Thursday, January 21, 2016

အစ္စရေးက အီရတ် MIG-21 တိုက်လေယာဉ်ကို ခိုးယူခြင်း

MirageMIG-21
ရုရှားနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် MIG.21 တိုက်လေယာဉ်သစ်ကို ထုတ်လုပ်လိုက်သည်။ အီဂျစ် ဆီးရီးယား အီရတ်နိုင်ငံများသို့ ဖြန့်ဖြူးရောင်းချနေသည်။ အစ္စရေးတို့က MIG.21 တိုက်လေယာဉ်၏ လျှို့ဝှက်ချက်များကို သိလိုသည်။ "ရန်သူကိုင်ထားတဲ့ လက်နက်ကို ကိုယ်က ရထားရင် ရန်သူကို အပေါ်စီးရတာပဲ၊ ဒါ စစ်ဗျူဟာမှာ အဓိကအချက်ပဲ"ဟူသော အဆိုကို အစ္စရေးတို့က လက်ကိုင်ထားသည်။
ထိုကြောင့် အစ္စရေးစစ်ဘက်ခေါင်းဆောင်များသည် MIG.21 တိုက်လေယာဉ် ရရှိရန်အတွက် မော့ဆက်ထောက်လှမ်းရေးကို အမိန့်ပေးလိုက်သည်။
"ကျုပ်တို့တတွေ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် မဖြစ်ဖြစ်တဲ့နည်းနဲ့ MIG.21 တိုက်လေယာဉ်ကို ရအောင် ယူရမယ်"
အထက်အမိန့်ဖြစ်သဖြင့် အစ္စရေးထောက်လှမ်းရေးများသည် MIG.21 တိုက်လေယာဉ် ရရှိရေး အလေးထား ဆောင်ရွက်ရသည်။ သို့သော် လွယ်ကူသည့် ကိစ္စမဟုတ်ပါ။ အစောင့်အကြပ်တွေ အထပ်ထပ်ချ၍ စောင့်ကြပ်ထားသော လေယာဉ်ကို ဘယ်ပုံဘယ်နည်းဖြင့် အရယူမည်နည်း။ ဖြစ်နိုင်သော နည်းလမ်းအသွယ်သွယ်ကိုကို ရှာဖွေကြသည်။
လေယာဉ်မှူးများကို ငွေကြေးပုံပေးပြီး လာဘ်ထိုးရမည်လော။
အီဂျစ်နိုင်ငံ တစ်နေရာတွင် ကုန်ချလာသော လေယာဉ်ကို ကြားဖြတ်ဝင်တိုက်၍ သိမ်းရမည်လော။
လေတပ်စခန်းတစ်ခုခုတွင် စပိုင်တစ်ယောက်ထားပြီး လျှို့ဝှက်ထောက်လှမ်းခိုင်းရမည်လော။
လောယာဉ်ကို အစ္စရေးပိုင်နက်ထဲသို့ မျှားခေါ်ပြီး ပစ်ချရမည်လော့ (သို့မဟုတ်) လေယာဉ်မှူးနဲ့ ဆက်သွယ်ပြောဆိုကာ ဆင်းခိုင်းရမည်လော။
မော့ဆက်အဖွဲ့ကြီးသည် နည်းများ သေသေချာချာ လေ့လာဆန်းစစ်သောအခါ လေယာဉ်မှူးကို ဖြားယောင်းသိမ်းသွင်းပြီး လေယာဉ်ကို မောင်းယူလာစေခြင်းသည် အကောင်းဆုံးနည်းဖြစ်ကြောင်း သဘောပေါက်ကြသည်။ အဘယ်ကြောင့်ဆိုသော် အစ္စရေးတို့သည် အာရပ်လေယာဉ်မှူးများ၏ အကြောင်းကို အာရပ်စစ်ဘက်ခေါင်းဆောင်များထက် ခရေစေ့တွင်းကျ သိထားသောကြောင့် ဖြစ်သည်။ အစ္စရေးတို့တွင် တစ်ပန်းသာသော အချက်ရှိသည်။ အာရပ်လေယာဉ်မှူးများသည် ပြည်တွင်းလေ့ကျင့်သင်ကြားမှု မပြည့်စုံသဖြင့် အမေရိကန် ဗြိတိန် ပြင်သစ် ဆိုဗီယက်ပြည်ထောင်စုတို့တွင် လေ့ကျင်သင်ကြားကြရသည်။ လေ့ကျင့်ပေးသော နိုင်ငံများက အာရပ်လေယာဉ်မှူးများ၏ ကိုယ်ရေးမှတ်တမ်းများကို တိကျမှန်ကန်စွာ ထားကြသည်။ အစ္စရေးတို့သည် ထိုအာရပ်လေယာဉ်မှူးများ၏ ကိုယ်ရေးမှတ်တမ်းများကို လက်ဝယ်ရရှိရန် ကြိုးစားလေ့ရှိသည်။ ရရှိလာသော အာရပ်လေယာဉ်မှူးများ၏ ကိုယ်ရေးမှတ်တမ်းများကို သေချာစွာ လေ့လာပြီးသောအခါ မူဆလင်မဟုတ်သော အရပ်လေယာဉ်မှူးများကို သိမ်းသွင်းလျှင် ပိုမိုလွယ်ကူမည်ဖြစ်ကြောင်း ခန့်မှန်းတွက်ဆကြသည်။ ခရစ်ယန်ဘာသာဝင်နှင့် အခြားဘာသာဝင်များသည် အာရပ်နိုင်ငံများတွင် လူနည်းစုဖြစ်သဖြင့် ပိုမိုလွယ်ကူစွာ ကိုင်တွယ်နိုင်သည်။ ထို့ကြောင့် အရပ်လေယာဉ်မှူးများကို မော့ဆက်က မျက်ခြည်မပြတ် ထောက်လှမ်းစုံးစမ်းလေတော့သည်။
ယင်းသည့်တိုင် (၄)လ အချိန်ကာလ ကျော်လွန်သွားသော်လည်း စီမံကိန်းအောင်မြင်မှု တစ်စုံတရာ မဖြစ်ပ်ါလာသေးချေ။
ထိုစဉ် အစ္စရေးစစ်ခေါင်းဆောင်များက ထောက်လှမ်းရေးသမားများကို တွေ့တိုင်းကြုံတိုင်း တပူပူ တစာစာ မေးကြပြန်သည်။
"ဘယ့်နှယ်လဲ၊ လေယာဉ်ပျံ မရသေးဘူးလား"
ထို့ကြောင့် မော့ဆက်သည် ခါတိုင်းထက် နှစ်ဆတိုးပြီး ကြိုးစားထောက်လှမ်းရတော့သည်။
ဤပြဿနာသည် အလွန်အရေးကြီးပြီး သိမ်မွေ့စွာ ကိုင်တွယ်တတ်မှု လို၏။ သို့မှသာ အာရပ်နှင့် ဆိုဗီယက် တန်ပြန်ထောက်လှမ်းရေးတို့၏ ထောင်ချောင်ထဲ မကျမှာ ဖြစ်သည်။ ထိုလုပ်ငန်းကို ကနဦး ကိုင်တွယ်စကပင် တောက်လျှောက် အဆင်ပြေရမည်။ မပြေလျှင် လုပ်ငန်းတစ်ခုလုံး ရေစုန်မြောပေမည်။
၁၉၆၆ ခုနှစ်တွင် မော့ဆက်အဖွဲ့ကြီးသည် အီရတ်နိုင်ငံ ဘက္ကဒက်တွင် တာဝန်ထမ်းဆေင်နေသော ၎င်း၏ ထိပ်တန်းသူလျှိုတစ်ဦးနှင့် အဆက်အသွယ် ရလိုက်သည်။ ထိုသူအား လေယာဉ်ကိစ္စကို ဦးစားပေး ဆောင်ရွက်ခိုင်းလိုက်သည်။ သိမ်းသွင်းရနိုင်မည့် လေယာဉ်မှူးများ၏ အမည်စာရင်းကို ပေးလိုက်ပြီး ကျန်တာတွေ ဆက်လုပ်ရန် တာဝန်ပေးလိုက်သည်။
