Saturday, January 23, 2016

ဂေါ်ရန်ဂျီကျွန်း ခရီးစဉ်

လောဘ ဒေါသ မောဟ တွေနဲ့ဝေးရာ ၅ ရက်တာ ဂေါ်ရန်ဂျီကျွန်းခရီးစဉ်လေးကိုကျွန်မရဲ့ facebook အမျိုးတွေကို ဝေမျှချင်ပါတယ်။ အရမ်းသွားချင်ခဲ့တဲ့ ဒီခရီးစဉ်လေးကိုသူငယ်ချင်းထူးအောင်ရဲ့ စီစဉ်မှုနဲ့ သွားဖြစ်ခဲ့တာပါ။ မသွားခင်ကတည်းက စုံစမ်းမိသလောက် ခရီးလမ်းနဲနဲကြမ်းမယ် ၊တည်းခိုနေထိုင်ဖို့ အခက်အခဲတွေရှိနိင်တယ်ဆိုတာသိပေမယ့် စွန့်စွန့်စားစားသွားရတဲ့ ခရီးကို ကြိုက်သူမို့ ဒီလိုခရီးမျိုးကို သွားဖို့ နှစ်ခါမခေါ်ရပါဘူး။ ၀ါသနာတူ မောင်နှစ်မတွေနဲ့ အတူတူသွားရတာမို့ မသွားခင်ကတည်းက တဖွဲ့လုံးတက်ကြွပျော်ရွှင်နေခဲ့ကြတာပါ ။
ကျွန်မတို့ အဖွဲ့တွေ လှိုင်သာယာ အဝေးပြေးဂိတ်ကနေ ငရုပ်ကောင်းမြို့လေးဆီိကိုတိုက်ရိုက်ပြေးဆွဲပေးတဲ့ တခုတည်းသော ခရီးသည်ယာဉ်လိုင်းဖြစ်တဲ့ ကံထူးအောင် ကားနဲ့ ၁၀ ရက်နေ့ ည ၈ နာရီခွဲမှာ ရန်ကုန်မြို့က စထွက်ခဲ့ကြပါတယ်။ ည ၁၂ နာရီမှာ ပုသိမ်ကို ရောက်ပြီး ငွေဆောင်လမ်းခွဲကနေတဆင့် ဆက်သွားတော့လမ်းတွေက တောင်တက်လမ်းတွေဖြစ်လာပါတယ်။ တောင်တွေကို ကွေ့ပတ်ပြီးမောင်းလာလိုက်တာ မနက် ၄ နာရီမှာ ငရုပ်ကောင်း(တောင် )ဆိုတဲ့ မြို့လေးကိုရောက်ပါတယ် ။ အဲ့ဒီ ငရုပ်ကောင်းတောင် မြို့လေးမှာ တစ်နာရီလောက် ယာဉ်ရပ်နားပြီး မနက် ၅ နာရီကျော် အလင်းရောင်လာတဲ့အချိန်မှာ ကားပြန်ထွက်ပါတယ်။ နောက် ၂ နာရီလောက်အပြင်းမောင်းပြီး မနက် ၇ နာရီ ထိုးတဲ့အချိန်မှာ ကျွန်မတို့ အဖွဲ့တွေ ငရုပ်ကောင်းမြို့လေးကို ရောက်ပါပြီ။ ဟိုရောက်တော့ ကျွန်မတို့ အဖွဲ့ကို ကူညီိဖို့စောင့်နေတဲ့ ငရုပ်ကောင်းမြို့က သဘောမနောကောင်းတဲ့ကျောင်းဆရာ ကိုဏီမောင်မောင်နဲ့ တွေ့ဆုံပြီး သူ့အိမ်မှာ ခဏနားကြပါတယ်။ ဖိုးရိုက်ချင် မယ်ရိုက်ချင်တွေဆိုတော့ အကြာကြီးလည်းမနားနိင်ခဲ့ပါဘူး။ရတဲ့အချိန်လေးမှာ အဲ့ဒီမြို့လေးမှာ ရှိတဲ့ ဒရယ်ကျွန်းကို အပြေးအလွှားသွားကြည့်ခဲ့ကြပါသေးတယ်။ ဒရယ်ကျွန်းကလည်း လှပတဲ့အုန်းတောတွေရှိတဲ့ကမ်းခြေလေးတခုပါ။ ကိုဏီမောင်မောင်ကတော့ဒီကျွန်းက သိပ်မလှဘူးလို့ ပြောပေမယ့် ကမ်းခြေရောက်လို့ ပင်လယ်ပြာပြာနဲ့ အုန်းတောတွေမြင်လိုက်ရရင်ဘဲ ကျွန်မတို့အဖွဲ့တွေပျော်လို့ ခုန်ပေါက်နေတော့တာပါဘဲ။ ဒရယ်ကျွန်းကနေအပြန် ငရုပ်ကောင်းမြို့ထဲ ဟိုဒီလျှောက်ပြီး နေ့လည် ၁၂ နာရီလောက်မှာငရုပ်ကောင်းမြို့လေးမှာရှိတဲ့ ရေတမာဆိုတဲ့ ထမင်းဆိုင်လေးမှာ နေ့လည်စာစားကြတော့ လတ်လတ်ဆတ်ဆတ်ပုဇွန်ထုပ်အကြီးကြီး သုံးကောင်ပါတဲ့ဆီပြန်ဟင်းနဲ့ ထမင်း စားတာ တစ်ယောက်မှ ၂၀၀၀ တည်းကျပါတယ်။ရန်ကုန်မှာ ဒီလိုပုဇွန်ထုပ်ကြီးစားရဖို့ မလွယ်ဘူးလေ။ရန်ကုန်သူ ရန်ကုန်သားတွေ ခေါင်းမဖော်နိုင်အောင် စားကြပြီပေါ့ grin emoticon ..။ ငရုပ်ကောင်းမြို့လေးကိုရောက်ခဲ့ကြမယ်ဆိုရင် ရေတမာ ထမင်းဆိုင်ကို သွားစားဖြစ်အောင် စားကြပါလို့ တိုက်တွန်းပါရစေ..။
နေ့လည် ၂ နာရီလောက်မှာ ငရုပ်ကောင်းမြို့လေးကနေ ကိုဏီမောင်မောင်ဦးဆောင်ပြီး ဆိုင်ကယ်ကယ်ရီ တစ်ယောက်တစီးနဲ့ ကျွန်မတို့ အဖွဲ့ ဦးတည်ရာ ဂေါ်ရန်ဂျီကျွန်းကို ခရီးဆက်ထွက်ခဲ့ကြပါတယ်။ ငရုပ်ကောင်းမြို့ကနေ ဂေါ်ရန်ဂျီကျွန်းကို သွားလို့ရတဲ့ နည်းလမ်း ၂ ခုရှိပါတယ်။ ပထမနည်းက ဂေါ်ရန်ဂျီကို ဆိုင်ကယ် ကယ်ရီနဲ့ တိုက်ရိုက်သွားလို့ရတဲ့ လမ်းပါ။ ဆိုင်ကယ် တနာရီခွဲလောက် စီးရပါတယ်။တောင်တွေကိုပတ်ပြီး သွားရတဲ့ မြေနီလမ်းမို့ ဖုန်ထူတယ်။နေပူတယ်။လူပင်ပန်းတယ် ။ ဆိုင်ကယ်သမာလည်းပင်ပန်းတယ်။ဒါပေမယ့် ရှုခင်းတွေလှတယ် ။ နောက် ဒုတိယနည်းက ငရုပ်ကောင်းမြို့ ချောင်းဝ ကူးတို့ကနေ ၃ မိနစ်လောက် ကူးတို့နဲ့ ဖြတ်ပြီး ဟိုဘက်ကမ်းရောက်ရင် ဂေါ်ရန်ဂျီကျွန်းက နံသာပုရွာလေးကို ဆိုင်ကယ် မိနစ် ၂၀ လောက်စီးရတဲ့ နည်းလမ်းပါ။ ကျွန်မတို့ အဖွဲ့ကတော့ လမ်းတလျှောက်ရှုခင်းတွေခံစားချင်လို့ ပထမနည်းလမ်းဖြစ်တဲ့ ဆိုင်ကယ်နဲ့ တနာရီခွဲလောက် သွားရတဲ့ နည်းလမ်းကို ရွေးချယ်ခဲ့ကြပါတယ်။
