Friday, August 16, 2013

" ယနေ့ အချိန်အထိ ထိရောက်စွာ အရေးယူမှု မပြုသေးတဲ့ မန္တလေးကျုံးဘေးက ဓားခုတ်မှုများ "


"နောက်တစ်ခါ လာပြန်ချည်သေး"
ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရတဲ့ လူငယ်နောက်တစ်ယောက်ရဲ့ ရင်ဖွင့်သံကို ပြည်သူ့ဆန္ဒဂျာနယ် ပြည်သူ့အသံကဏ္ဍမှာ ထပ်တွေ့ရလို့ ထပ်မံတင်ပြလိုက်ပါတယ်။ ဒါက တတိယမြောက်ပေါ့.......

ကျွန်တော့်နာမည် စည်သူအောင်ပါ။ (၂၀.၇.၂၀၁၃) ည၈နာရီခွဲအချိန်လောက်မှာ ကျုံးဘေးမှာ ဓားနဲ့ အခုတ်ခံခဲ့ရပါတယ်။ ကျုံးဘေးမှာ ည ည ဆိုင်ကယ်သမားတစ်စုက ရှေ့ကသွားနေတဲ့ ဆိုင်ကယ်နောက်ကိုလိုက်ပြီး ဓားနဲ့ခုတ်တယ်ဆိုတဲ့ သတင်းကို ကြားနေတာကြာပါပြီ။ အခုတ်ခံရတဲ့သူတွေလည်း တွေ့ဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတင် ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူ ၈ဦးလောက် ရှိပါတယ်။ အားလုံး ဒီလ(၂၀၁၃၊ ဇူလိုင်လ)ထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။ ကျွန်တော် ဓားနဲ့အခုတ်ခံရတဲ့အတွေ့အကြုံကတော့ သူတို့နဲ့ မတူပါဘူး။ အဲဒီညက တိရ စ္ဆာန်ဥယျာဉ် ရှေ့မှာ ကျွန်တော်နဲ့အတူ ရပ်ကွက်ထဲက လူတွေ (ကလေးငယ်တွေအပါအ၀င်) လူ၁၀ယောက်လောက် ထိုင်နေ ကြပါတယ်။ အဲဒီတုန်းမှာ ဆိုင်ကယ်(၃)စီး၊ လူ(၉)ယောက် ရောက်လာပြီး မလှမ်းမကမ်းမှာ ဆိုင်ကယ်များကို ရပ် လိုက်ပါတယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး ကျွန်တော်တို့ထိုင်နေတဲ့နေရာကို ပြေးလာပါတယ်။ ပြီးတော့ ကျွန်တော့် ရဲ့ဦးခေါင်းပိုင်းကို ဓားနဲ့ ၀ိုင်းပြီးခုတ်ကြပါတယ်။ ကျွန်တော်က လက်နဲ့ကာပြီး ကာကွယ်လိုက်လို့ ဘယ်ဖက်လက် တံတောင်ဆစ်ကို ခုတ်မိသွားပါတယ်။ ( ၁၆ )ချက် ချုပ်ခဲ့ရပါတယ်။ ဓားနဲ့ခုတ်ပြီးပြီးချင်း သူတို့အုပ်စုက ဆိုင်ကယ် တွေပေါ်တက်ပြီး ထွက်ပြေးသွားကြတာပါ။
ဓားနဲ့ခုတ်တဲ့လူတွေက ကျွန်တော်နဲ့ ဘာရန်ညှိုးမှ မရှိပါဘူး။ တစ်ခါမှလည်း မမြင်ဖူးပါဘူး။ ဒါပေမယ့် သူတို့ မျက်နှာတွေကိုတော့ နောက်တစ်ခါမြင်ရင် ကျွန်တော်မှတ်မိပါတယ်။ သူတို့ဟာ ဆေးပေါက်နေပုံ၊ အရက်မူးနေပုံ လည်း မရပါဘူး။ သက်သက်မဲ့ကို တွေ့ရာလူကို ခုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သွေးအေးအေး လိုက်ခုတ်နေကြပုံပါ။ သူတို့အသုံးပြုတဲ့ ဆိုင်ကယ်အမျိုးအစားကိုလည်း ပြောပြချင်ပါတယ်။ SCOOPYI အမျိုးအစား ဆိုင်ကယ်များဖြစ်ပါ တယ်။ မန္တလေးမှာ လူတိုင်းလိုလို ဆိုင်ကယ်စီးနေကြရာမှာ ၂သိန်းမှ ၂သိန်းခွဲ၊ ၃သိန်းတန် ဆိုင်ကယ်များကိုသာ အစီးများကြပါတယ်။ SCOOPYI အမျိုးအစား ဆိုင်ကယ်ဟာ ၁၃သိန်းမှ ၁၅သိန်းအထိ တန်ကြေးရှိပါတယ်။ တော်ရုံ တတ်နိုင်တဲ့သူများ မစီးနိုင်ပါဘူး။ ဓားနဲ့အခုတ်ခံရသူတိုင်းရဲ့ ပြန်ပြောပြချက်တွေအရ ဓားနဲ့လိုက်ခုတ်သူတွေ သုံးတဲ့ ဆိုင်ကယ်အမျိုးအစားဟာ SCOOPYI အမျိုးအစားတွေချည်းဖြစ်နေပါတယ်။ စဉ်းစားစရာ အချက်တစ်ချက်ပါပဲ။
