ် ကို မင်း အသက်ကြီးရင် နားလည်လာလိမ့်မယ် ' တဲ့
ငါတို့ မြန်မာတွေက အသက်ကြီးရင် ဘာမှ မလုပ် တော့ဘူး အိမ်မှာပဲ နေကြတယ် ဆိုတော့
အံ့ဩ တဲ့ အကြည့်နဲ့ ကြည့်နေခဲ့လေတယ်။
အခု လက်ရှိ ကျွန်တော့ ဆိုင်က သဌေး
တိုကျို မြို့ပေါ်မှာ စားသောက်ဆိုင် ၁၄ ဆိုင်ပိုင်တယ်
သူဆိုင်ကို လာလို့ ပန်းကန်ဆေး တဲ့သူ မရှိရင် သူဝင်ဆေးတယ်၊
စားပွဲ ဝင်ထိုးတယ်၊ အိမ်သာဆေးတယ်။
' ရှချော ဒါ သူဌေး လုပ်ရမဲ့ အလုပ်မဟုတ်ပါဘူး
ကျွန်တော် တို့ လုပ်ပါ့မယ် 'ဆိုတော့
'ကောင်းတဲ့ အလုပ်မှာ အဆင့်အတန်းဆိုတာ မရှိဘူး အလုပ်ရှိပြီး မလုပ်ရင်သာ အဆင့်မရှိတာ' တဲ့လေ။
ဂျပန်လူမျိုးတွေ အလုပ်အသားကုန်လုပ်ကြတယ်၊ အလုပ်စွဲကြတယ်
(ခွင့်ရက် မယူကြလို့တောင် အစိုးရက မယူမနေရ ခွင့် ၅ ရက်
သတ်မှက်ရတဲ့ အထိ) ဘာအလုပ်ဖြစ်ဖြစ် လုပ်ကြတယ်၊ အလုပ်ရှိမှ ဂုဏ်ရှိတယ် ယူဆကြတယ်။
(အတုယူ ရမှာပါပဲ)
မင်းယျာ

No comments:

Post a Comment