ညနေ ၄ နာရီထိုးခါနီးမှာ ကျွန်မတို့ အဖွဲ့ ဂေါ်ရန်ဂျီကျွန်းမှာ ရှိတဲ့ နံသာပုရွာ(ဂျိုင်လေး)ကို ချောချောမောမောရောက်ရှိခဲ့ပါပြီ။ နံသာပုရွာသူ ရွာသားတွေဟာရေလုပ်ငန်းနဲ့ အသက်မွေးကြသူတွေပါ။ ကျွန်မ အရင်ကကြားဖူးတာက ရွာက အရမ်းမဖွံ့ဖြိုးသေးဘူးလို့ကြားခဲ့ပေမယ့် တကယ်တမ်းရွာကိုရောက်တော့ ဆိုလာစနစ်နဲ့ မီးထွန်းနိုင်ကြတာတွေ့ရပါတယ်။ ကမ်းရိုးတန်းဖုန်းနဲ့ MPT ဖုန်းလိုင်းမိပါတယ်။ facebook နဲ့ Viber သုံးတဲ့သူတွေရှိပါတယ်။ တရွာလုံး ရိုးသား ဖော်ရွေပြီး ဧည့်ဝတ်ကျေပွန်လွန်းကြပါတယ်။ အေးချမ်းတိတ်ဆိတ်တဲ့ ကမ်းခြေရွာလေးတစ်ခုပါ။ ကိုဏီမောင်မောင်က ကျွန်မတို့အဖွဲ့ကို နံသာပုရွာက ကိုဇော်ဝမ်းတို့အိမ်မှာ တည်းခိုဖို့ စီစဉ်ပေးပါတယ်။ကျွန်မတို့ တည်းခိုတဲ့အိမ်က ကိုဇော်ဝမ်းနဲ့ မအေးအေးနိုင်တို့ လင်မယားနှစ်ယောက်ကလည်း အရမ်းသဘောကောင်းပြီး ဧည့်သည်တွေစားချင်တာတွေကို မမောတမ်းချက်ပြုတ်ကျွေးမွေးရှာပါတယ်။ ဧည့်သည်တွေကလည်း ဧည့်သည်လိုမနေပါဘူး..tongue emoticon ။ ခရုစားမယ် ပုဇွန်စားမယ် ၊ ရေကြက်စားမယ် ၊ အမဲချီးခါးစားမယ် ၊ ကဏ္ဏာန်းစားမယ်နဲ့ စားချင်တာတွေပြောသမျှကို မရရအောင် ရှာဖွေပြီး ကျွန်မတို့ပြန်တဲ့နေ့အထိ မငြိုမငြင်ချက်ကျွေးကြတာပါ။ မအေးအေးနိုင်က ကရင်လူမျိုးမို့ အချက်အပြုတ်ကလည်းအလွန်ကောင်းပါတယ်။ တည်းခိုတဲ့အိမ်မှာအထုပ်အပိုးတွေချပြီးတာနဲ့ နေမ၀င်ခင် ဂေါ်ရန်ဂျီတောင်ပေါ်ကိုတက်ကြပြီး မမောနိုင် မပန်းနိုင် ဓာတ်ဖမ်းခဲ့ကြပြန်တာပေါ့ ။တကယ်တော့ ဂေါ်ရန်ဂျီကျွန်းကိုသာ လူသိများကြပေမယ့် ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးတ၀ိုက်မှာ ဂေါ်ရန်ဂျီကျွန်းထက် ပိုလှတဲ့ ဂျိုင်တွေ ကျွန်းတွေအများကြီးရှိတယ်ဆိုတာသိလိုက်ရပါတယ်။
နောက်နေ့မနက် မိုးမလင်းခင် ၅ နာရီလောက်ကတည်းက ကျွန်မတို့အဖွဲ့တွေ ဓာတ်ဖမ်းဖို့အဆင်သင့်ဖြစ်နေကြပါပြီ။ ရွာက ငါးဖမ်းလှေတွေ (ဒေသအခေါ်အဝေါ် >မီးဝိုင်း)က ညနေ မမှောင်ခင် ပင်လယ်ထဲငါးဖမ်းထွက်ကြပြီး တညလုံးငါးဖမ်းကြရတာပါ။ မနက်မိုးမလင်းခင် ၄ နာရီလောက် လှေတွေ ရွာကိုပြန်ဝင်လာပြီး ဖမ်းလာတဲ့ငါးတွေကို အခြောက်လှန်းသင့်တာလှန်း . ခုတ်သင့်တာခုတ်ပြီး တချို့ငါးတွေကို ရန်ကုန်ကြည့်မြင်တိုင်ငါးဈေးကိုပို့ဖို့စီစဉ်ကြရပါတယ်။ငါးဖမ်းလှေနဲ့ လိုက်တဲ့ ရေလုပ်သားတစ်ယောက်ဟာ တစ်နေ့ ၃၀၀၀ ကျပ်ရရှိပြီး ငါးခုတ်တဲ့အမျိုးသမီးတဦးဟာ တပိသာ ငါးကျပ်နှုန်းနဲ့တနေ့ ၀င်ငွေ ၇၅၀ ကျပ်ခန့် ရတယ်လို့သိရပါတယ်။တမနက်လုံးကမ်းခြေမှာ လှည့်ပတ်ရိုက်ပြီး နေ့လည်စာကိုတည်းခိုတဲ့အိမ်မှာပြန်စားပြီးတာနဲ့သိပ်မကြာခင်မှာဘဲ ကိုဏီမောင်မောင်ရဲ့ စီစဉ်ပေးမှုနဲ့ အနီးအနားက ကျွန်းတွေကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားကြဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။အဲ့ဒီတညနေလုံးဘဲ ကျောက်ပုထိုး ၊ကျောက်ဂျိုင်လေး ၊နတ်ရေတွင်းအမော်၊ ကျောက်ချောင်းလေးတောင် ၊စပါးထားကျွန်း ၊ရေစမ်း အစရှိတဲ့ နေရာတွေကို ရောက်ခဲ့ပြီး သဘာဝက ပေးတဲ့ အလှတရားတွေကို ခံစားလို့မ၀ခဲ့ကြပါဘူး။ကမ်းစပ်မှာ ပုံသဏ္ဏန်အမျိုးမျိုးနဲ့ လှချင်တိုင်းလှနေတဲ့ ကျောက်ဆောင်တွေ၊ တမျှော်တခေါ် ကျယ်ပြန်တဲ့သဲသောင်ပြင်တွေ ၊ ရေထဲငုံ့ကြည့်ရင် ရေအောက်က ကျောက်ခဲလေးတွေကိုတောင်မြင်ရတဲ့ပြာလဲ့နေတဲ့ရေပြင်တွေ ၊ သဲဖြူဖြူပေါ်မှာ ပြေးလွှားနေတဲ့ ၀င်ကစွပ်ကောင်လေးတွေနဲ့ ဂဏာန်းလေးတွေ ၊ လှိုင်းနဲ့ အတူပါလာတဲ့ ခရုခွံလှလှလေးတွေ …..မပြန်ချင်လောက်အောင် လှပပြီး ကင်မရာခလုတ်နှိပ်ဖို့မေ့နေလောက်အောင်ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေမို့ အခုထိ မျက်စိထဲက မထွက်ပါဘူး။ စက်လှေနဲ့ ကူးရင် နာရီဝက်လောက်သွားရတဲ့ ပင်လယ်ထဲမှာ မှုန်ပြပြလေး လှမ်းမြင်နေရတဲ့ ကျွန်းလေး ကိုသွားဖို့ စီစဉ်ခဲ့ကြပေမယ့် လေကြောင်းအပြောင်းအလဲနဲ့ အန္တရာယ်ရှိတာကြောင့်အဲ့ဒီကျွန်းကိုမသွားနိုင်ခဲ့ကြပါဘူး ။အဲ့ဒီကျွန်းက လူသူအရောက်အပေါက်နဲပြီး သဲတွေက ပိုဖြူပြီး ရေကလည်းပိုကြည်တယ်လို့ ကိုဏီက ပြောပါတယ်။ နောက်တခေါက်တော့ ရောက်အောက်သွားမယ် ကိုဏီရေ !..smile emoticon
အဲ့ဒီညနေ တည်းခိုတဲ့အိမ်ကိုပြန်နားပြီး နောက်တနေ့ နေ့လည်အထိ ကျွန်မတို့အဖွဲ့ ဂေါ်ရန်ဂျီကျွန်းနဲ့ ပတ်ဝန်းကျင်ကပုံရိပ်တွေကို ရသလောက် မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဂေါ်ရန်ဂျီကျွန်းနားက ပုလ္လင်ဂျိုင်မှာ ရေကူးခဲ့ကြတာ အလွန်ပျော်စရာကောင်းပါတယ်။ ကမ်းခြေကနေ ကိုက် ၁၀၀ ကျော်ဝေးတဲ့အထိ ရေက ရင်ခေါင်းလောက်သာရှိပြီး အောက်ခြေက သဲသောင်ကပြန့်ပြူးနေပါတယ် ။ရေက ကြည်ပြီးပြာလဲ့နေတာပါ။ပုလ္လင်ဂျိုင်ကအပြန် နေ့လည်စာစားပြီး နေ့လည် ၁၂ နာရီကျော်မှာ ကိုဏီမောင်မောင်ရဲ့ညီ ကိုရဲက ကျွန်မတို့ အဖွဲ့ ငရုပ်ကောင်းမြို့ကိုပြန်ဖို့ ဆိုင်ကယ်တွေနဲ့ လာခေါ်ပါပြီ။ အပြန်ခရီးကတော့ အလာတုန်းက လမ်းကမပြန်ဘဲ လမ်းကြောင်းတိုတဲ့ကူးတို့နဲ့ ကူးပြီးပြန်ရတဲ့ လမ်းကြောင်းကိုရွေးချယ်ကြပါတယ်။ အလာတုန်းက ခြေလှမ်းတွေသွက်သလောက် အပြန်လမ်းမှာတော့ ခြေလှမ်းတွေနှေးကုန်ကြပါပြီ။ ဒီလိုသဘာဝတရားအတိုင်းလှချင်တိုင်းလှနေတဲ့ နံသာပုရွာလေးကို လည်ပြန်ကြည့်ရင်းနဲ့ ဘဲ နှုတ်ဆက်ခဲ့ရပြန်ပြီပေါ့ ..။
အပြန်လမ်းဟာ လမ်းကြောင်းတိုတော့ သိပ်မကြာခင်မှာဘဲ ငရုပ်ကောင်းမြို့လေးကို ကျွန်မတို့ပြန်ရောက်ခဲ့ပါပြီ ။ အဲဒီနေ့ တနေ့လုံး ငရုပ်ကောင်းမြို့က ကိုဏီမောင်မောင် အိမ်မှာ တည်းခိုကြပြီး နောက်တနေ့ မနက် ၇ နာရီမှာ ကိုဏီမောင်မောင် စီစဉ်ပေးမှုနဲ့ ထော်လာဂျီစီးပြီး ငရုပ်ကောင်းမြောက်ဘက်က ကျွန်းတွေကို ခရီးဆက်ခဲ့ကြပြန်ပါတယ်။ မြကျွန်းသာဆိုတဲ့ ရွာလေးကိုထော်လာဂျီနဲ့ အရင်သွားပြီး အဲ့ဒီကနေတဆင့် သက်ရောင်းကျွန်းနဲ့ မိချောင်းခေါင်းကျွန်းကို စက်လှေနဲ့ ကူးကြမှာပါ။ မြကျွန်းသာကိုရောက်တော့ လေကြောင်းအပြောင်းအလဲကြောင့် သက်ရောင်းကျွန်းကိုသွားဖို့ လှိုင်းကြီးနေတာမို့မသွားဖြစ်ကြတော့ဘဲ မိချောင်းခေါင်းကျွန်းကိုဘဲ စက်လှေနဲ့ ထွက်ခဲ့ကြပါတော့တယ်။ မိချောင်းခေါင်းကျွန်းကိုသွားတာတောင် စက်လှေလေးက လိုှုင်းတွေကြားမှာရင်တမမ ပါဘဲ။ကျွန်မတို့ သွားတဲ့ မိချောင်းခေါင်းကျွန်းမှာခွေးလှေးယားသီး ပင်တွေပေါပါတယ် ။ကျွန်းပေါ်က မိချောင်းခေါင်းအပေါ်ကိုခဲရာခဲဆစ်တက်ကြရတာပါ။ တောင်ပေါ်ရောက်တော့ မြင်ရတဲ့ရှုခင်းက ပင်ပန်းသမျှတွေကိုပျောက်စေလောက်အောင် လှပါတယ်။ မိချောင်းခေါင်းကျွန်းမှာ ကိုခန့်ချောဖမ်းပေးတဲ့ငါးကို ကင်ကျွေးကြပြီး နေ့လည်စာကို အချဉ်ဟင်း ၊ငါးကြော်၊ငါးနီတူခြောက်ကို မန်းကျည်သီး ငရုတ်သီးစိမ်းနဲ့သုတ်ထားတဲ့ ကိုခန့်ချောရဲ့ လက်ရာကလည်းဆွေမျိုးမေ့အောင်ကောင်းလှပါတယ်။အတူလိုက်တာတဲ့ ကိုလွင်မိုးကလည်း ပုဇွန်ထုပ်တွေအများကြီးယူလာပြီး မီးဖုတ်ကျွေးတဲ့ လတ်လတ်ဆတ်ဆတ်ပုဇွန်ထုပ်အရသာက ချိုပြီးမွှေးလှပါတယ်။ ကမ်းခြေကသစ်ပင်ရိပ်အောက်မှာ မြေကြီးပေါ်ထိုင်ချပြီး ထမင်းအိုးတွေချ ၊ အားရပါးရ ထမင်းစားရတဲ့ အရသာကလည်း တသက်မမေ့နိုင်စရာပါဘဲ..။မိချောင်းခေါင်းကျွန်းကနေ ငရုပ်ကောင်းမြို့ကို ညနေမှောင်ခါနီးမှာ ပြန်ရောက်ပြီး ကျွန်မတို့ရဲ့ဂေါ်ရန်ဂျီကျွန်းခရီးစဉ်ကိုအဆုံးသတ်ခဲ့ကြပါတော့တယ်။နောက်နေ့မနက် ၇ နာရီကားနဲ့ ပုသိမ်ကိုသွားကြပြီး ပုသိမ်က အန်ကယ် ဦးဝင်းစိုး အိမ်မှာ ခဏနားခိုကြပြီး ပုသိမ်ထီးလုပ်ငန်းနဲ့ ပုသိမ်ရေပေါ်ဈေးကိုမှတ်တမ်းတင်ခဲ့ကြပါသေးတယ်။ည ၁၂ ကားနဲ့ ပုသိမ်ကနေ ရန်ကုန်ကို ပြန်ခဲ့ကြပြီး နောက်တနေ့ မနက် ၄ နာရီလောက်မှာ မွန်းကျပ်လှတဲ့ ရန်ကုန်ရွှေမြို့တော်ကြီးကို ချောချောမောမောပြန်လည်ရောက်ရှိခဲ့ကြပါတော့တယ်။
အချိန်တန်ရင် အိမ်ပြန်ကြရမယ်ဆိုတာသိပေမယ့် မွန်းကျပ်လှတဲ့ မြို့ပြနဲ့ ဝေးကွာခွင့်ရခဲ့တဲ့ ပျော်စရာကောင်းလှတဲ့ ၅ ရက်တာဂေါ်ရန်ဂျီကျွန်းခရီးစဉ်ကို တသက်မမေ့နိုင်တော့ပါဘူး။ဒီခရီးစဉ်မှာ ကျွန်မသိလိုက်ရတာက ကျွန်မတို့နိုင်ငံမှာ လူသိပ်မသိသေးဘဲ တိမ်မြုပ်နေတဲ့ လှပတဲ့နေရာဒေသတွေရှိနေသေးပါလားဆိုတာပါဘဲ။ ချောင်းသာ ၊ငွေဆောင် ကျွန်မရောက်ဖူးပါတယ်။ဒါပေမယ့် ဂေါ်ရန်ဂျီကျွန်းနဲ့ အနီးတ၀ိုက်က ကျွန်းတွေရဲ့ အလှကို ချောင်းသာ နဲ့ ငွေဆောင်က မယှဉ်နိုင်ပါဘူး။ ဒီလိုသဘာဝတရားနဲ့ လှချင်တိုင်းလှနေတဲ့ ဒေသတခုကို မပျက်စီးအောင် ၊အားလုံးဝိုင်းဝန်းပြီး ကာကွယ်ထိန်းသိမ်းထားသင့်ပါတယ်။
ခရီးစဉ်တလျှောက်လုံး အစစအရာရာ လိုလေသေးမရှိ ကူညီခဲ့တဲ့ ကိုဏီမောင်မောင်နဲ့ ကိုခန့်ချော ၊ကိုရဲ ၊ကိုလွင်မိုးတို့ကို အထူးကျေးဇူးတင်ပါတယ်။ နံသာပုရွာလေးက ရိုးသားပြီး စေတနာကောင်းလွန်းတဲ့ကိုဇော်ဝမ်း နဲ့ မအေးအေးနိုင် ၊ ဂေါ်ရန်ဂျီတောင်ထိပ်က ဘုရားလေးနဲ့ ကျွန်းပေါ်မှာ သွားချင်တဲ့နေရာတွေကို လိုက်ပို့ပေးတဲ့ ကိုချစ်မောင်တို့ ဇနီးမောင်နှံကိုလည်းကျေးဇူးတင်ပါတယ်။ခဏတာနားခိုခွင့်ပေးတဲ့ ပုသိမ်က အန်ကယ်ဦးဝင်းစိုးတို့ဇနီးမောင်နှံကိုလည်းကျေးဇူးတင်ပါတယ်ရှင်..။
ဂေါ်ရန်ဂျီကျွန်းခရီးစဉ်ကိုစိတ်ဝင်စားသူများ ကျွန်မကို chat box ကနေဆက်သွယ်နိုင်ပါတယ်ရှင့်။ ဒေသခံ မိတ်ဆွေ သူငယ်ချင်များနဲ့ ချိတ်ဆက်ပေးပြီး ကျွန်မတတ်နိုင်သလောက်ကူညီပေးပါ့မယ်။
(ဟေမာအောင်)

No comments:

Post a Comment