ထိုသူလျှိုသည် အမျိုးသမီး ဖြစ်၏။ နယူးယောက်တွင် မွေးဖွားကြီးပြင်းပြီ အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူဖြစ်သည်။ မော့ဆက်အဖွဲ့ကြီးတွင် အချိန်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်၏။ အစ္စရေးလူမျိုးများကို ဝင်ခွင့်မပြုသော အာရပ်နိုင်ငံများတွင် အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ထိုအမျိုးသမီးအဖို့ တစ်ပန်းသာနေပြန်သည်။
သူမသည် ရုပ်ရည်လှပ သွက်သွက်လက်လက် ရှိပြီး အသိဉာဏ်ရှိသူ ဖြစ်သည်။ သူမ ရောက်လေရာ နေရာတိုင်းတွင် နိုင်ငံရေးနှင့်စစ်ခေါင်းဆောင်ပိုင်း ပုဂ္ဂိုလ်များနှင့် ရင်းနှီးသည်။
မော့ဆက်က ပေးသော စာရင်းထဲပါ လေယာဉ်မှူး အတော်များများကို သိရှိပြီး အနည်းဆုံး ကြားဖူးထားသူ ဖြစ်နေသည်။ သူမသည် ရက်သတ္တပတ်အနည်ငယ်တွင်း လျှို့ဝှက်စုံစမ်းမှုများ ပြုလုပ်ပြီးနောက် ရင်းရင်းနှီးနှီး အနီးကပ် သိမ်းသွင်းလို့ ရမည့် လေယာဉ်မှူးများကို ရွေးချယ်လိုက်လေသည်။
သူမ ရွေးချယ်လိုက်သော လေယာဉ်မှူးမှာ မူနီရက်ဖာ ဖြစ်သည်။ မူနီရက်ဖာသည် ခရစ်ယန်ဘာသာဝင်ဖြစ်ပြီး အီရတ်လေတပ်၏ အကောင်းဆုံး လေသူရဲအုပ်စုတွင် တစ်ဦးအပါဝင် ဖြစ်သည်။
သူလျှိုမယ်သည် မော့ဆက်အဖွဲ့ကြီးထံ သတင်းပို့လိုက်သည်။ ချက်ချင်းပင် မော့ဆက်ထံမှ ဆက်လက်ဆောင်ရွက်ဟူသော မီးစိမ်းပြလိုက်လေသည်။
ရက်အနည်းငယ် ကြာသော် သူလျှိုမယ်သည် အီရတ်စစ်ဘက်နှင့် နိုင်ငံရေးခေါင်းဆောင်ကြီးများ တက်ရောက်သော ပါတီပွဲတစ်ခုသို့ တက်ရောက်လာသည်။ ထိုပါတီတွင် လေတပ်မတော် ယူနီဖောင်းဝတ်ထားသည့် ရုပ်ဖြောင့်ဖြောင့် အရာရှိတစ်ဦးကို တွေ့ရှိသောအခါ ပါတီပေးသူ အိမ်ရှင်အား မည်သူဖြစ်ကြောင်း မေးကြည့်လိုက်လေသည်။ အိမ်ရှင်က ပြုံးရယ်ပြီး…
"အော်.. သူလား၊ မူနီရက်ဖာ လေ…။
သိပ်တော်တဲ့ လေယာဉ်မှူးပေါ့၊
ဘာလဲ... သူနဲ့ မိတ်ဆက်ပေးရမှာလား"ဟု မေးလိုက်၏။
သူမထံမှ "ဟုတ်ကဲ့"ဟု အဖြေရပြီး မကြာမီတွင် သူလျှိုမယ်နှင့် မူနီရက်ဖာတို့ ဆုံတွေ့ကြရပြီ ဖြစ်သည်။
သူလျှိုမယ်သည် သူမ၏ ရူပါရုံလေးကို သုံး၍ မေးခွန်းများ တစ်ခုပြီးတစ်ခု မေးကာ သူ့ကို တဖြည်းဖြည်း ဆွဲယူလေသည်။ သူတို့နှစ်ဦးသည် မကြာမီမှာပင် ပွင့်လင်းရင်းနှီးစွာ ပြောစရာ ဆိုစရာ စကားများ ပြောကြာပေပြီ။ (Munir Redfa)မူနီရက်ဖာကလည်း ရင်ထဲရှိသမျှ ပြောဆိုလိုက်တော့သည်။
(Munir Redfa)မူနီရက်ဖာသည် စိတ်သောကရောက်နေသည် ဖြစ်သည်။ သူသည် အာရပ်တစ်ဦးဖြစ်ပြီး မျိုးချစ်စိတ် ရှိရှာပါသည်။ သို့သော် အီရတ်မြောက်ပိုင်း လူနည်းစု ကဒ်လူမျိုးများကို အီရတ်အစိုးရက နှိမ်နင်းတိုက်ခိုက်သောအခါ မူနီရက်ဖာသည် သဘောမတူဘဲ ရှုတ်ချခဲ့လေသည်။
ကဒ်လူမျိုးတို့သည် လွပ်လွပ်လပ်လပ်နေတတ်သော တောင်ပေါ်သားများဖြစ်ပြီး အီရတ်ယဉ်ကျေးမှုတွင် ပါဝင်ရောနှောခြင်း မပြုကြချေ။ မကြာမီက ကာဒ်လူမျိုးတို့သည် အီရတ်အစိုးရကို တော်လှန်ပုန်ကန်ကြသည်။
အီရတ်အစိုးရသည် ခေတ်မှီတိုက်လေယာဉ်များ၊ လက်နက်ဆန်းများ သုံး၍ ကာဒ်လူမျိုးများကို မျိုးပြုတ်တိုက်ခိုက်ကြသည်။ တောင်ပေါ်ကုန်းပေါ်မှ ကာဒ်လူမျိုး ရွယ်ငယ်လေးများကို ဗုံးကြဲချသော လေယာဉ်များထဲတွင် မူနီရက်ဖာသည် တစ်စီးအပါအဝင် ဖြစ်သည်။
မူနီရက်ဖာသည် သူလျှိုမလေးကို ရှင်လင်းပြောပြသည့်အထဲတွင် "သူသည် ခရစ်ယန်တစ်ဦးဖြစ်သဖြင့် ကြီးနိုင် ငယ်ညှဉ်း ပြုလုပ်ခြင်းကို မလိုလားကြောင်း၊ ကလေးနှင့် မိန်းမများအပေါ် သူ၏ လေယာဉ်မှ ဗုံးကြဲချရသည့် လူမျိုးရေးစစ်ပွဲကို မိမိရွံ့မုန်းကြောင်း"များ ပါဝင်သည်။
သူတို့နှစ်ဦးသား စကားကောင်းနေလိုက်သည်မှာ နေဝင်မိုးချုပ်သွားသည်။ မူနီရက်ဖာသည် သူလျှိုမယ်လေးကို မိမိကားနှင့် အိပ်ပြန်ပို့ပေးမည်ဟု ကမ်းလှမ်းလိုက်သည်။ သူမအိမ်သို့ ရောက်ရှိပြီး သူမကားပေါ်မှ ဆင်းပြီးသောအခါ မူနီက သူမအား မကြာမီ ညစာကျွေးပါရစေဟု ဖိတ်ခေါ်လိုက်သည်။ သူလျှိုမယ်ကလည်း လိုလိုလားလား လက်ခံလိုက်လေသည်။
သူလျှိုမယ်က မူနီရက်ဖာသည် သူမ လိုချင်သည့် လူစားဖြစ်ကြောင်း သိထားပေပြီ။ မူနီရက်ဖာသည် မော့ဆက်အဖွဲ့ကြီးကို ကူညီမည့်သူဖြစ်သည်ဟု မိမိယုံကြည်ကြောင်း သတင်းပို့လိုက်သည်။
လပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ။
မူနီရက်ဖာနှင့် သူလျှိုမယ်လေးတို့သည် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံချိန် များလာကြသည်။ သူတို့နှစ်ဦး ရင်နှီးမှုလည်း ပို၍ ရလာကြသည်။
မူနီသည် ပျော်ရွှင်၍ သစ္စာရှိသော အိမ်ထောင်ရှင် ယောက်ျားတစ်ယောက် ဖြစ်သည်။ ဇနီးနှင့် ရင်သွေးနှစ်ဦး သံယောဇဉ်များ ရှိသော်လည်း သူတွေ့ဆုံရသည့် အဖော်များအား အခြားမည်သည့်ပုဂ္ဂိုလ်ကိုမျှ ဖွင့်မပြောနိုင်သည့် ကိစ္စရပ်များကိုပင် ဖွင့်ဟပြောဆိုခဲ့လေသည်။ သူလျှိုမယ်သည် မူနီရက်ဖာ ပြောသော စကားကို အမြဲနားထောင်နေရန် စိတ်ထက်သန်နေသူ ဖြစ်သည်။
ကဒ်လူမျိုးများကို ဗုံးကြဲတိုက်ခိုက်ရန် လေယာဉ်မောင်းသွားစဉ် မူနီရက်ဖာ တစ်ယောက် စိတ်မကောင်းစွာ ဖြစ်ရသည်ကို သူလျှိုမ နားလည်ခဲ့သည်။ သူတို့နှစ်ဦး စကားပြောကြသောအခါတွင် ဤကိစ္စကို မကြာခဏ ဆွေးနွေးနေကြသည်။ ဤကိစ္စသည် မူနီအား စိတ်သောက ရောက်စေသည့်အဖြစ်ကို သူလျှိုမလေး သိထားသဖြင့် မူနီရက်ဖာ၏ ယုံကြည်ချက်ကို ရယူရန် နည်းလမ်းများကိုလည်း သူမ ရယူနိုင်ခဲ့လေသည်။ ဤကိစ္စနှင့် ပတ်သကက်၍ သူမအပေါ်ထားခဲ့သော မူနီရက်ဖာ၏ ယုံကြည်မှုတို့ကို တိုးပွားစေသည်။
တချိန်တည်းမှာပင် သူမသည် မူနီရက်ဖာ၏ ဦးခေါင်းထဲတွင် အကြံတစ်ခုကို ထည့်သွင်း ရှင်သန်စေခဲ့သည်။ ထိုအကြံကား ကာဒ်လူမျိုးများကို ညှဉ်ပန်းသတ်ဖြတ်ခြင်းတွင် မပါဝင်နိုင်သောနည်းလမ်းကို ရှာရန်ဖြစ်သည်။ သူတို့နှစ်ဦး တွေ့ဆုံပြီး လပေါင်းများစွာ ကုန်သွားလေသည်။
တစ်ခုသော ဇူလိုင်လတွင် မော့ဆက်၏ သူလျှိုမယ်လေးသည် လုပ်ငန်းကို စတင်အကောင်ထည်ဖော်ရန် အချိန်ရောက်ပြီဟု ဆုံးဖြတ်ခဲ့သည်။ သူမသည် မူနီရက်ဖာအား ဥရောပသို့ သူတို့နှစ်ဦး အလည်အပတ်သွားရန် အကြံပေးလိုက်သည်။ မူနီရက်ဖာသည်လည်း အနားယူရန် အခွင့်သာသဖြင့် သဘောတူလိုက်ပြီး နှစ်ဦးသား ပဲရစ်သို့ ထွက်ခွာသွားကြသည်။
ပဲရစ်သို့ ရောက်ပြီး နှစ်ရက်အကြာတွင် သူလျှိုမလေးသည် လုပ်ငန်းကို စတင်လေတော့သည်။ သူမက မူနီရက်ဖာကို အစ္စရေးသို့ သွားရောက်လည်ပတ်ရန် အကြုံပြုလိုက်သည်။ အစ္စရေးရှိ သူမ၏ မိတ်ဆွေများက မူနီရက်ဖာ လိုချင်သော အကူညီများ ပေးလိမ့်မည်ဟု ပြောသည်။
သူတို့နှစ်ဦးသည် အစ္စရေးသို့ လျှို့ဝှက်သွားရောက်နိုင်ရန် လေယာဉ်လက်မှတ်များကို အခမဲ့ ရရှိကြသည်။ သူလျှိုမယ်လေးသည် သူမ၏ လက်ကိုင်အိပ်ထဲမှ နိုင်ငံကူးလက်မှတ်အသစ် တစ်ခုကို ထုတ်ပြလိုက်လေသည်။
"ရှင်…. ဒါကိုသုံးပြီး သွားနိုင်ပါတယ်။
ကျမရဲ့ မိတ်ဆွေတွေက
ရှင်သဘောကျလောက်အောင်
မကူညီနိုင်ဘူးဆိုရင်
ကျမတို့ ခရီးစဉ်ကို
လျှို့ဝှက်ထားပေးမယ်ဆိုတာကို
ကျမ အာမခံပါတယ်။"
မူနီရက်ဖာသည်လည်း အံ့အားသင့်ခြင်း သိပ်မဖြစ်ခဲ့ပေ။ ဤအမေရိကန်မလေးသည် ပြည်ပနိုင်ငံ၏ အစိုးရတစ်ခုခုနှင့် ဆက်သွယ်နေသည်ဟု သံသယသာ ဖြစ်ခဲ့ပါသည်။ သို့သော်လည်း ကမ်းလှမ်းချက်ပြုလုပ်နေစဉ် သူမ၏ မျက်နှာထားနှင့် အမူအရာတို့က ပြတ်သားလှ၏။ ထို့ပြင် နိုင်ငံကူးလက်မှတ် အတုကလေးကလည်း ပြောစရာ မရှိအောင် သေသပ်တိကျနေပေသည်။ ထိုအချက်များသည် မူနီရက်ဖာ၏ စိတ်ကို တိမ်းညွတ်သွားစေသည်။
မူနီရက်ဖာသည် လေယာဉ်မှူးတစ်ဦးဖြစ်သဖြင့် ဤမိန်းကလေးက သူ့အား စွဲမက်နေသည်ဟူသောအချက် မမှန်ကန်ကြောင်း မူနီရက်ဖာ သိနေသည်။ သို့သော် သူမသည် သူ့အား စိတ်စေတနာရိုးဖြင့် ကမ်းလှမ်းနေကြောင်း သူသိပါသည်။
ထို့ကြောင့် မူနီရက်ဖာသည် တစ်ထိုင်းတည်း ဆုံးဖြတ်ချက်ချကာ အစ္စရေးနိုင်ငံသို့ လိုက်ရန် သဘောတူခဲ့လေသည်။ (၂၄)နာရီအတွင်း မူနီရက်ဖာသည် နီဂျက်သဲကန္တာရထဲရှိ အစ္စရေးစစ်ခန်းတွင် အရေးကြီးသော ဧည့်သည်တော်တစ်ဦးအဖြစ် ရောက်ရှိနေလေသည်။
မော့ဆက်အဖွဲ့ကြီးမှ ထောက်လှမ်းရေးအရာရှိများက သူ့ကို လာတွေ့ကြသည်။ သူတို့သည် ဘာဘာညာညာ ချဲ့မနေတော့ဘဲ တဲ့ထိုးမေးလိုက်သည်။
"ခင်ဗျား အီရတ်ကို ပြန်ပြီး ခင်ဗျားရဲ့ လေယာဉ်ပျံကို အစ္စရေးကို မောင်းယူလာနိုင်မလား။ ခင်ဗျားကို ငွေကြေး အတော်များများ ပေးမယ်။ ခင်ဗျားရဲ့ အသက်နှင့် ခင်ဗျားမိသားစုကိုလည်း လုံးဝ တာဝန်ယူ စောင့်ရှောက်ပေးမယ်။ ဒီရောက်လာရင် အစ္စရေးနိုင်ငံသား ဖြစ်စေရမယ်။ ပြီးတော့ အလုပ်အကိုင်တစ်ခုကိုလည်း ကျကျနန ပေးထားပါမယ်"
မူနီရက်ဖာသည် အစ္စရေးတို့၏ ကမ်းလှမ်းချက်ကို ချက်ချင်းပင် လက်ခံလိုက်ချင်သည်။ သို့သော်လည်း သူ့မိသားစုအတွက် နောက်ဆံတင်းနေသည်။
"ကျုပ်ရဲ့ ဇနီးနဲ့ ကလေးတွေရဲ့ လုံခြုံမှုကို တာဝန်မခံရင်တော့ ဒီကိစ္စကို ကျုပ်လက်မခံနိုင်ဘူး။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ဘက္ကဒက်မှာ လူတွေကို ကြိုးပေးသတ်တာဗျ။ ကျုပ်မိန်းမကို သူတို့ ကြိုးပေးပြီး ကလေးတွေကိုပါ သတ်ပစ်လိမ့်မယ်။"
မော့ဆက်တို့သည် အချင်းချင်း ပြုံးကြည့်ပြီး ပြောလိုက်သည်။
"ဟုတ်ပါတယ်… ဘက္ကဒက်မှာ ကြိုးပေးသတ်တာ ကျုပ်တို့ကိုယ်တိုင် မြင်ဖူးခဲ့တယ်"
မော့ဆက်တို့က မူနီရက်ဖာအား သူ့မိသားစု လုံခြုံရေးအတွက် မစိုးရိမ်ရတော့မှ စတင်လှုပ်ရှားရမည်ဖြစ်ကြောင်း သေသေချာချာ ပြောပြကြသည်။
"ဒီကိစ္စအတွက်တော့ ကျုပ်တို့ တာဝန်ပေးပါ"ဟု မော့ဆက်တို့က ကတိပြုကြသည်။
မူနီရက်ဖာသည် ထိုအချိန် ထိုနေရမှာပင် တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချက်လိုက်သည်။ မော့ဆက်တို့နှင့် ဆွေးနွေးပြီး မကြာမီမှာပင် အစ္စရေးလေတပ် ဗိုလ်ချုပ်ကြီးကိုယ်တိုင် သူ့ထံ လာတွေ့သည်။
အစ္စရေးလေတပ် ဗိုလ်ချုပ်ကြီးသည် မူနီရက်ဖာအား မြေပုံပြ၍ ရေဒါစခန်းများ၊ အီရတ်နှင့် ဂျော်ဒန် စစ်စခန်းများကို မြွေလိမ်မြွေကောက် ပျံသန်း ရှောင်ရှားလာရန် ရွေးချယ်ရမည့် လေကြောင်းလမ်းများကို ပြသပေးသည်။ နောက်ထပ် သေသေချာချာ သတိပေးလိုက်သေးသည်။
"ပျံသန်းရမယ့် ခရီးစဉ်ကတော့ တော်တော် အန္တရာယ်များတယ်။
ခရီးကတော့ ကီလိုမီတာ ၉ဝဝ (၆ဝဝ)မိုင်နီးပါး ရှိတယ်။
ခင်ဗျားရဲ့ အပေါင်းသင်းတွေက ခင်ဗျားရဲ့ အကြံကို သိသွားရင် လေယာဉ်ပျံတွေ စေလွတ်ပြီး ခင်ဗျားရဲ့ လေယာဉ်ကို လေထဲမှာပဲ ပစ်ချ ဖောက်ခွဲလိုက်မယ် သိလား။ ခင်ဗျားရဲ့ လူတွေက ခင်ဗျားလေယာဉ်ကို ပစ်မချနိုင်ရင် ဂျော်ဒန်က ခင်ဗျားလေယာဉ်ကို ပစ်ချလိုက်မယ်"
အစ္စရေးလေတပ် ဗိုလ်ချုပ်ကြီးက စိတ်ရှည်လက်ရှည် ရှင်းပြပြန်သည်။
"ခင်ဗျားလုပ်ရမှာကတော့ တစ်ခုပဲ ရှိတယ်။ ခင်ဗျား စိတ်အေးအေးထားပြီးတော့ ဒီလမ်းကြောင်းအတိုင်း ပျံသန်းခဲ့ပေတော့။ ဒီလေကြာင်းလမ်းကို ကျုပ်တို့ပဲ သိတယ်၊ ဘယ်သူမှ မသိဘူး။ ခင်ဗျား ကြောက်ကြောက်ရွံ့ရွံ့ လုပ်နေရင် ခင်ဗျားသေမှာပဲ။ ပျံသန်းနေကျ လေကြောင်းလမ်းကို ခင်းဗျားစွန့်တာနဲ့ နောက်ကြောင်း ပြန်လှည့်လို့ မရတော့ဘူးဆိုတာ သိလား"
မူနီရက်ဖာကလည်း အခြေအနေကို နားလည်ရိပ်စားမိပါသည်။
"ကျုပ် လေယာဉ်ပျံကို ယူခဲ့ပါမယ်"
နီဂျက်သဲကန္တာရထဲရှိ စစ်စခန်း၌ မူနီရက်ဖာနှင့် အစ္စရေးလေပ်တပ်အရာရှိတို့ ညနေစောင်းသည်အထိ လေယာဉ်ပျံကိစ္စကို အသေးစိတ် မနားတမ်း လေ့လာသုံးသပ်ကြသည်။ အီရတ်လေတပ်စခန်းရှိ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို အစ္စရေးတို့က သူ့လောက်နီးပါး သိနေသဖြင့် မူနီရက်ဖာ အံ့သြသွားရလေသည်။ အီရပ်လေတပ်စခန်းတွင်း ရှိကြသော ရုရှားနှင့် အာရပ်အရာရှိများ၏ အမည်ကိုလည်း သိသသည်။ လေ့ကျင့်ပျံသန်းကြသည့် အချိန်စာရင်းကိုလည်း အသေးစိတ် သိ၏။ ခရီးရှည်ပျံသန်းမှုများ လုပ်သည့်နေ့များကိုပင် သေသေချာချာ သိ၏။
ခရီးရှည်ပျံသန်းရမည့် နေ့များတွင် ရုရှားဆရာများက အီရတ်လေယာဉ်မှူးတို့ လေယာဉ်တွင် အပိုဆီတိုင်ကီများ တပ်ခိုင်းတတ်ပါသည်။ အပိုဆီတိုင်ကီများရှိ လေယာဉ်ဆီများသည် မူနီရက်ဖာအတွက် အစ္စရေးနိုင်ငံသို့ မောင်းနှင့်ထွက်ပြေးရန် လုံလောက်သော လောင်စာဆီဖြစ်သည်။
ခရီးရှည်ပျံသန်းရမည့် နေ့တစ်နေ့တွင် ထွက်ပြေးရန် ဖြစ်သည်။ သူပျံသန်းလာစဉ် မူနီရက်ဖာသည် ကြိုတင်သတ်မှတ်ထားသော အချက်ပြနည်းများသုံး၍ စောင့်ဆိုင်းနေသော အစ္စရေးတို့ထံ သတင်းပို့ပြီး အခြေနေကောင်း/မကောင်း စုံစမ်းရန်ဖြစ်သည်။
မူနီရက်ဖာနှင့် သူလျှိုမယ် နှစ်ယောက်သည် အစ္စရေးမှ ပြန်လည်ထွက်ခွာလာပြီး ဥရောပသို့ ရောက်ရှိသည်။ နောက်တစ်နေ့တွင် အီရတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိသည်။ မူနီရက်ဖာ ပြန်ရောက်ပြီး မကြာမီတွင် သူ၏ သားငယ်သည် အလွန်နေမကောင်း ဖြစ်လာသည်။ ဆရာဝန်များက ကလေးကို လန်ဒန်တွင် ဆေးကုသင်ကြောင်း အကြံပေးကြသည်။
မူနီရက်ဖာ၏ ဇနီးနှင့် ကျန်ကလေးတစ်ယောက်ပါ အတူတကွ လိုက်ပါရန် အစီစဉ်များ ပြုလုပ်ကြသည်။ မူနီရက်ဖာ၏ မိသားစုသည် အီရန်သို့ သွားကြသည်။ တီတီရန်မြို့တော်မှ လေယာဉ်ပြောင်းစီးကာ လန်ဒန်သို့ သွားကြသည်။ သူတို့ လန်ဒန်သို့ မသွားခဲ့ကြပါ။ ဥရောပတိုက် နိုင်ငံတစ်ခုကနေ လေယာဉ်ပျံပြောင်းစီးပြီး အစ္စရေးနိုင်ငံ၏ မြို့တော် တဲလ်အဗစ်သို့ အချိန်အနည်းငယ်တွင်း ချောမောစွာ ရောက်ရှိခဲ့သည်။ အစ္စရေးတွင် သူတို့အားလုံး နာမည်သစ်များ ခံယူ၍ ဇာတ်မြှုပ်နေထိုင်ကြတော့သည်။
၁၉၆၆ သြဂုတ် ၁၆
*************
အစ္စရေးမှ ပြန်လာခဲ့သည်မှာ (၂၇)ရက်အကြာတွင် မူနီရက်ဖာသည် MIG.21 တိုက်လေယာဉ်ကို ခရီးရှည် မောင်းနှင်ပျံသန်းရေးလေ့ကျင့်မှု ပြုလုပ်ရမည့်နေ့ ဖြစ်သည်။ အစ္စရေးတို့ကလည်း မူနီရက်ဖာ အလာကို မျှော်လင့်စောင့်စားနေချိန် ဖြစ်သည်။ မူနီရက်ဖာသည် စွန့်စားခန်းကြီး စတင်လေပြီ။
မူနီရက်ဖာသည် သူ၏အလုပ်ကို လုပ်မြဲအတိုင်း လုပ်နေသည်။ နောက်ထပ်ပြန်မတွေ့ရမည် မဟုတ်သော လူများနှင့် အလုပ်လုပ်နေခြင်း ဖြစ်သည်။ ခရီးရှည်မောင်းနှင်ပျံသန်းမှုအတွက် အပိုဆီတိုင်ကီများလည်း တပ်ထားလိုက်လေပြီ။ အပိုဆီတိုင်ကီများကို ဆီဖြည့်နေစဉ် ခါတိုင်း သူလုပ်နေကျအတိုင်း ဆီပြည့်/မပြည့် စစ်ဆေးလိုက်သည်။ ရုရှားသင်တန်းဆရာများ အလုပ်လုပ်နေကြသည်ကို နောက်ဆုံးအကြိမ် ကြည့်ရှုသည်။
မူနီရက်ဖာ၏ MIG.21 တိုက်လေယာဉ်သည် တဝေါဝေါနှင့် ကောင်းကင်သို့ တဟုန်ထိုး တက်သွားသောခါ မူနီရက်ဖာက ဤသို့ တွေးလိုက်သည်။
"အားလုံးကို ငါမေ့ပစ်လိုက်ရတော့မယ်"
လေယာဉ်ပျံ မြေပြင်မှ တက်သည်နှင့် သူသည် ဘက္ကဒက်မြို့တော်သို့ ဦးတည်မောင်းနှင်ခဲ့သည်။ ခရီးရှည်ပျံသန်းမှု သမရိုးကျပြုလုပ်ရမြဲ အစီစဉ်ဖြစ်သည်။ မိနစ်ပိုင်းအတွင်မှာပင် လေယာဉ်ကို စခန်းမှ မမြင်ရတော့ချေ။ မြေပြင်စခန်းက သူ့လေယာဉ်ကို မမြင်ရတော့သည့် နေရာသို့ ရောက်ရောက်ချင်း မူနီရက်ဖာသည် လေယာဉ်လမ်းကြောင်းကို အနောက်တောင်ဘက်သို့ ပြောင်းကား ဂျောဒန်သို့ ဦးတည်လိုက်လေသည်။ ထိုမှတစ်ဆင့် အစ္စရေးနိုင်ငံဘက်ဆီသို့ ပျံသန်းလာလေသည်။
မူနီရက်ဖာသည် အစ္စရေးတို့ ပြထားသော မြွေလိမ်မြွေကောက် လေယာဉ်လမ်းကြောင်းအတိုင်း လိုက်လာခဲ့လေသည်။ သူ့အတွက် အလွန် ထိတ်လန့်ဖွယ်ကောင်းသော အချိန်ဖြစ်သည်။ အကယ်၍ သူ၏ လေယာဉ် ပစ်ချခံရပါက လေထီးဖြင့် ခုန်ဆင်းနိုင်သော်လည်း သူသည် အမိနိုင်ငံသို့ ပြန်မလာနိုင်တော့ပေ။
မူနီရက်ဖာသည် အစ္စရေးနိုင်ငံ ဘဝသစ်တစ်ခုဆီသို့ ဦးတည်ပျံသန်းနေသည်။ အစ္စရေးနိုင်ငံသည် အီရတ်နိုင်ငံအဖို့ ရန်သူနိုင်ငံဖြစ်သည်။ အီရတ်တို့က သူ့အား သစ္စာဖောက်တစ်ဦးအဖြစ် ရှုတ်ချကြမည်ကို သူသိထားပါသည်။ အစ္စရေးနိုင်ငံတွင် ခိုလှုံနေစဉ်အတွင်းမှာပင် သူ့ကို ဖြောင်ပစ်ရန် ကြိုးစားကြပေဦးမည်။
ထိုစဉ် စကားပြောခွက်က တဂျီဂျီမြည်လာသဖြင့် ထိုအတွေးကို ရပ်လိုက်သည်။ သူ၏ မြေပြင်စခန်းမှ ပြန်ဆင်းခဲ့ရန် အမိန့်ပေးနေလေပြီ။ မူနီရက်ဖာကတော့ ဆက်လက်မောင်းနှင်လျက်ပင်။
မြေပြင်မှ အမိန့်ရောက်လာပြန်သည်။ ဤအခါတွင်မူ မူနီရက်ဖာ ပြန်မလှည့်ပါက လေယာဉ်ကို ပစ်ချရလိမ့်ဟု ဆိုလေသည်။ မူနီရက်ဖာသည် ရေဒီယိုကို ပိတ်ပစ်လိုက်သည်။
ရုရှားသင်တန်းဆရာများသည် သူ၏ သူငယ်ချင်း အီရတ်လေယာဉ်မှူးများအား လေယာဉ်များဖြင့် သူ့နောက်ပြီး ပစ်ချရန် စေခိုင်းမည်။ ဂျော်ဒန်နိုင်ငံအနီးသို့ ချဉ်းကပ်လာပြီ ဖြစ်သဖြင့် ဂျော်ဒန်လေယာဉ်ပျံများ တက်လာပြီး သူ့အား ပစ်ချနိုင်သည်။ မူနီရက်ဖာသည် ဤအချက်များကို ကြိုတင်တွက်ဆထားပါသည်။
မူနီရက်ဖာသည် ကျောချမ်းသွားခဲ့သည်။ ဂျော်ဒန်ဘုရင်၏ လေယာဉ်မှူးများသည် ကျွမ်းကျင်မှုအရာတွင် နာမည်ကျော်သူများ ဖြစ်သည်။ သို့ရာတွင် အီရတ်လေယာဉ်မှူး မူနီရက်ဖာအား စိတ်သောကရောက်စရာ ပြဿနာလေး တစ်ခုရှိနေပါသည်။ ယခင်က မိတ်ဆွေ၊ ယခု ရန်သူနိုင်ငံဖြစ်ခဲ့ပြီဖြစ်သော ဂျော်ဒန်နိုင်ငံအပေါ် ပျံသန်းလာစဉ် ထိုပြဿနာလေးအကြောင်း မူနီရက်ဖာ တွေးတောမိ၏။
ထိုပြဿနာလေးမှာ အမှန်စင်စစ် မော့ဆက်သူလျှိုမယ် အမေရိကန်မလေးပင် ဖြစ်သည်။ တကယ်တော့ မူနီရက်ဖာ တစ်ယောက် သူမအပေါ် သံယောဇဉ် တွယ်မိနေပြီ။ သူ၏ ဇနီးနှင့် ကလေးများကို မူနီရက်ဖာ တကယ် ချစ်ပါသည်။ သူတို့ကို ခွဲခွာမသွားပါ။ သူ့မိသားစုအား မှဲ့တစ်ပေါက် မစွန်းစေရဟူသော အာမခံချက်ဖြင့် လေယာဉ်ပျံကို အစ္စရေးသို့ မောင်းယူခဲ့ခြင်း ဖြစ်ပါသည်။
သို့သော် မော့ဆက်သူလျှိုမလေးသည် မူနီရက်ဖာ၏ သောကဗျာပါဒနှင့် စိုးရိမ်းမှုများကို ကောင်းကောင်း နားလည်သဘောပေါက်လေသည်။ သူမအလိုရှိသော (သူမ၏ အထက်အရာရှိများ အလိုရှိသော) အရာဝတ္ထုကို ရရှိရန် သူမသည် မူနီရက်ဖာကို အသုံးပြုခဲ့သည်။
သူတို့နှစ်ဦးသား ပဲရစ်တွင် တွေ့ဆုံခဲ့စဉ်က မူနီရက်ဖာသည် မိန်းကလေးအား မိမိ၏ နက်နဲသော ချစ်ခြင်းမေတ္တာကို ရယူ၍ နိုင်ငံရေးရည်မှန်းချက်များ ပြည့်စုံအောင် လုပ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထိုအခါ သူလျှိုမယ်လေးသည် မူနီရက်ဖာ၏ မျက်လုံးများကို မမှိတ်မသုန် စိုက်ကြည့်ပြီး အောက်ပါအတိုင်း ပြောဆိုလိုက်သည်။
"ဟုတ်ပါတယ်ရှင်… သူလျှိုတွေမှာလဲ ချစ်ခြင်းမေတ္တာ ရှိပါတယ်နော်"
သူမသည် မူနီရက်ဖာနှင့် အစ္စရေးသို့ တိတ်တဆိတ် သွားခဲ့ပြီး မိမိအသက်ကို စွန့်လျက် အီရတ်သို့ ပြန်လိုက်လာခဲ့ရှာ၏။ ထို့ပြင် မူနီရက်ဖာသည် ထိုမိန်းလေးကို အစ္စရေးသူလျှိုအဖြစ် ချက်ချင်း ရဲလက်သို့ အချိန်မရွေး အပ်လိုက်နိုင်ပါသည်။ သို့သော် သူမသည် သူ့အား အသက်ပေး၍ ယုံကြည်အားကိုး တွယ်တာခဲ့ရှာသူလေး ဖြစ်ပါသည်။
သူ၏ လေယာဉ်သည် အစ္စရေးနိုင်ငံဘက်သို့ နီးလေလေ ဤမိန်းကလေးနှင့် သူ ဝေးလေလေ ဖြစ်နေတော့သည်။ အထက်အမိန့်အရ သူမသည် ဘက္ကဒက်တွင် နေရစ်ခဲ့ရပါသည်။ သူမ ဘာ့ကြောင့် နေရစ်ခဲ့ရကြောင်း အထက်က သူမအား မပြောပြကြပါ။
မူနီရက်ဖာ၏ မိတ်ဆွေမလေး ဘက္ကဒက်မှာ ကြာကြာနေလျှင် အနှေးအမြန် ရိပ်မိကြတော့မည်ဟု မူနီရက်ဖာ သိသည်။ သူတို့နှစ်ဦး မကြာမကြာ တွဲသွားတွဲလာ လုပ်နေခြင်းကို မြင်တွေ့နေရသည် မဟုတ်ပါလော။
မူနီရက်ဖာသည် သူမထံမှ ကတိတစ်ခုတော့ ရခဲ့ပါသည်။ သူ အစ္စရေးနယ်မြေထဲ ရောက်သည်နှင့် သူမသည် နယ်စပ်မှ ချက်ချင်းလိုက်ခဲ့ပါမည်တဲ့။ သို့သော် သူအသေအချာ တွက်၍ ရမည်လား။ တစ်ခုခု ချွတ်ချော်ခဲ့လျှင် သူမ ထွက်လာရန်ကိစ္စ အမှန်နှောင့်နှေးတော့မည်။ အီရတ်တို့က မိသွားလျှင် သူမ အနှိပ်စက်ခံရတော့မည်သာ။ နောက်ဆုံး ကြိုးပေးခံရတော့မှာ။
မူနီရက်ဖာသည် အတွေးရေယဉ်ကြော မျောနေမိသဖြင့် သူ၏ စိတ်အာရုံကို လေယာဉ်လမ်းကြောင်းများဆီသို့ ပြောင်းပစ်လိုက်သည်။ သူ၏ MIG.21 တိုက်လေယာဉ်သည် ဂျော်ဒန်နယ်မြေထဲမှာပဲ ရှိသေးသဖြင့် အန္တရာယ်မကင်းသေးပါ။ နောက် မိနစ်အနည်းငယ်အတွင်းမှာ ဂျော်ဒန်နှင့် အစ္စရေးကြားရှိ ပင်လယ်သေကို တွေ့ရလေသည်။
မိုင်ပေါင်း အတော်ဝေးသောနေရာရှိ အစ္စရေး ရေဒါစခန်းတစ်ခုသည် လေယာဉ်တစ်စီး ကြိုတင်သတ်မှတ်ထားသော အမြင့်မှ ပျံသန်းလာသည်ကို ဖမ်းယူရရှိလေသည်။ ပျံသန်းလာသည့် လမ်းကြောင်းမှာလည်း မှန်ကန်နေသည်။ မကြာမီ အစ္စရေးတို့၏ (Mirage)မီရာ့ခ်ျ တိုက်လေယာဉ်များသည် မူနီရက်ဖာ၏ MIG.21 တိုက်လေယာဉ်ကို နယ်စပ်မှ စောင့်ရှောက်ပြီး လမ်းပြခေါ်လာရန် ကောင်းကင်သို့ ပျံတက်သွားကြသည်။ မူနီရက်ဖာသည် (Mirage)မီရာ့ခ်ျ တိုက်လေယာဉ်များကို မြင်သွားသောအခါ စိတ်လှုပ်ရှားပြီး ထိတ်လန့်သွားသည်။
အစ္စရေးတို့ ပြောထားသော ပျံသန်းပုံအတိုင်း မူနီက လေယာဉ်ကို ပျံသန်းပြလိုက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သိစေသည်။ ထိုအခါ အစ္စရေးတို့၏ (Mirage)မီရာ့ခ်ျ တိုက်လေယာဉ်များသည် သူ့၏ လေယာဉ်ဘေးမှ ယှဉ်၍ လိုက်ပါလာကြသည်။ သူ့ဆီ ဦးတည်၍ ပျံသန်းလာကြသော အစ္စရေးတိုက်လေယာဉ်များသည် လျှင်မြန်စွာ တုံ့ပြန်နိုင်စွမ်းရှိကြသည်ကို မူနီရက်ဖာ အံ့သြသွားရလေသည်။
မိမိအဖို့ လုံခြုံစိတ်ချရပြီဖြစ်ကြောင်း မူနီရက်ဖာ သိလိုက်သည်။ MIG.21 တိုက်လေယာဉ်ကို နီဂျက်သဲကန္တာရ စခန်းသို့ ချောချောမောမော ဆင်းသက်နိုင်ခဲ့ပါသည်။
မူနီရက်ဖာသည် အစ္စရေးသို့ ရောက်ပြီးနောက် ရက်ပေါင်းအတော်ကြာမျှ ယောချာချာ လျှောက်သွားနေမိသည်။ သူသည် မောပန်းနွမ်းနယ်၍ စိတ်ဓာတ်ကျဆင်းနေသည်။ ရက်အတော်ကြာမှ ပြန်လည်ပြုံးရယ်လာနိုင်ခဲ့လေသည်။