ကျွန်တော့်အတွေ့အကြုံကို ဆက်ရရင်တော့ ဓားနဲ့အခုတ်ခံရ ပြီးပြီးချင်း ထွက်ပြေးသွားတဲ့ သူတို့နောက်ကို ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ပါတယ်။ လက်က ဓားဒဏ်ရာကို ဂရုမစိုက်ပဲ အများနဲ့တစ်ယောက်ဖြစ်ပေမယ့် သေချင် သေပေစေ၊ ဒီကောင်တွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ သိရရင် ပြီးရော.. ဆိုတဲ့စိတ်နဲ့ လိုက်ခဲ့တာပါ။ သူတို့အုပ်စုက ဆိုင်ကယ် (၃)စီး၊ လူ (၉)ယောက်ပါ။ သူတို့ကလည်း အုပ်စုလိုက် အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးကြတယ်။ တိရိ စ္ဆာန် ဥယျာဉ်အနောက်ဘက်လမ်းကနေ မန္တလေးတောင်ကို ပတ်ပြေးတယ်၊ ကျွန်တော်လည်း မျက်ခြေပြတ်မခံပဲ နောက် က တရကြမ်း လိုက်ခဲ့ပါတယ်။ ကျုံးအရှေ့ဘက်လမ်းဖြစ်တဲ့ ၆၆လမ်းအတိုင်း လိုက်ခဲ့ရာမှာ ၂၆လမ်း(ကျုံးတောင် ဘက်)ကို ချိုးသွားကြပါတယ်။ အဲဒီလို ၂၆လမ်းအတိုင်း သွားရင်းက ၆၇လမ်းနဲ့ ၆၈လမ်းကြားအရောက်မှာ ရှေ့က ဆိုင်ကယ်နဲ့သွားနေသူတစ်ဦးကို ထပ်ပြီး ဓားနဲ့လှမ်းခုတ်ပါသေးတယ်။ အဲဒီနောက် သူတို့ကို မျက်ခြေပြတ်သွားခဲ့ ပါတယ်။ ကျွန်တော်လည်း အဲဒီကျမှ ဒဏ်ရာ သိပ်နာလာတာကို သတိထားမိပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ကို အကျိုးအကြောင်းပြောပြပြီး အရပ်ထဲက ဆေးခန်းကိုသွားတော့ ဆေးခန်းက ဒဏ်ရာပြင်းထန်လို့ဆိုပြီး ဆေးရုံကို သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
ဆေးရုံကိုရောက်တော့ ဒီတစ်လ(ဇူလိုင်လ)ထဲမှာတွင် ကျုံးဘေးမှာ ဓားခုတ်ခံရလို့ ဒဏ်ရာရလာတဲ့ လူနာ ပေါင်း တစ်ရာကျော်ပြီဆိုတဲ့သတင်းကို ဆေးရုံကနေ ကြားခဲ့ရပါတယ်။
ကျွန်တော့်စိတ်ထဲမှာ မခံချင်ဖြစ်မိတာက မန္တလေးဆိုတာ မြို့ကြီးပြကြီးပါ။ ကျုံးဆိုတာလည်း မြို့လည်ခေါင် က အထင်ကရနေရာကြီးတစ်ခုပါ။ အဲဒီလိုနေရာမှာ ညတိုင်းလိုလို ဓားခုတ်မှုတွေဖြစ်နေတယ်။ ရမ်းကားတဲ့လူတစ်စု က တွေ့ရာလူကို ရန်ညှိုးမရှိပဲ သွေးအေးအေးနဲ့ ဓားနဲ့လိုက်ခုတ်နေတယ်။ ခံရတဲ့သူတွေကလည်း တချို့ ရဲစခန်းကို တိုင်ကြတယ်။ အခုတ်ခံရတဲ့သူပေါင်းလည်း မနည်းတော့ဘူး။ ဒါပေမယ့် တစ်ခါမှလည်း မိတယ်လို့ မရှိဘူး။
ကျွန်တော်လည်း အမှတ်(၂)ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒီနေ့ထိ ဘာမှတော့ မထူးသေးပါဘူး။
ပြည်သူ့ရဲတွေက ဒီလို ရမ်းကားနေတဲ့လူတွေကို အရေးမယူတော့ဘူးလား။ ဖမ်းမိအောင် မကြိုးစားတော့ဘူး လား။ ဘာဖြစ်လို့ မဖမ်းမိရတာလဲ။ လူရမ်းကားတွေက စံနစ်တကျဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ကြီးထက် ပိုပြီး တော်နေ လို့လား။ သင်တန်းအမျိုးမျိုးတက်၊ အမျိုးမျိုးလေ့ကျင့်ထားတဲ့ ပြည်သူ့ရဲတွေထက် ပိုပြီး အရည်အချင်းရှိနေလို့လား။ အဲဒါကြောင့် ဖမ်းမမိတာလား။ ကျွန်တော်တို့ အလှမ်းမမီတဲ့ တခြား လျှို့ဝှက်ချက်တွေများ ရှိနေလို့လား။ စဉ်းစား စရာပါပဲ။
ကျွန်တော့်ရဲ့အတွေ့အကြုံကို ရင်ဖွင့်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment