Monday, August 19, 2013

ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ တွေ့ရှိဟုဆို


20.8.2013

မြန်မာလူမျိုးများ အဓိက စားသုံးနေသော ငါးပိတွင် ယူရီးယား ဓာတ်မြေသြဇာ ပါဝင်သည်ကို တွေ့ရှိရသည်ဟု စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice သို့ ပြောကြားသည်။

လုပ်ငန်းရှင် တစ်ဦးက ငါးပိနှင့် ပတ်သက်သော စီးပွားရေး လုပ်လိုသဖြင့် ဧရာဝတီတိုင်းတွင် ငါးပိ ဝယ်ယူနိုင်ရန် စားသုံးသူ ကာကွယ်ရေးအသင်းက ကူညီရာတွင် ငါးပိများ၌ ဓာတ်မြေသြဇာများ ထည့်သွင်း အသုံးပြုထားခြင်း ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၌ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန FDA၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် စားသုံးသူ ကာကွယ်ရေးအသင်းတို့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဆွေးနွေးမှုများအရ သြဂုတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့တော် ရှိ ညောင်ပင်လေးဈေးနှင့် ဒဂုံစင်တာသို့ သွားရောက်ကာ လေ့လာမှုများ စတင် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပမှ ကုန်စည်များ ဝင်ရောက်မှုကို လေ့လာရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး ပြည်တွင်းရှိ အစိုးရ မဟုတ်သော အသင်းအဖွဲ့များနှင့် အစိုးရတို့ ပူးပေါင်းကာ လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးဗအုပ်ခိုင်က ဆိုသည်။

ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ ဒုတိယ အဖြစ်အများဆုံး နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် စိမ်းစားငါးပိ၊ မျှင် ငါးပိ၊ ဒမင်း ငါးပိ၊ ရေကျို ငါးပိနှင့် ငါးပိကောင်များသည် အစားအများဆုံး ငါးပိများဖြစ်ပြီး ငါးကျည်း၊ ငါးခူ၊ ငါးရံ့၊ ငါးပြေမ၊ ငါးစင်ရိုင်း၊ ငါးခုံးမ စသည့် ငါးများကို ငါးပိ ပြုလုပ်ရာတွင် အသုံးပြုလေ့ ရှိသည်။

ငါးမှ ငါးပိဖြစ်ရန် လုပ်ဆောင်ရာတွင် ဈေးကွက်သို့ တင်ပို့နိုင်ရန် ပုံမှန် ခြောက်လမှ တစ်နှစ်အတွင်း ကြာမြင့်သဖြင့် ငါးအရိုး အလွယ်တကူ ဆွေးမြည့်စေရန်အတွက် အသီးအနှံ ကြီးထွားစေရန် အသုံးပြုသော ဓာတ်မြေသြဇာတွင် ပါရှိသည့် အက်စစ်ဓာတ်ကို အသုံးပြုခြင်း ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။

“အသီးအနှံကတော့ တစ်ဆင့် လူဆီ ကူးစက်တာလေ။ ငါးပိကျတော့ တိုက်ရိုက်ဆိုတော့ လူ့ခန္ဓာကိုယ်က ကလီစာတွေအတွက် စဉ်းစားသာ ကြည့်တော့” ဟု ၎င်းက ဆိုသည်။

ငါးပိတွင် ဓာတ်မြေသြဇာများ ပါဝင်သည် ဆိုသည့်အပေါ် ငါးပိ လုပ်ငန်းရှင် များက ၎င်းတို့ ငါးပိတွင် ဓာတ်မြေသြဇာ ပါဝင်ခြင်း မရှိကြောင်း စားသုံးသူ ကာကွယ်ရေး အသင်းသို့ လာရောက် ပြောကြားမှုများ ရှိကြောင်း၊ လာရောက် စစ်ဆေးစေလိုသည်ဟု ကမ်းလှမ်းထားသော်လည်း သွားရောက် စစ်ဆေးမည် မဟုတ်ဘဲ ဈေးကွက်အတွင်းရှိ ငါးပိများကိုသာ ရယူကာ ဓာတ်ခွဲခန်း သို့မဟုတ် FDA သို့ ပေးပို့ စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အသီးအရွက်များ ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရာတွင် အသုံးပြုသည့် ယူရီးယား ဓာတ်မြေသြဇာတွင် ပါဝင်သော Carcinogenic Activit သည် ကင်ဆာ ဖြစ်စေနိုင်သည်ဟု အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက The Voice သို့ ပြောကြားသည်။

စိမ်းစား ငါးပိနှင့် အခြား ငါးပိများတွင် ကင်ဆာ ဖြစ်စေနိုင်သော အနီရောင် ဆိုးဆေးများ သုံးထားသည် ကို စစ်ဆေး တွေ့ရှိရသဖြင့် ငါးပိ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများကို အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝ အသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက အမျိုးသား အစားအသောက် ဥပဒေအရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ၂၀၀၉ ခုနှစ်တွင် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment