အလယ်တန်းပြဆရာမ ဒေါ်စိုးစိုးခိုင်အား ပညာရေး ၀န်ကြီးဌာန၏ ရှင်းလင်းချက်များအပေါ် ကွဲလွဲမှုများ ရှိကြောင်း ကာယကံရှင်က ငြင်းဆို
Created on Saturday, 31 August 2013 02:24
သြဂုတ် ၃၀ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည့် ပညာရေး ၀န်ကြီးဌာန၏
ရှင်းလင်းချက်အား ကွဲလွဲမှုများ ရှိနေကြောင်း ကာယကံရှင်က The Daily Eleven
သတင်းစာသို့ ငြင်းဆိုပြောကြားခဲ့သည်။
မြန်မာ့အလင်း သတင်းစာတွင် အ.ထ. က (၅) မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်
ကျောင်းချိန်နောက်ကျ ရောက်ရှိသည့် ၄၃ ရက်၊ ခွင့်ယူရက် လေးရက်၊
ကျောင်းအုပ်ကြီးထံ ဆက်သွယ်မှု မရှိခြင်း၊ ခွင့်မဲ့ပျက်ကွက်ခြင်း၊
ဆေးစာလိမ်လည် တင်ပြခြင်းတို့ကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်သည်ဟု
ဖော်ပြထားခြင်း ဖြစ်သည်။
ယင်းကိစ္စများနှင့် ပတ်သက်၍ ဆရာမ
ဒေါ်စိုးစိုးခိုင်က ''ကျောင်းချိန် ၄၃ ရက် နောက်ကျတယ်ဆိုတာ မဟုတ်ပါဘူး။
အဲဒီလောက် မများပါဘူး။ နောက်ကျတာတော့ ရှိပါတယ်။ ကျွန်မနေတဲ့ ပျဉ်းမနားနဲ့
ကျောင်းနဲ့က တော်တော်ဝေးပါတယ်။ လိုင်းကား စီးသွားရတာ ဆိုတော့ နောက်ကျတဲ့
ရက်တော့ရှိပါတယ်။ ဒါပေမဲ့ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ထံမှာ
လက်မှတ်ထိုးရတာ မရှိပါဘူး။ ကျောင်းမတက်ဖြစ်တဲ့ ရက်ဆိုရင်လည်း
အတန်းမှူးထံကိုတော့ ဖုန်းနဲ့ခွင့်တိုင် ကြားပါတယ်။ ဆေးစာလိမ်လည်
တင်ပြတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်မမှာ ရောဂါရှိလို့ ဆရာဝန်က ဆေးထောက်ခံစာ
ရရှိတာပါ။ ပညာရေး ၀န်ကြီးဌာနက ကျွန်မကို အလုပ်ထုတ်ချင်လို့ အကြောင်း
အမျိုးမျိုး ရှာနေတာ သိသာထင်ရှားပါတယ်'' ဟု ဒေါ်စိုးစိုးခိုင်က ပြောကြားသည်။
ဆေးထောက်ခံချက် လက်မှတ် ထုတ်ပေးသည့် ဒေါက်တာတင်ထွန်းအောင်က ''ဆရာဝန်
တစ်ယောက်က ကိုယ့်လူနာ မဟုတ်ဘဲ၊ ရောဂါမရှိဘဲ၊ ဆေးစာလိမ်ရေးပေးလို့ မရပါဘူး။
လိမ်ပြီးရေးပေးလို့ ပိုက်ဆံရတာ မဟုတ်ဘူး။ ဒီဆရာမမှာ တကယ်လည်း ရောဂါတွေ
ရှိနေပါတယ်။ ကျွန်တော့်ကိုတောင် ပညာရေး ၀န်ကြီးဌာနက ခေါ်ပြီးမေးမြန်းသေးတယ်။
အခုပြောတဲ့ အတိုင်းပဲ ဖြေခဲ့တယ်။ ကျွန်တော့် ဆေးခန်းမှာ နေ့တိုင်းဆေးလာ
ထိုးတယ်။ အခုလို ဆေးစာလိမ်တယ်လို့ သတင်းစာမှာ ပါလာတော့ လိမ်သလို ဖြစ်နေတယ်။
လိမ်ပြီးရေးပေးစရာ အကြောင်းမရှိပါဘူး။ တကယ်ဖြစ်လို့သာ ရေးပေးတာပါ'' ဟု
ပြောကြားသည်။
၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ ခွင့်မဲ့
ကျောင်းပျက်ကွက်ခြင်း၊ ကျောင်းအုပ်ကြီးထံ ခွင့်ပန်ကြားမှု မရှိဘဲ
ရန်ကုန်သို့ ထွက်ခွာခြင်း၊ နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်
ဆောင်ရွက်ခြင်း (ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ
စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ
ငွေရတု အစီအစဉ်တွင် စာနယ်ဇင်းများနှင့် တွေ့ဆုံရှင်းလင်း တက်ရောက်ခြင်း)
စသည့် အချက်များဖြင့် နေပြည်တော် ပညာရေး ၀န်ကြီးဌာနက ၂၀၁၃ ခုနှစ် သြဂုတ် ၁၅
ရက်တွင် မယူမနေရ အငြိမ်းစား ပေးခဲ့ရာမှ ပယ်ဖျက်၍ သြဂုတ် ၁၇ ရက်တွင်
ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။
Eleven Midea Group
No comments:
Post a Comment