Tuesday, August 20, 2013

ကြက်သား ဒန်ပေါက်



ကြက်ကို လေးစိတ် စိတ်၍ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ရေဆေးပြီး ထက်ပိုင်းပိုင်းထားသော ကြက်သားများကို ထည့်လိုက်ပါ။ ကြက်သားများကို နှပ်ထားရန် ဆား၊ဆနွင်းမှုန့်၊ ဒန်ပေါက်မာဆလာ၊ဒိန်ချဉ်၊ငရုတ်သီးအရောင်တင်မှုန့်၊ လေညှင်း၊ ဖာလာစေ့ ၊ဇာပွင့် ၊ကလာဝေရွက်၊သစ်ဂျပိုး၊ဇီယာ၊ဇီယာမှုန့်၊နံနံစေ့မှုန့်နှင့် ငရုတ်ကောင်း တို့ကို ထည့်ပြီး ရောနယ်ထားပါ။ ကြက်သွန်ဖြူနှင့်ဂျင်း ထောင်းပြီး အရည်ညှစ်ထည့် ပါ။သမအောင် ကြက်သားများကို နုယ်ပြီးလျှင် အနည်းဆုံး ၃နာရီခန့် ရေခဲသေတ္တာထဲတွင် နှပ်ထားပေးပါ။

ကြက်သားကို နှပ်ထားစဉ်အတွင်း ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာတွင် ဆန်စင်းပြီးကောင်းပါမည်။ နာရီဝက်ခန့် ရေစိမ်ပြီးလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ထားပါ။ထို့နောက် အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆန်များကို ထည့်မွှေပေးပါ။ဒန်ပေါက်ဆန် ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရပါမည်။ ဆန်များ တ၀က်ကျက်ပြီး အနည်းငယ် စင်းလာလျှင် မီးပိတ်၍ ဇကာဖြင့် ပြန်စစ်ထားပေးပါ။

ကြက်သွန်နီ များများကို ပါးပါးလှီးပြီး ဆီ၊ ထောပတ် နှင့်နီလာအောင် ကြော်ပြီး ဆီစစ်ထားပါ။ စစ်ထားသော ထမင်းနှင့် နှပ်ထားသောကြက်သားများကို တစ်လွှာစီ ထည့်ပါ။ အပေါ်မှ ကြက်သွန်ကြော်များကို ဖြူးပေးပါ။ပဲသီးစိမ်း၊ စပျစ်သီးခြောက်နှင့် သီဟိုစေ့များလည်း ထည့်ပါ။ ထို့နောက် ကြက်သားစိမ်ထားသော ဒိန်ချဉ်ရည် ဖျန်းပေးပါ။တခါ ထမင်း တစ်ထပ် ထပ်အုပ်ပါ။

ထမင်း ထည့်၍ ကုန်လျှင် ချက်ပြီးဆီ၊ ထောပတ်ဆီများကို နှံ့ အောင်လောင်းထည့် ပြီး အပေါ်မှ single cream (သို့)နွားနို့ အနည်းငယ် တောက်ပေးပါ။အပေါ်မီး အောက်မီးဖြင့်
မီးအပူချိန် Oven ၁၈၀ ဒီဂရီထားပြီ ၃၀ မိနစ် (သို့) ၄၀ မိနစ်ခန့် နပ်အောင် နှပ်ပါ။ အငွေ့ထွက်လာလျှင် မီးလျှော့၍ မီးအေးအေးဖြင့် နှပ်ထားပါ။ ထမင်းများနပ်ပြီး အိလာလျှင် သုံးဆောင်လို့ရပါပြီရှင်။
ချဉ်ပေါင်နှင့်ရုံးပတေသီးဟင်းချို၊ သခွါးသီး၊ကြက်သွန်နီ၊ပူစီနံ၊နံနံပင်၊ ငရုတ်သီးစိမ်းနှင့် သံပုရာသီးတို့ ညှစ်ပြီး နယ်ထားသောအချဉ်၊ သရက်သီး သနပ် တို့ဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment