Tuesday, August 13, 2013

Old Membership၊ Young Government



နိုင်ငံရေး ကိစ္စရပ်များတွင် လူသုံးများသည့် ခပ်ထေ့ထေ့ စကားရပ် တစ်ခုရှိသည်။ ဤလို ဥပမာမျိုးကို အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၏ ဆူဟာတိုခေတ်နှင့် တစ်ပါတီအာဏာရှင် နိုင်ငံရေးစနစ် အလေ့အထရှိသည့် နိုင်ငံများမှ အပြောင်းအလဲများနှင့် ပတ်သက်ပြီး ရည်ညွန်းလိုသည့် အခါမှာ နိုင်ငံရေး သိပ္ပံပညာရှင်များစွာ စွဲစွဲမြဲမြဲ သုံးလေ့ သုံးထ ရှိသည်။ ၎င်းမှာ ..Old wine in the new bottle, New wine in the old bottle ဆိုသည့် စကားရပ် ဖြစ်သည်။

ဆိုလိုသည်မှာ နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်နှင့် လူဟောင်းများ (သို့မဟုတ်) လူသစ်များနှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အဟောင်းဆိုပြီး အလွယ် သတ်မှတ်နိုင်သည်။ လူဟောင်းများ၏ အပေါင်းအပါနှင့် အာဏာ၊ လုပ်ပိုင်ခွင့်၊ လူသစ်များ၏ အပေါင်းအပါနှင့် ဖွဲ့စည်းပုံ အဟောင်းကို ဆိုလိုရင်း ဖြစ်သည်။

သဘောမှာ ပြည်သူကို နှစ်ခုစလုံး မျက်လှည့် ပြလိုက်သော အကွက်များသာ ဖြစ်ပါသည်။ နားလည့် ပါးရိုက် လုပ်ခြင်းဟု ဆိုရမည်။ နိုင်ငံရေး အာဏာနှင့် လုပ်ပိုင်ခွင့်ကို လက်မလွှတ်လိုသည့် အခါမှာ အဆိုပါ ဥပမာကဲ့သို့ တစ်ပတ်ရိုက် သုံးတတ်ကြခြင်း ဖြစ်သည်။

ယခုမြန်မာ့အရေးသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အသစ်နှင့် လူဟောင်းများ ဖြစ်သည်။ ဖွဲ့စည်းပုံက အသစ်ဟုတ် မဟုတ် ဆိုသည်ထက် လူဟောင်းများ ဖြစ်သည်ကို ၁၀၀ ရာခိုင်နှုန်း ငြင်းဆိုနိုင်မည် မထင်ပါ။ ပြောလိုသည်မှာ ဖွဲ့စည်း အုပ်ချုပ်ပုံအသစ် မဟုတ်ပါ။ လူဟောင်းများ ပြဿနာများကို တင်ပြလိုရင်း ဖြစ်သည်။

Young Government

Young Government ကို လုံးစေ့ပတ်စေ့ မြန်မာမှု ပြုရာတွင် ငယ်ရွယ် တက်ကြွသော လူလတ်တန်း အရွယ် ရှိသူများ ဦးဆောင်သည့် အစိုးရမျိုး၊ ဒေသဆိုင်ရာ အဖွဲ့အစည်းမျိုး၊ အင်စတီကျူးရှင်းမျိုးကို ဆိုလိုရင်း ဖြစ်သည်။

သတင်း နည်းပညာကြောင့် လူတို့၏ နေထိုင်မှု ဘဝ၌ Space ကျဉ်းသောခေတ်၊ ငယ်ရွယ် တက်ကြွနေသူများက အစိုးရကို ဦးဆောင်ရမည့်၊ အဖွဲ့အစည်းကို ဦးဆောင်ရမည့် ခေတ် ဖြစ်နေခြင်းက ယနေ့ ကမ္ဘာအဝန်း နိုင်ငံ့ ခေါင်းဆောင်များ၊ စီးပွားရေး ထိပ်သီး ခေါင်းဆောင်များက လက်ခံထားကြသည်မှာ အနှံ့အပြား ဖြစ်သည်။

ငယ်ရွယ် တက်ကြွသူ လူလတ်တန်း အရွယ် ဆိုသည်မှာ အသက်အားဖြင့် ၄၅-၆၀ နှစ် ဝန်းကျင်များက တိုင်းပြည်အား ဦးဆောင်ဦးရွက် ပြုခြင်းကို Young Government ဟု သုံးနှုန်းကြခြင်း ဖြစ်သည်။ ပျမ်းမျှအားဖြင့် အသက် ၆၀ နှစ် မကျော်သူများ ကို ဆိုလိုပေသည်။

ကမ္ဘာတစ်ဝန်း ယခုကဲ့သို့ Young Government ကို တွင်တွင်ကျယ်ကျယ် သုံးနေခြင်းမှာ ဒီမိုကရေစီ နိုင်ငံများ၊ ကွန်မြူနစ် နိုင်ငံများ၊ အာဏာပိုင် စနစ်နှင့် တစ်ပါတီ ကြီးစိုးသည့် နိုင်ငံတိုင်းတွင် ခေါင်းဆောင် အစဉ်အလာ၊ ဓလေ့ကဲ့သို့ ဖြစ်လာသည်။

နည်းပညာ ဖွံ့ဖြိုး ကြီးထွားလာမှုနှင့် ယခုလို Space ကျဉ်းသော ကမ္ဘာတွင် ထိုငယ်ရွယ်သူများသာ နိုင်ငံကို ဦးဆောင်ဦးရွက် ပြုမှသာ ဖြစ်မည်ကို မည်သည့်စနစ် ကျင့်သုံးသည်ဖြစ်စေ အဆိုပါ နိုင်ငံများရှိ နိုင်ငံရေး Conservatives များ ကိုယ်တိုင် လက်ခံလာခြင်း ဖြစ်သည်မှာလည်း တိုင်ပင်ထားသကဲ့သို့ ဖြစ်နေသည်။

ဥပမာ ဆိုရလျှင် ကွန်မြူနစ် တရုတ်နိုင်ငံက လိုလိုလားလား ကျင့်သုံးနေခြင်းသည် အထူး အံအားသင့်ဖွယ် ဖြစ်သည်။ တရုတ်တွင် သမ္မတ ကျန်စီမင်း နောက်ပိုင်း ငယ်ရွယ်သူများကို နိုင်ငံ၏ ထိပ်သီးနေရာများကို ပေးလာခြင်းမှာ အာဏာပိုင် ဝါဒ၊ အာဏာ မက်မက်မောမောရှိသည့် နိုင်ငံတွင် ထူးဆန်းသည်ဟု ဆိုရမည် ဖြစ်သည်။

တရုတ် နိုင်ငံရေးစနစ်မှာ အတိုက်အခံ လစ်ဘရယ် နိုင်ငံရေး စနစ် မဟုတ်သော်လည်း Young Government ထုတ်သုံးခြင်းသည် အခြား နိုင်ငံများ၏ နိုင်ငံရေး ဓလေ့လား၊ နိုင်ငံရေး ရိုက်ခတ်ချက်လား၊ ကမ္ဘာကြီးက Space ကျဉ်းလာခြင်းကြောင့်လား ဆိုသည်ကို တပ်အပ် ပြောဆိုရန် ခက်ပေသည်။

အာရှတွင် ငယ်ရွယ်သူ နိုင်ငံ့ ခေါင်းဆောင်များ ပေါ်ထွန်းလာသလို၊ အနောက်တွင်လည်း နိုင်ငံ့ ခေါင်းဆောင် များစွာ ရှိလာသည်။ ခေါင်းဆောင်သစ်များ ထိပ်ပိုင်း ရာထူးများ ဖြစ်သည့် သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများ စီးပွားရေး လုပ်ငန်းများတွင် CEO အဆင့် ရှိသူများကို ဆိုလိုရင်း ဖြစ်သည်။

၎င်းတို့၏ နိုင်ငံ့ခေါင်းဆောင် ရာထူး ဆက်ခံသည့် နှစ်မှစပြီး အသက်အရွယ်အား ဖော်ပြမည်ဆိုလျှင် ထိုင်းနိုင်ငံတွင် လက်ရှိ ဝန်ကြီးချုပ် ယင်းလတ် ရှင်နာဝပ် (အသက် ၄၄ နှစ်) နှင့် ယခင်က ဝန်ကြီးချုပ်ဟောင်း အဘီဆစ် (အသက် ၄၄ နှစ်) ဖြစ်သည်။ စင်ကာပူတွင် ဝန်ကြီးချုပ် လီရှန်လွန်း (အသက် ၅၃ နှစ်) ၊ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ် (အသက် ၅၂ နှစ်) တို့ ဖြစ်သည်။

ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် တန်ဒေါင်း (အသက် ၅၇ နှစ်) တို့ ဖြစ်သည်။ တောင်ကိုရီးယား သမ္မတ ပတ်ဂျင်းဟီး (အသက် ၆၁ နှစ်) နှင့် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (အသက် ၅၈ နှစ်) ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် (အသက် ၂၉ နှစ်) ဖြစ်သည်။ တရုတ်နိုင်ငံတွင် ယခင် သမ္မတ ဟူကျင်းတောင် (အသက် ၆၁ နှစ်)၊ ဝန်ကြီးချုပ် ဝမ်ကျားပေါင် (အသက် ၆၁ နှစ်)၊ လက်ရှိ သမ္မတ ရှီကျင့်ဖျင် (အသက် ၆၀ နှစ်) တို့ ဖြစ်သည်။

အနောက် နိုင်ငံများ၌ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း (အသက် ၄၇ နှစ်)၊ အမေရိကန် သမ္မတ ဘားရက်ခ် အိုဘားမား (အသက် ၅၁ နှစ်)၊ သမ္မတဟောင်း ဘီလ် ကလင်တန် (အသက် ၅၅ နှစ်)၊ ဂျာမနီ ဝန်ကြီးချုပ် အင်ဂျလာ မာကယ် (အသက် ၅၈ နှစ်)၊ ပြင်သစ် လက်ရှိ သမ္မတ ဖရန်စစ် ဟိုလန်ဒီ (အသက် ၅၈ နှစ်) သမ္မတဟောင်း ဆာကိုဇီ (အသက် ၅၂ နှစ်) တို့ ဖြစ်သည်။

ဖော်ပြပါ သမ္မတများ၏ အသက်အရွယ် စာရင်းများအရ ဖော်ပြနေသည်မှာ ၆၀ နှစ် နောက်ပိုင်း အရွယ် ရှိသူများကို နိုင်ငံခေါင်းဆောင် နေရာ မပေးသည့် အစဉ်အလာကို တွေ့ရှိနိုင်မည် ဖြစ်ပေသည်။ ထိုမှ ကောက်ချက် ချရလျှင် မိမိတို့နိုင်ငံ၏ Young Government မရှိခြင်းနှင့် Young Generation များ နေရာမရ ဖြစ်နေခြင်းကို ထင်ဟပ်စေပါသည်။

Old Membership

Old Membership ဆိုသည်မှာ အဖွဲ့အစည်းအတွင်း အသက်အရွယ် ကြီးရင့်သူများ ပါဝင်နေခြင်းဖြင့် အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်သည်။ မိမိတို့နိုင်ငံတွင် Young Government ယဉ်ကျေးမှု မရှိခြင်းကြောင့် Old Membership များ ရှိနေခြင်းလား ဆိုသည်မှာ မေးခွန်းတစ်ရပ် ဖြစ်နေသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲရေးတွင် ပေါ်လစီအရသော် လည်းကောင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် ထိတွေ့ဆက်ဆံရာတွင် လည်းကောင်း၊ ပြည်သူများ၏ လိုလား တောင်းဆိုချက် ပဋိပက္ခများဖြေရှင်းရန် ဖွဲ့စည်းထားသည့် ယာယီ ကော်မတီများတွင် လည်းကောင်း၊ အစိုးရကို အကြံပေးရန် ဖွဲ့စည်း ထားသော အကြံပေး အဖွဲ့များတွင် လည်းကောင်း ထိုကဲ့သို့ Old Membership များ များစွာ ပါဝင်နေခြင်းကို Old Membership ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းနေခြင်း ဆိုရမည် ဖြစ်သည်။

ပြောလိုသည့် အကြောင်းအရာ ဆိုသည်မှာ Old Membership များ၏ လုပ်ရည်ကိုင်ရည် (Effenciency)၊ အလုပ်လုပ်နိုင်စွမ်း(Strong resistant)၊ နည်းပညာ (Technology)၊ စီမံခန့်ခွဲမှု အသစ်များ (Management)၊ အဖွဲ့အစည်းများ၏ လုပ်ငန်း ပုံသဏ္ဌာန် (Structure of Organization) စသည့် အားလုံးတို့ အကျုံးဝင်သည့် ယဉ်ပြိုင်မှု ကမ္ဘာကြီးတွင် ယနေ့ ဖြစ်ပျက်နေသော ပြည်တွင်း အခြေအနေက နိုင်ငံတကာ အခြေအနေများနှင့် အဆက်အစပ် ကင်းမဲ့စွာ ရှင်သန်ရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

ကာလအားဖြင့် မိမိတို့ နိုင်ငံ၏ နိုင်ငံရေးစနစ်၊ အုပ်ချုပ်ရေးစနစ်၊ စီးပွားရေး စနစ်၊ ပညာရေးစနစ်၊ လူမှုရေး စနစ်များသည် စီမံ ခန့်ခွဲမှု ပညာရှင် ပီတာဒရက်ကား ပြောသည့် AGE OF DISCONNECT ဟု တင်စား ပြောရမည့် ကမ္ဘာကြီးနှင့် အဆက်ပြတ်ခဲ့သည် ကာလများစွာ ရင်ဆိုင် ကြုံတွေခဲ့ရပြီး ဖြစ်သည်။

မိမိတို့လည်း AGE OF DISCONNECT ခေတ်ကြီးတွင် ဆယ်စုနှစ်များစွာ ရှင်သန်ခဲ့ရဖူးပြီး လွန်ခဲ့သော ထို AGE OF DISCONNECT ခေတ်ကာလကြီးအတွင်း မွေးဖွားလာကြပြီး နိုင်ငံ၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်ဖြင့် စနစ်အား ခေါင်းကိုင်ခဲ့သူများမှာ ယခုတစ်ဖန် ကော်မတီ၊ ကော်မရှင်များ၊ အဖွဲ့အစည်း အသီးသီး၏ ခေါင်းကိုင်များအဖြစ် နေရာယူထားသော Old Membership များဖြစ်နေသည်ကို တွေ့ရပြန်သည်။

အဆိုပါ ကော်မတီ၊ ကော်မရှင်များတွင် ပါဝင် ဖွဲ့စည်းထားသူများမှာ ယခင်လူဟောင်းများသာ ဖြစ်နေ သည်။ ယခင် ဆိုရှယ်လစ်ခေတ်၊ တပ်မတော် အစိုးရခေတ်က တည်ဆဲ အစိုးရကို သစ္စာခံခဲ့သူများသာ ဖြစ်သည်။

အစိုးရမှ ကမကထ ပြုထားသည့် အဖွဲ့အစည်းပေါင်း ငါးခုခန့် ရှိပြီး လွှတ်တော် နှစ်ရပ်မှ ဖွဲ့စည်းထားသော အဖွဲ့အစည်းမှာ ၂၅ ခုကျော်သည့် အထိပင် ဖြစ်သည်။ ဥပမာအားဖြင့် အစိုးရက ကမကထပြု ဖွဲ့စည်းထားသည့် လူ့အခွင့်အရေး ကော်မရှင်၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ဘဏ္ဍာရေး အကြံပေး ကော်မရှင်၊ ဗဟိုဘဏ် အကြံပေး အဖွဲ့၊ သမ္မတ၏ စီးပွားရေး လူမှုရေး အကြံပေးအဖွဲ့ စသည်တို့ ဖြစ်သည်။

လွှတ်တော် နှစ်ရပ်မှ ဖွဲ့စည်းထားသည့် ကော်မရှင် ကော်မတီများ မှာ ပြည်သူ့ ငွေစာရင်း ကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ လယ်ယာမြေ စုံစမ်းရေး ကော်မရှင် စသည်တို့ ဖြစ်သည်။

အစိုးရ အဖွဲ့ဝင်များတွင်ပင် အသက် (၆၀) ကျော်သူများ များပြားစွာ ပါရှိနေသည်။ ထိုကဲ့သို့ Old Membership များ ပြည့်ကြပ်နေခြင်းကြောင့် ယခုမူ အစိုးရတွင် အကျပ်အတည်းများ ဖြေရှင်းရာတွင် နည်းလမ်းကောင်း ရှာမတွေ့ခြင်း ဖြစ်တန်ရာ၏။ ရှေးရိုးစွဲ ရှိသူများ၊ ယခင် ကာလများက စီးပွားရေး၊ အုပ်ချုပ်ရေးများတွင် ယှက်နွှယ် ပတ်သက်ဖူးသူများ၊

အထက်ပိုင်း လူကြီးအပေါ် သစ္စာခံခြင်းသည် ဘေးကင်းသည်ဆိုသည့် ရှုထောင့်များကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်တာများသည် ရှေ့မရောက် ခြင်း၊ ပြည်သူလူထု၏ အကျပ်အတည်းများကို ယတိပြတ် မဖြေရှင်းနိုင်ခြင်း၊ ဆန်းသစ် တီထွင်မှု မရှိခြင်းများနှင့် ကြုံတွေ့ရသည်။

ပြင်ပတွင် ပြန်လည် ကြားသိရသည်မှာ ယခင်ကာလများက ပြည်ပ နိုင်ငံများသို့ အလည်အပတ် ခရီး၊ အစိုးရ ခရီးစဉ်များ မသွားခဲ့ရသည့် ကျပ်တည်းမှုမှ အစိုးရ တံခါးသစ် ဖွင့်လှစ်မှုကြောင့် ပြည်ပသို့ အစိုးရ ခရီးစဉ်များ တင်းကျမ်း သွားရခြင်းအပေါ်တွင် အာရုံကျလျက်ရှိ ကြောင်း သိရှိရသည်။

ထိုကဲ့သို့ နိုင်ငံခြား ခရီးစဉ်များအပေါ် အပြိုင်အဆိုင် နေရာ လုကြသည့် အခြေအနေများကိုလည်း အဖွဲ့အစည်းတိုင်း၌ ကြားသိနေရခြင်း ဖြစ်သည်။ ထိုပြင် Young Generationများနှင့် Old Membership များအတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ပဋိပက္ခများပင် ဖြစ်ပေါ်လာနိုင် သည့် အရိပ် လဏ္ခဏာများကို တွေ့မြင်နေရပြီ ဖြစ်သည်။

မျိုးဆက်သစ် လူသစ်တန်းများနှင့် လူဟောင်းများအကြား ပဋိပက္ခ တစ်ခုကို ဥပမာ ပြရလျှင် မကြာသေးမီက သမ္မတ မတက်ရောက်ခဲ့သည့် ပြည်ထောင် စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသား စုံညီ အစည်းအဝေး ကျင်းပခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဇူလိုင်လ ၁၃ ရက်နေ့ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည့် အဆိုပါပွဲသည် အသင်းသားများ၊ CEC များ စသည်ဖြင့် မှတ်တမ်းတင် ဓာတ်ပုံ မရိုက်နိုင်လောက်အောင် ဝရုန်းသုန်းကားနှင့် ပြီးဆုံးခဲ့သည်ဟု သိရပါသည်။

ထိုနေ့မတိုင်မီ တုန်းက လူငယ် လူသစ်များ ဖြစ်ကြသော ဒေါက်တာ စိုးထွန်း၊ သမ္မတ သင်္ကန်းတိုက်မှ ဦးခင်လှိုင်တို့ ဦးစီးပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သေးသည်။ အဆိုပါ မျက်နှာစုံညီ အစည်းအဝေးတွင် တက်ရောက်လာသော ပြည်ထောင်စု ဝန်ကြီးများ ဖြစ်သည့် ဦးဝင်းမြင့်နှင့် ဦးတင်နိုင်သိန်းတို့က နှစ်ဖက် ငြင်းခုံမှုများကို ဖြေရှင်းခဲ့ရသည်ဟု သိရှိထားပါသည်။

ထိုအဖြစ်အပျက်သည် လွန်ခဲ့သောနှစ် ၂၀ ခန့် တပ်မတော် အစိုးရ ခေတ်ကတည်းက ယခုအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင် အပါအဝင် ဒု ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများသည် အဆိုပါ အသင်းကြီး၏ ထိပ်သီး နေရာများကို တစ်ဆက်တည်း နေရာယူထားကြသူများ ဖြစ်သည်။

ယခုပင် သြဂုတ်လ ၁ ရက်နေ့ထုတ် သတင်းစာများတွင် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌ စာရင်းများ ထွက်လာပြီ ဖြစ်သည်။ အသက်အရွယ်အားဖြင့် ၇၀ ကျော်နေပြီ ဖြစ်ကြောင်း ရိုက်တာသတင်းမှ ဖော်ပြချက်အရ သိရှိရသည်။

ယခုကဲ့သို့ ထိပ်သီး ရာထူးများ ရယူထားခြင်းသည် Organization Structure အရဆိုလျှင် လူဟောင်း များက ထိပ်၌ ပိတ်ဆို့ခြင်း သို့မဟုတ် မျိုးဆက်သစ် လူသစ်တန်းများ နေရာ မရသည့် သဘောတရား ပင် ဖြစ်သည်။ ထိုကဲ့သို့ လူငယ် လူသစ်များက ယခုအခါ အဆိုပါ အခွင့်အရေးများ၊

ရာထူး နေရာများ၊ လက်ဆင့်ကမ်း ပြောင်းလဲ ပေးရမည့် အချိန်ကာလသို့ ကျရောက်နေပြီ ဖြစ်သော်လည်း ထိုကဲ့သို့ ဖြစ်မလာခြင်းကြောင့် ပဋိပက္ခ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု သုံးသပ်ရမည် ဖြစ်ပေသည်။

ထိုလူဟောင်းများက နေရာ မပေးလိုခြင်း၊ နေရာ ယူလိုခြင်းမှ အဆိုပါ အဖွဲ့အစည်း တစ်ခုတည်းတွင် မဟုတ်ပါ။ မြန်မာနိုင်ငံရှိ နေရာ တော်တော်များများတွင် ဖြစ်သော အစည်းအဝေးပွဲများ၊ မျက်နှာစုံညီ ပွဲများ၊ အဖွဲ့အစည်းများ၊ ရွေးချယ် တင်မြှောက်သည့် အခမ်းအနားများတွင်

ထိုလူအို၊ လူဟောင်းများ က ထိပ်ဆုံးတန်းများတွင် နေရာ ယူထားကြသည်ကို လူတိုင်း တွေ့ဖူးမည်ဟု ထင်မြင်မိပါသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းဆိုင်ရာ သဘောတရား Organization Structure ကို ပြင်ဆင်ရန် လိုအပ်သော အချိန်ကာလသို့ ယခုအခါ ဆိုက်ရောက်နေပြီ ဖြစ်ပါသည်။


နိဂုံးချုပ်ရလျှင် အထက်က ပြောခဲ့သည့် နိုင်ငံရေး ဥပမာဖြစ်သည့် Old wine in the new bottle, New wine in the old bottle ဖြစ်နေခြင်းကို ဖြေရှင်းရန် မည်သို့ပင် အခွင့်အရေး မရှိစေကာမှု Old Membership များ ပြည့်ကျပ်နေမှုနှင့် Young Government မဖွံ့ဖြိုးသော တိုင်းပြည်အတွက် ရင်လေးဖွယ် တွေ့ကြုံရမည့် အချက်ကို ပြင်ဆင် စဉ်းစားကြရန် ဆော်သြလိုခြင်းသာ ဖြစ်သည်။

သန်းစိုး (ဘောဂဗေဒ)
The Voice Weekly

No comments:

Post a Comment