မူနီရက်ဖာကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ပေးထာသော မော့ဆက်အဖွဲ့ဝင်တစ်ဦးက မူနီရက်ဖာ၏ လေယာဉ်ပျံကို ယခု နာမည်ပေးလိုက်ပြီဖြစ်ကြောင်း မူနီရက်ဖာအား ပြောပြခဲ့သည်။ မည်သည့်နာမည် ပေးထားသနသည်းဟု မူနီရက်ဖာက မေးသောအခါ မော့ဆက်အဖွဲ့ဝင်က အောက်ပါအတိုင်း ဖြေခဲ့သည်။
"007 ဂျိမ်းစ်ဘွန်းပေါ့ဗျာ"
"ရုပ်ရှင်ထဲက ကျွန်တော်တို့ ကြိုက်တဲ့ နာမည်လေ။"
ထို့နောက် မော့ဆက်အဖွဲ့ဝင်က စပ်ဖြီးဖြီးလုပ်၍ ထပ်ပြောလိုက်သေးသည်။
"အမှန်တော့ ဒီလေယာဉ်ပျံကို ဂျိမ်းစစ်ဘွန်းမယ်လေးလို့တောင် ခေါ်ဖို့ကောင်းတယ်"။
မူနီရက်ဖာသည် ရှက်သွေးဖြာပြီး ပြုံးနေလိုက်သည်။
မူနီရက်ဖာသည် အစ္စရေးနိုင်ငံသား တစ်ယောက်အဖြစ် အေးအေးချမ်းချမ်း နေထိုင်နေပြီ။ သူခံယူထားသော နာမည်သစ်နှင့် သူနေထိုင်ရာ လိပ်စာတို့ကို လူအတော်မျာများ မသိကြပါ။ အစ္စရေးနိုင်ငံသို့ လေယာဉ်ပျံ ယူဆောင်ပေးသဖြင့် အစ္စရေးအာဏာပိုင်တို့က သူ့အား ကတိပြုထားသည့် ဆုငွေများကို ပေးခဲ့သည်။ ထို့ပြင် မူနီသည် လူတန်းစေ့ အလုပ်တစ်ခုကိုလည်း ရလိုက်သည်။
အီရတ်လူမျိုးတို့က သူထင်ထားသည့်အတိုင်း မူနီရက်ဖာကို သစ္စာဖောက်ဟု ဆိုကြသည်။ သို့သော် မူနီရက်ဖာက သူသစ္စာမဖောက်ကြောင်း မကြာခဏ ထုတ်ပြောခဲ့သည်။ လေယာဉ်ပျံကို မောင်းနှင်၍ အစ္စရေးနိုင်ငံသို့ ခိုးဝင်လာခြင်းသည် လူမျိုးရေးအကြောင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ သူသည် အီရတ်လူမျိုးများက လူနည်းစုဖြစ်သော ကာဒ်လူမျိုးတို့ကို သုတ်သင်ပစ်ရန် ဆင်နွဲခဲ့သည့် လူမျိုးရေးစစ်ပွဲအား ဆန့်ကျင်ကန့်ကွက်ခြင်း ဖြစ်ပါသည်။ မူနီရက်ဖာက ကာဒ့်လူမျိုးတို့ဘက်မှ ကိုယ်စားဝင်၍ ကန့်ကွက်ပေးခြင်း ဖြစ်သည်။
မူနီရက်ဖာ၏ လေယာဉ်ပျံကိစ္စဖြစ်ပေါ်လာပြီး နောက်ပိုင်း ကာဒ့်လူမျိုးများသည် အီရတ်လေယာဉ်များ၏ ဗုံးကြဲခြင်းကို မခံရတော့ပါ။
မူနီရက်ဖာသည် သူ၏ ခိုလှုံမှုကို စတင်လမ်းစဖော်ခဲ့သူ အမေရိကန်မလေးနှင့် သိပ်မတွေ့တော့ပါ။ သူမသည် အီရတ်နိုင်ငံမှ ချောချောမောမော ထွက်လာနိုင်ခဲ့ပါသည်။ မိန်းကလေး ခွင့်ရချိန် တစ်ချိန်၌ သူတို့နှစ်ဦး ပြန်လည် ဆုံတွေ့ကြလေသည်။
မည်သို့ပင်ဆိုစေ အစ္စရေးနိုင်ငံတွင်းသို့ မော့ဆက်သူလျှိုမယ်လေး ဘေးမသီ ရန်မခ ပြန်ရောက်လာပြီးသည်နှင့် မူနီရက်ဖာနှင့် သူမ လမ်းခွဲကြပြီဟု ဆိုရပေမည်။ မူနီရက်ဖာတွင် ဇနီးနှင့် သားသမီးများ ရှိပါသည်။ သူလျှိုမလေးတွင် တိုင်းပြည်တာဝန် ရှိနေပါသည်။
အီရတ်နှင့် ရုရှားအစိုးရပိုင်းသည် မော့ဆက်သူလျှိုမယ် အမေရိကန်မလေး မည်သူမည်ဝါဖြစ်ကြောင်းကို သိချင်နေကြသည်။ သူတို့သည် သူမ၏ ဇစ်မြစ်ကို ကြိုးစားရှာနေကြဆဲ ဖြစ်သည်။
မော့ဆက်အဖွဲ့ကြီးကလည်း ဤအချက်ကို ထိပ်တန်းလျှို့ဝှက်အဖြစ် တင်းကျပ်စွာ စောင့်ထိန်းခဲ့လေသည်။
-----------------------------------------------
1966 သြဂုတ်လ
ကမ္ဘာ့သတင်းစာများတွင် ဆိုဗီယက်တို့၏ ခေတ်အမှီဆုံးဖြစ်သည့် MIG-21 တိုက်လေယာဉ်တစ်စင်းကို အီရတ်လေယာဉ်မှူးက မောင်းနှင်ပြီး အစ္စရေးနိုင်ငံတွင်းသို့ ချောချောမောမော ယူဆောင်သွားသည်ဆိုသော သတင်းတစ်ပုဒ်ကို လူကြိုက်များလာခဲ့သည်။
ရုရှားတို့ ဒေါပုံထခဲ့ရသည့် ကိစ္စဖြစ်သည်။ လုံခြုံရေးနှင့် ထောက်လှမ်းရေးအကြီးအကဲတို့ နှပ်ပစ်ခြင်းခံရသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံခြားတိုင်းပြည်တစ်ခုတွင် ပေးထားသော MIG-21 တိုက်လေယာဉ်တစ်စင်းကို ဆိုဗီယက်ထောက်လှမ်းရေး KGB အဖွဲ့ဝင်များ အမြဲစောင့်ကြပ်ထားပါသည်ဟု ဆိုဗီယက်ခေါင်းဆောင်များအား သူတို့က အာမခံပေးထားသောကြောင့် ဖြစ်သည်။
ဆိုဗီယက်တို့အတွက် စစ်ရေးဆုံးရှုံးမှု တစ်ရပ်လည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆိုဗီယက်တို့ ရှေ့တန်းတင် သုံးထားသော MIG-21 တိုက်လေယာဉ်၏ လျှို့ဝှက်ချက်များကို အနောက်အုပ်စုက တစ်ခုမကျန် သိသွားပါက ထိုလေယာဉ်၏ စွမ်းအားများလည်း ကွယ်ပျောက်ရတော့မည် ဖြစ်သည်။
ဆိုဗီယက်တို့သည် မော်စကိုမြို့ရှိ အစ္စရေးသံရုံးသို့လည်းကောင်း၊ အစ္စရေးအစိုးရအဖွဲ့သို့လည်းကောင်း ပြင်းထန်သော ကန့်ကွက်စာ ခြိမ်းခြောက်စာများ ပေးပို့၏။ သူတို့၏ MIG-21 တိုက်လေယာဉ်တစ်စင်းကို ချက်ချင်း ပြန်ပို့ရမည်ဟု စာတွင် ပါရှိလေသည်။
အစ္စရေးတို့သည် ဤကိစ္စကို သိပ်အရေးမကြီးသည့်ဟန်နှင့် နေလိုက်သည်။ ထိုလေယာဉ်ပျံသည် ကောင်းကင်မှ ရုတ်တရက် ကျလာပြီး အစ္စရေးနယ်မြေထဲသို့ ထိုးဆင်းလာခြင်းဖြစ်ကြောင်း၊ စိတ်မကောင်းဖြစ်ရကြောင်း၊ ဘာလုပ်ရမှန် မသိကြရကြောင်း၊ အစ္စရေးအစိုးရသည် ရုရှားတို့၏ တောင်းဆိုချက်ကို စဉ်းစားနေကြောင်းဟု ပြန်ကြားလိုက်သည်။ အစ္စရေးတို့သည် ရုရှားတို့ အမျက်ပြေစေရန် အမေရိကန်ပြည်ထောင်စုက " MIG-21 တိုက်လေယာဉ်တစ်စင်းကို ကြည့်ပါရစေ"ဟု တောင်းဆိုလာသော ကမ်းလှမ်းချက်ကိုပင် တရားဝင် ငြင်းပြလိုက်သည်။
ဆိုဗီယက်နှင့် အီရတ်အစိုးရတို့က လေယာဉ် ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းနေကြသည်။ မူနီရက်ဖာသည် မည်သို့မည်ပုံ စတင်ကြံစည်ခဲ့ပုံ၊ ဆောင်ရွက်ခဲ့ပုံများကို ဝိုင်းဝန်းစဉ်းစားကြတော့သည်။ အစ္စရေးအာဏာပိုင်များ တစ်ချို့က မူနီရက်ဖာ တစ်ယောက် လမ်းမှားပြီး ဆီကုန်သွားကာ အစ္စရေးနယ်မြေထဲသို့ ထိုးဆင်းရပါသည်ဟု ဝါးတားတား ပြောဆိုကြသည်။
ရုရှားတို့သည် ထိုကိစ္စကို သူလျှိုလုပ်ငန်းတစ်ခု ဖြစ်သည်ဟု တထစ်ချ စွဲမြဲထားပြီး ဖြစ်သည်။ MIG-21 တိုက်လေယာဉ်တစ်စင်း ခိုးသွားသည့်ကိစ္စကို ရှရှားထောက်လှမ်းရေးဘက်မှ အစရှာ အဖြေဖော်လိုက်နေသည်မှာ နှစ်ပေါင်းအတော်ကြာသွားလေသည်။ သို့ရာတွင် ရုရှားတို့သည် အစဦးကပင် သိထားသော အချက်တစ်ချက် ရှိသည်။ ထိုသူလျှိုပ်လုပ်ငန်း နောက်ကွယ်တွင် အဖွဲ့တစ်ခု ရှိရမည်။
ထိုအဖွဲ့၏ အမည်ကို သူတို့ သိထားပါသည်။
ထိုအဖွဲ့သည် မော့ဆက် ဖြစ်လေသည်။
ရုရှားတို့ တွေးထင်ချက် မှန်ကန်လှပေသည်။
-----------------------------------------------
အစ္စရေးက MIG-21 တိုက်လေယာဉ်ကို
ကိုယ်တိုင်မောင်းနှင် စမ်းသပ်ကြည့်ခြင်း
**************************
အစ္စရေးတို့သည် MIG-21 တိုက်လေယာဉ်၏ စွမ်းရည်သတ္တိနှင့် အပြစ်အနာဆာ အားနည်းချက်များကို သိရှိလေတော့သည်။
အီဂျစ်နှင့် ဆီရီးယား MIG-21 တိုက်လေယာဉ်များသည် အစ္စရေးတို့၏ ပြင်သစ်လုပ် Mirage(မီရတ်ခ်ျ) တိုက်လေယာဉ်များကို မယှဉ်နိုင်ကြောင်း သိရှိလာလေတော့သည်။ အစ္စရေးတို့သည် MIG-21 တိုက်လေယာဉ်အကြောင်းကို အာရပ်တို့ မျှော်လင့်ထားသည်ထက် ပိုသိနေကြောင်း အာရပ်တို့က ရိပ်မိလာသည်။
အစ္စရေးတို့သည် MIG-21 တိုက်လေယာဉ်၏ နှေးကွေးသော ရွေ့ရှားခြင်း၊ သိပ်မြန်မြန် မပျံသန်းနိုင်ခြင်းတို့ကို အခွင့်ကောင်းယူကာ တိုက်ခိုက်တတ်၏။
MIG-21 နှင့် Mirage တိုက်လေယာဉ်တို့ ထူးခြားချက်မှာ…
Mirage(မီရတ်ခ်ျ) တိုက်လေယာဉ်သည် (၃၆ဝ)ဒီဂရီ မြင်ကွင်းကျယ် ပါဝါရှိသည်။
MIG-21 တိုက်လေယာဉ်သည် တခါတရံ လုံးဝမမြင်သောအချိန် ရှိတတ်လေသည်။ ထိုအချိန်မှာ ရန်သူလေယာဉ်ကို လေသူရဲက မမြင်ရသော အနေထားဖြစ်သည်။
MIG-21 တိုက်လေယာဉ်၏ ပျော့ကွက်များကို သိရှိထားသဖြင့် လေကြောင်းတိုက်ပွဲ ဆင်နွှဲသောအခါ အစ္စရေးတို့က အသာစီးရခဲ့ခြင်း ဖြစ်သည်။
MIG-21 တိုက်လေယာဉ်၏ အပိုဆီတိုင်ကီသည် တောင်ပံနှင့် ကိုယ်ထည်ထိတွေ့သည့် နေရာတွင် တပ်ဆင်ထားသဖြင့် အလွန်မီးလောင်လွယ်သည်။ အစ္စရေး လေသူရဲများအဖို့ အပိုဆီတိုင်ကီကို တိုက်ရိုက်မှန်အောင် ပစ်နိုင်လျှင် MIG-21 တိုက်လေယာဉ်သည် မီးလောင်ပေါက်ကွဲမည်သာ ဖြစ်သည်။
----------------------------------------------------------------------------------
မှတ်ချက် ။ ။ Mirage နှင့် MiG-21 တို့သည် Interceptor ခေါ် ကြားဖြတ်တိုက်လေယာဉ်နှင့် Fighter အမျိုးအစားများ ဖြစ်ကြပြီး MiG-21 မှာ စွမ်းရည်ပိုသာပြီး လက်ရှိအချိန်ထိ သုံးစွဲနေကြသော လေယာဉ်အမျိုးအစားဖြစ်ပါသည်။ အစ္စရေး အာရပ် စစ်ပွဲများတွင် MiG-21 များ ပစ်ချခံရခြင်းမှာ လေယာဉ်ကြောင့်မဟုတ်ပဲ မောင်းနှင်သည့် လေသူရဲများ၏ စွမ်းရည်နှင့်သာ ဆိုင်ပါသည်။ အစ္စရေးလေတပ်သည် လေယာဉ်အား ဗုံးတပ်ဆင်ခြင်း လေယာဉ်ဆီဖြည့်ခြင်း လက်နက်ကျည်ဆံ တပ်ဆင်ခြင်းများကို ၇ မိနစ် အတွင်း ပြီးစီးအောင် တပ်ဆင်နိုင်စွမ်း ရှိသည်အထိ လေ့ကျင့်ထားပါသည်။
‪#‎SwamHtet‬
Credit ‪#‎MosheDaryan‬

No comments:

Post a Comment